မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် ၂၀၂၀ နှစ်သစ် ကြိုဆိုပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် တက်ရောက် ခဲ့ပြီး အများပြည်သူသို့ နှစ်သစ်ဆုတောင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်သည် သွေးကင်ဆာ ရောဂါဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလကတည်းက ဆေးကုသမှု ခံယူနေခဲ့ရာမှ ယခုကဲ့သို့ လူထုရှေ့ ပြန်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင် က “မန္တလေးသူ မန္တလေးသားတွေဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းတဲ့ မြို့ဖြစ်တယ်ဆိုတာ လက်ခံပါသလား၊ ကျနော်တို့ မန္တလေးတိုင်းကြီး အောင်မြင်တာ ဘယ်သူတွေကြောင့်လဲဆိုတာ သိလား၊ ခင်ဗျားတို့ကြောင်းမို့လို့ပါ၊ စည်းနဲ့ကမ်းနဲ့ နေတတ်တဲ့ ခင်ဗျားတို့ မန္တလေးသူ မန္တလေးသားတွေကြောင့်မို့လို့ ကျနော်တို့ ဒီလို အောင်မြင်တာပါ၊ ကျနော်တို့ ဆက်ပြီး အောင်မြင်တာ မြင်ချင်ပါတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ၂ လကျော်ကြာ ဆေးကုသမှုခံယူနေရသော ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် မြို့ခံလူထုနှင့် တွေ့ဆုံ၍ နှစ်သစ်ဆုတောင်းနှင့် ကျေးဇူးတင်စကား ပြောကြားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့ရှိ ချမ်းမြသာစည်လေဆိပ်တွင် ပြုလုပ်ခဲ့သည့် “ICJ သို့ သွားရောက်ရင်ဆိုင်ဖြေရှင်းမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံပွဲ” နှင့် ပတ်သက်၍လည်း မန္တလေးမြို့ပွဲသည် ကြီးကျယ်နားခမ်းနားသည့် ပွဲတစ်ခုဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ဒေါက်တာဇော်မြင့်မောင် က “၁၀ ရက်နေ့က လုပ်သွားတဲ့ထောက်ခံပွဲမှာ မန္တလေးကို မီတဲ့မြို့ ဘယ်မြို့မှ မရှိဘူး၊ ကျနော်ဆေးကုနေရင်းနဲ့ ကြည့်လိုက်တဲ့အခါ အဲဒီဟာကို မြင်ရတဲ့အတွက် ကျနော့်ရောဂါ တဝက်ပျောက်သွားတယ်၊ အဲဒီအတွက် ခင်ဗျားတို့အပေါ်မှာ ကျနော်ကျေးဇူး ရှိနေတယ်၊ ကျနော်တို့က ရိုးရာယဉ်ကျေးမှု အမွေအနှစ်လည်း ထိန်းသိမ်းတယ်၊ နိုင်ငံတကာ ယဉ်ကျေးမှုမှာလည်း ပါဝင်ပတ်သက်နိုင်တယ်ဆိုတာ အခုပွဲက ပြတာပဲ”ဟု ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်သည် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ဖြစ်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒုတိယဥက္ကဋ္ဌ လည်းဖြစ်ကာ ရုံးဖွင့်ရက်များတွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူလုပ်ကိုင်ပြီး ရုံးပိတ်ရက်များတွင် အာဏာရ အမျိုးသားသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ အနေဖြင့် ပါတီတာဝန်များ ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။
ထို့အပြင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံကျော်အဆိုတော် ၆ ဦး၏ တေးသီချင်း သီဆိုဖျော်ဖြေမှုများဖြင့် ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “လျှပ်တပျက် စီစဉ်လိုက်ရတဲ့ မြို့တော်သူမြို့တော်သားတွေနဲ့ အတူ နှစ်သစ်ကို ကြိုဆိုတဲ့ပွဲပါပဲ၊ ပြည်သူတွေ အတွက်လည်း ကျုံးဘေးမှာ အဆင်ပြေပြေနဲ့ နှစ်သစ်ကို ကြိုဆိုနိုင်ဖို့ စီစဉ်ခဲ့တာပါ၊ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုကတော့ ပြည်သူတွေ အပန်းဖြေစေဖို့ အတွက်ပါ၊ ကုန်ကျစားရိတ် အသက်သာဆုံးနဲ့ စီစဉ်ထားတာပါ၊ Countdown ကို ပြည်သူတွေနဲ့အတူ အားရပါးရ အော်ရင်း နှစ်သစ်ကို ကြိုဆိုကြတာပါ”ဟု ပြောသည်။
အဆိုပါ နှစ်သစ်ကြိုဆိုပွဲတွင် နိုင်ငံကျော် အဆိုတော်များ ဖြစ်သော မွန်းအောင်၊ Lဆိုင်းဇီ၊ ချစ်ဇွဲသာ၊ ဇော်မင်းဦးနှင့် အခြားအဆိုတော်များက တေးသီချင်းများ သီဆိုဖျော်ခဲ့ကြသလို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျင်းပသည့် ၂၀၂၀ နှစ်သစ်ကြိုဆိုပွဲသည် ဒုတိယ အကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။
အဆိုပါ နှစ်သစ်ကူးညတွင် အောင်မြေသာစံ မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီရုံး ဖြစ်မြောက်ရေး ရံပုံငွေဂီတ ဖျော်ဖြေပွဲအဖြစ် New Year Countdown Show Mandalay ဟု အမည်ပေးထားသည့် နှစ်သစ်ကူးည ဂီတဖျော်ဖြေပွဲကိုလည်း မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်း၌ ကျင်းပခဲ့ပြီး Iron Cross တီးဝိုင်းနှင့်အတူ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့ ပါဝင် ဖျော်ဖြေခဲ့ကြသည်။
မန္တလေးနှစ်သစ်ကူးညတွင် အများပြည်သူ လုံခြုံအေးချမ်းရေးအတွက် မန္တလေးခရိုင်အတွင်းရှိ ရဲအင်အား အပြင် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများနှင့် ပူးပေါင်းကာ အချိန်ပြည့် ဆောင်ရွက်ခဲ့သလို ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ရာတွင် ဆိုင်ကယ်၊ ကားများဖြင့် မန္တလေးခရိုင် နေရာအနှံ့ လှည့်လည်မည်ဖြစ်သလို လှည့်ကင်း၊ ပတ်ကင်းများဖြင့်လည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။