အတိုက်အခံ အင်အားကြီး ပါတီတခု ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ၎င်းတို့၏ ပါတီခေါင်းဆောင် ဦးသန်းဌေး၏ ဓါတ်ပုံများကို တနိုင်ငံလုံးရှိ ပါတီရုံးရှေ့ များတွင် လိုက်ထူနေချိန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က ယင်းအချက်ကို ကန့်သတ်ကြောင်း စာပို့လာသဖြင့် မကျေနပ်ကြောင်း ပြောသည်။
ပါတီအားလုံး လိုက်နာရန်ဟုဆိုကာ မှတ်ပုံတင်ခွင့် ရရှိထားသည့် ပါတီအမည်၊ တံဆိပ်တို့မှ လွဲ၍ အခြားသော ဓါတ်ပုံများ ထည့်သွင်းခြင်း၊ မဲဆွယ်စည်းရုံးသည့် သဘော သက်ရောက်သော စာသားများ၊ လူပုဂ္ဂိုလ် ဓါတ်ပုံများ၊ အမှန်ခြစ် လက္ခဏာ များ ထည့်သွင်းခြင်း မပြုလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က ညွှန်ကြားချက် တစောင် ထုတ်ပြန်ခဲ့သည်။
ယင်းညွှန်ကြားချက်သည် ပါတီအားလုံးကို ပေးပို့လိုက်သော်လည်း ၎င်းတို့၏ ကြံ့ခိုင်ရေးပါတီကို ဦးတည်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့က ဦးလှသိန်း၏ ကော်မရှင်ကို မယုံကြည်ဘူးဟု ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဧရာဝတီသို့ ပြောသည်။
“ပြည်ခိုင်ဖြိုးလုပ်မှ ညွှန်ကြားချက်လုပ်တာမျိုးဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး။ မျှတတဲ့လုပ်ရပ် မဟုတ်ဘူး။ နောက်တခါ ပြည်သူကိုလည်း သိသင့် သိထိုက်တာကို အသိမပေးချင်တဲ့ သဘောမျိုး ဖြစ်တယ်။ ဒါဆိုရင် ကျနော်တို့ပါတီ ဒီလို မဆောင် ရွက်ခင်တုန်းက တချိန်တုန်းက NLD ပါတီ လုပ်နေတုန်းကရော ဘာဖြစ်လို့ ညွှန်ကြားချက် မထုတ်ခဲ့တာလဲ”ဟု ဒေါက်တာ နန္ဒာလှမြင့်က မေးခွန်းထုတ်သည်။
၎င်းက ဆက်၍“ပြည်သူက ကိုယ်မဲပေးမယ့် ပါတီရဲ့ ခေါင်းဆောင်ကိုသိဖို့ လိုတယ်။ ကိုယ့်ကိုယ်စားလှယ်ကို သိဖို့လိုတယ်။ ကိုယ်ရွေးချယ်မယ့်ပါတီက ပြည်သူကို ဘာလုပ်ပေးမှာလဲဆိုတဲ့ ကတိစကားကတော့ သိဖို့ လိုတယ်။ ဘာမှမပြောဘဲနဲ့ ကျနော်တို့ ပေးချင်တာပေးလို့ရအောင် ပြည်သူအနေနဲ့လည်း သူတို့ရဲ့ အခွင့်အရေးအရ သူတို့မှာ သိခွင့်ရှိတယ်”ဟု ပြော သည်။
ဧပြီလ ၆ ရက်နေ့က ပါတီအားလုံးထံသို့ ယင်းထုတ်ပြန်ချက်ကို ဖြန့်ဝေထားသည်မှာ မှန်ကန်ကြောင်း၊ လိုအပ်ချက်အရ ပါတီ အားလုံးထံသို့ ပို့ပေးရခြင်း ဖြစ်ကြောင်း UEC မှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောသည်။
ဦးခင်မောင်ဦးက “အခုကတော့ နိုင်ငံရေး ပါတီ အားလုံးကို ပို့တာပေါ့။ ဒီကိစ္စလေးတွေကို ပါတီအားလုံးကို Issues အလိုက် ပို့ပေးတာပေါ့။ ဒါကို ယူဆချက်တွေနဲ့ ပြောကြဆိုကြတာတော့ ရှိပါတယ်။ ဒါတွေက ကျနော်တို့နဲ့ တိုက်ရိုက် မဆိုင် ဘူးပေါ့နော်”ဟု ပြောသည်။
ကော်မရှင်၏ ယခုလို သဘောထား ထုတ်ပြန်ချက်ကို လိုက်နာရမည် ဖြစ်ကြောင်း၊ ကော်မရှင် ထောက်ပြသည့် အချက်များ ထဲတွင် သတိထားရမည့် ကိစ္စများ ပါဝင်နေပြီး ရွေးကောက်ပွဲရက် မကြေညာသေးမီ၊ ရွေးကောက်ပွဲကာလ မဟုတ်သေးချိန် တွင် ယခုလို စည်းရုံးရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို သတိထားရမည် ဖြစ်ကြောင်း NLD ပါတီ၏ ဗဟို သတင်း ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
