စစ်ကိုင်းတိုင်း ကလေး နည်းပညာတက္ကသိုလ်မှ ကျောင်းသား တာန်ဒါလ်းမွန်းမာန် သေဆုံးမှုအတွက် တာဝန်ကျ ဆရာဝန် များအား အရေးယူပေးရန် တောင်းဆိုထားမှုကို သက်ဆိုင်ရာမှ အရေးယူ ဆောင်ရွက်ခြင်း မရှိပါက ချင်းတက္ကသိုလ် ကျောင်းသား ၁၆ဖွဲ့က လိုအပ်သလို ပြတ်သားစွာ တုန့်ပြန်မည်ဟု ပြောဆိုလိုက်သည်။
ချင်းတက္ကသိုလ်ကျောင်းများ အဖွဲ့အစည်း ၁၆ဖွဲ့၏ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ မလျာညောင်ဘွဲ့က “လောလောဆယ် အနေနဲ့ ကျမတို့ သတ်မှတ်ထားတဲ့ ၅ရက်ပြီးသွားလို့ရှိရင် ကျောင်းသားတွေ စုပြီး ဆန္ဒပြတာမျိုးတွေ ဆေးရုံရှေ့အထိပေါ့။ အဲ့လိုမျိုးတွေ စီစဉ်ထားတာတော့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၆ရက် ည ၁၁နာရီကျော်က စက်မှုစွမ်းအင် ပဉ္စမနှစ်ကျောင်းသား ကျောင်းသား တာန် ဒါလ်းမွန်းမာန် ည် ကလေးမြို့မ ဈေးကွေ့အနီး လမ်ပေါ်၌ ဆိုင်ကယ် မတော်တဆဖြစ်ကာ ကလေးဆေးရုံသို့ ရောက်ခဲ့သော်လည်း နောက်တနေ့ နေ့လယ် ၂နာရီခန့်တွင် သေဆုံးသွားသည်။
ထိုဖြစ်ရပ်၌ ကလေးမြို့ ပြည်သူ့ဆေးရုံ၏ တာဝန် လစ်ဟင်းမှုကြောင့် ဆိုသည့် လူမှုကွန်ရက် သတင်းများကြောင့် ဆေးရုံ အုပ်ကြီးနှင့် တာဝန်ကျဆရာ၊ ဆရာမက ဇန်နဝါရီ ၂၉ရက် ကလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး ၌ သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။
ယင်းရှင်းလင်းပွဲတွင် မီဒီယက လူနာ တာန်ဒါလ်းမွန်းမာန်သည် ဆေးရုံရောက်ရှိချိန် သတိရှိနေသော်လည်း အဘယ်ကြောင့် ထိုသို့ မြန်မြန် သေဆုံးသွားရသနည်းဟု မေးမြန်းရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ လှကျော်က လူနာမှာ ခေါင်း ထိသွားခြင်းကြောင့် ဦးခေါင်ခွံကွဲသွားပြီး ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်ခဲ့ကြောင်း၊ ထိုသွေးယိုစီးမှုမှ တဆင့် သွေး များ ခဲသွားခဲ့ပြီး ယင်းသွေးခဲများက ဦးနှောက်ကို ပြန်ဖိသွားခြင်းကြောင့် အသက်ဆုံးရှုံးရခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေ ရှင်းခဲ့ သည်။
ဆေးရုံအုပ် ဒေါက်တာအောင်မျိုးဝင်းကလည်း “လူနာရောက် လာတယ်၊ အရေးပေါ်ဌာနကို လူနာဝင်လာတယ်။ ဆရာဝန် က ကြည့်တယ်၊ စမ်းသပ်တယ်။ စစ်ဆေး တယ်။ သူ့ကို တင် သင့်တဲ့ ခွဲစိတ်ဆောင်ကို တင်တယ်။ ခွဲစိတ်ဆောင်မှာ တာဝန် ကျတဲ့ ဆရာဝန်ရှိတယ်။ ဆရာမရှိတယ်။ သူတို့က ကုတင် နေရာချထားတယ်။ စမ်းသပ်တယ်။ စစ်ဆေးတယ်။ သွေး စစ် တယ်။ အဲ့နောက် သူ့ကို လိုအပ်တဲ့ဆေးတွေ ကျနော်တို့ ထိုး တယ်။ သတင်းပို့သင့်တဲ့သူဆီ ကျနော်တို့ သတင်းပို့တယ်။ ဆွေးနွေးတယ်။ နောက်နေ့ကျရင် စီတီရိုက်မယ်ပေါ့။ နောက်နေ့ စိတ်မကောင်းစွာနဲ့ သေဆုံးသွားတယ်”ဟု ရှင်းခဲ့သည်။