“အဓိကကတော့ အလွန်အကျွံ မဖြစ်ဖို့ အရေးကြီးတာပဲ။ ပါတီရုံးတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကတော့ အမြဲတန်း ရှိနေကြ တာပဲလေ။ ဒီဟာကို တသီးတခြား ထောက်ပြတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ အလွန်အကျွံ မဖြစ်ရင် ပြီးတာပဲ။ ပါတီဆိုင်းဘုတ်တွေမှာ သတ်မှတ်ထားတာပဲထားပေါ့။ တခြားဟာမပါရင် ပြီးတာပဲ။ ဒါကို သတိထားရမယ်လို့ ထင်တယ်”ဟု ၎င်းက ပြောသည်။
ရခိုင်အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးဖေသန်းကလည်း ရွေးကောက်ပွဲ ကော်မရှင်၏ အမိန့် ညွှန်ကြား ချက်မှာ မှန်ကန်သည်ဟု ထင်မြင်ကြောင်း ပြောသည်။
ဦးဖေသန်းက “ဒါကတော့ အရင်မဲဆွယ်တဲ့ ကာလမှာလည်း ဒါမျိုးတွေ တွေ့ ဖူးတယ်။ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဦးသိန်းစိန်ပုံတွေနဲ့ လုပ်ခဲ့တာတွေ ရှိတယ်။ NLD ပါတီကလည်း ဗိုလ်ချုပ်အောင်ဆန်းပုံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေနဲ့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါတွေက မှတ်ပုံတင်ထားတဲ့ ပါတီ၊ အလံ၊ လိုဂိုတွေထက် ပိုပြီးတော့ လုပ်တယ်ဆိုတာ ကတော့ မသင့်တော်ဘူးလို့ ကျနော်တို့ဘက်က မြင်ပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် လပိုင်းများတွင် ၎င်းတို့ပါတီ၏ ခေါင်းဆောင် ဥက္ကဌ ဦးသန်းဌေး၏ ဓာတ်ပုံနှင့် ၎င်းတို့ ပြည်သူကို ပေးချင်သည့် ကတိကဝတ်ပါ စာသားများ ပါဝင်သည့် Message ကို ပါတီ မြို့နယ်ရုံးများ၏ ရုံးနယ်နိမိတ်ထဲတွင် လိုက်ထောင်လျက်ရှိရာ ယခု ညွှန်ကြားချက်အရ လိုက်ဖြုတ်ရတော့မည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီက ပြောသည်။
“အခု ကျနော်တို့ ဒါတွေဖြုတ်မယ်ဆိုရင် ပြည်သူက ပြည်ခိုင်ဖြိုး ဘာလုပ်ပေးမယ် မသိတော့ဘူး။ NLD ပါတီ ဘာလုပ်ပေး မလဲ မသိတော့ဘူး။ ကျနော်တို့ရုံးတွေမှာ သူတို့ လေ့လာလို့ မရတော့ဘူး။ ခေါင်းဆောင်ဘယ်သူလည်းဆိုတာလည်း သူတို့သိနိုင်မှာ မဟုတ်တော့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပြည်သူတွေတွက်ပဲ နစ်နာတယ်လို့ ကျနော်တော့ ဒီလိုပဲမြင်တယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
သို့သော် ပါတီအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်များကို လိုက်နာသွားမည် ဖြစ်ကြောင်း ၎င်း က ပြောသည်။
“ကျနော်တို့က ဥပဒေနဲ့အညီ ညွှန်ကြားလာတယ်ဆိုရင် မလိုက်နာဘူးလို့ မငြင်းပယ်ဘူး။ ကျနော်တို့သည် နိုင်ငံရေး ပါတီ အဖွဲ့အစည်းဖြစ်တယ်။ ကျနော်တို့ကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကမှ ဆောင်ရွက်လာတယ်ဆိုရင် ဥပဒေနဲ့ အညီဆောင်ရွက်ရမှာ ကျနော်တို့နားလည်တယ်။ သို့သော် ညီမျှဖို့လိုတယ်။ မျှမျှတတဖြစ်ဖို့လိုတယ်။ ပြီးတော့ အဓိပ္ပယ်ရှိဖို့လည်းလိုတယ်”ဟု ဒေါက်တာ နန္ဒလှမြင့်က ပြောသည်။
ယခု နောက်ဆုံး ထုတ်ပြန်ချက်ကို အလေးထား လိုက်နာဆောင်ရွက်ရန်နှင့် ယခင် စိုက်ထူပြီး ဖြစ်သည့် ပါတီဆိုင်းဘုတ်များ ကိုလည်း ယခု ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရန် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၁၂၈ ရှိပြီး တည်ဆဲပါတီမှာ ၉၇ ပါတီ ရှိကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က အနိုင်ရရှိသဖြင့် လက်ရှိ အစိုးရအဖွဲ့ကို ဦးဆောင်လျက်ရှိသည်။