ယင်းသတင်းစာရှင်းလင်းပွဲပါ ပြောဆိုရှင်းလင်းချက်များကို ချင်းတက္ကသိုလ် ကျောင်းသားများ အဖွဲ့အစည်း ၁၆ဖွဲ့က လက် မခံနိုင်သဖြင့် အရေးပေါ် အစည်းအဝေးပြုလုပ်ကာ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ပူးတွဲကြေညာချက် တစောင် ထုတ်ပြန် ခဲ့သည်။
ပူးတွဲကြေငြာချက်တွင် ဆေးရုံအနေဖြင့် ဦးခေါင်းအတွင်းကြေသည့် လူနာကို Basic Checking သာ လုပ်ပြီး ဆေးရုံ၏ လုပ် ထုံး လုပ်နည်းနှင့် အညီ အမြန်ဆုံးနှင့် အထိရောက်ဆုံး ကုသမှုများမပေးခဲ့ကြောင်း၊ လိုအပ်ပါက သက်ဆိုင် ရာ အဆင့်မြင့် ဆေးရုံသို့ စနစ်တကျ လွဲပြောင်းပေးရန် စောင့်ကြည့်ကုသမှု မရှိသည့်အပြင် မိုးလင်းသည့်အချိန်ထိ ဓာတ်မှန်ပင် မရိုက်ပဲ ထားရှိခဲ့ကြောင်း၊ ခွဲစိတ်ဆောင် ရောက်ရှိသည့် အချိန်မှစ၍ မနက် (၈း၀၀)နာရီအထိ လိုအပ်သော ဆေးကုသမှု မရရှိခဲ့ သည့် အတွက် Accident and Injury Prevention Law ကို ချိုးဖောက်ကြောင်း ထင်ရှားစွာ တွေ့ရှိရ သည်ဟု ဆိုထား သည်။
ထို့အပြင် လူနာ၏ ဆေးကုသမှု မှတ်တမ်းအရ ဇန်နဝါရီလ (၂၆) ရက်နေ့ ညအရေးပေါ် ဌာနတွင် လူနာအား မေးခိုင် ကာ ကွယ်ဆေး (ATT)၊ အကိုက်အခဲပျောက်ဆေး(Diclofenac)၊ သွေးတိတ်ဆေး ပေးခဲ့ ကြောင်း၊ ခွဲစိတ်ကုသဆောင်၌ သွေး ပေါင်ချိန်ပေးခြင်းမှလွဲ၍ တခြားလိုအပ်သော ဆေးကုသမှု မရရှိခဲ့ကြောင်းနှင့် ဇန်နဝါရီ လ (၂၇) ရက်နေ့ နံနက်(၉း၀၀) နာရီ ခန့်တွင် တာဝန်ခံမည့် လူနာရှင်ပေါ်ပေါက်လာမှသာ Ceftriaxone၊ NS၊ Mannyl တို့ဖြင့် ကုသပေးခဲ့သော်လည်း နေ့လည် (၂း၃၀) နာရီတွင် CT Scan ဖတ်ရန် ပြောကြားလာသောအခါ လွန်စွာ နောက်ကျ သွားခဲ့သည်ကို တွေ့ရှိရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပြင်ပလူနာဌာနမှ ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် အရေးပေါ်လူနာအဖြစ် သတ်မှတ် လွဲပေးလိုက်သည့် တညလုံး သွေးထွက် လွန်နေသည့် လူနာအား ခွဲစိတ်ကုသဆောင်၌ ညတာဝန်ကျသော ဒေါက်တာ တင်လင်းအောင်၊ သူနာပြု ဆရာမ ဒေါ်လေး လေးဖြူနှင့် ဆရာမ ဒေါ်ကေငိုင်ကိမ်းတို့မှ ပေါ့ဆစွာဖြင့် ဓါတ်မှန်ရိုက်စေခြင်းပင်မရှိ၊ လိုအပ်သည့် ဆေးကုသမှုမရှိ၊ အတွင်း သွေးယိုခြင်းနှင့် တညလုံး သွေးထွက် လွန်ခြင်းကို လျစ်လျူရှုထားသည့်အတွက် ၎င်းတို့အပါအဝင် ခွဲစိတ်ကုသဌာန တာဝန်ခံကြီးကြပ်သူ အထူးကုဆရာဝန်ကြီး ဒေါက်တာလှကျော်၊ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းတို့၏ အဖြစ်မှန် အား ဖုံးကွယ်သည့် လုပ်ရပ်တို့ကို ပြင်းထန်စွာရှုတ်ချသည်ဟုလည်း ဖော်ပြထားသည်။
ထို့အတွက် နည်းပညာတက္ကသိုလ် ကျောင်းသား တာန်ဒါလ်းမွန်းမာန် ဆိုင်ကယ် မတော်တဆမှုကြောင့် ကလေးဆေးရုံ ရောက်စဉ် အချိန် ၉နာရီကျော်ကြာ လျစ်လျူရှုခံရသဖြင့် သေဆုံးသွားသည့်အတွက် တာဝန်ကျ ဆရာဝန်များအား ဆေး ဘက်ဆိုင်ရာ ဥပဒေ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄(က) အရ အရေးယူ ဆောင်ရွက်ပေးရန်၊ မြန်မာနိုင်ငံလုံးရှိ ယခုကဲ့သို့ အခွင့်အရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုတွင် အကျင့်ပျက် ကျန်းမာရေး ဝန်ထမ်းများအား စုံစမ်းစစ်ဆေးပြီး ထိထိရောက် ရောက် အရေးယူပေးရန် တောင်းဆိုထားသည်။
အလားတူ နိုင်ငံပိုင် ဆေးရုံအများစုတွင် မရှိသည့် အရေးပေါ် အသက်ကယ် ဘတ်ဂျက်များကို လုံလောက် စွာ ထားရှိပေး ရန်၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး ဘတ်ဂျက်ကို နိုင်ငံတော်အစိုးရ အထွေထွေ အသုံးစရိတ်၏ အနည်းဆုံး ၁၀ရာခိုင်နှုန်း အထိ တိုးမြှင့် သတ်မှတ်ပေးရန်နှင့် ဆေးရုံတွင် လူနာများအတွက် အမှန်တကယ်အသုံးပြုရန်တို့ကိုလည်း ထည့်သွင်း တောင်းဆိုသည်။
ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့အစည်း၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်း က ၎င်းအနေဖြင့် မည်သို့မှ သဘောထားမရှိကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကလည်း အစီရင်ခံစာ တောင်းပြီး စစ်ဆေးမည်ဟု ထင်ကြောင်း၊ ဒီမိုကရေစီအရ လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည် ဆိုထားသော်လည်း လွန်ကျူးမှု ဖြစ်လာပါက ဥပဒေအတိုင်း သွားမည်ဟု ချင်းသတင်းဌာန Zalenသို့ ဖြေကြားထားသည်။
ထို့အပြင် ၎င်းတို့ဆေးရုံအနေဖြင့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာအတွက်မဆို ဆေးရုံရှိသည့် လူ၊ ပစ္စည်း များနှင့် တတ်စွမ်းနိုင်သလောက် လုပ်ကိုင်ပေးနေသည်ဟုလည်း ဆေးရုံအုပ်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။
You may aslo like these stories:
ဦးဝှေ့တင်း လွတ်မြောက်ရေး လွှတ်တော်တွင် စတင် တောင်းဆို
AA ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့ တောင်းဆို