နိုင်ငံတကာအထိ လူသိများနေသော မြန်မာအနုပညာရှင် တဦးဖြစ်သည့် မော်ဒယ်လ်၊ သရုပ်ဆောင်ပိုင်တံခွန်က စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြသသည့် ဓာတ်ပုံတပုံကို ၎င်း၏ ကိုယ်ပိုင် လူမှုကွန်ရက်တွင် ဖော်ပြထားပြီး လူကြိုက်များလျက်ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်္ကျီဝတ်ထားပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပိတ်ပင်ထားသော စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အမှတ်အသားဖြစ်သည့် လက်သုံးချောင်းထောင်လျက် ဓာတ်ပုံကို လူမှုကွန်ရက်တွင် ယနေ့ တင်ခဲ့ခြင်းဖြစ်သည်။
နာရီပိုင်းအတွင်းတွင် အဆိုပါဓာတ်ပုံကို မျှဝေသူ ၁၈,၀၀၀ ကျော်၊ နှစ်ခြိုက်ကြောင်း ပြသသူ ၄ သိန်းကျော်နှင့် မှတ်ချက်ပေးသူ ၂၅,၀၀၀ ကျော်ရှိခဲ့သည်။
ပိုင်တံခွန်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာ စတင်သိမ်းစဉ်ကတည်းက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ဖော်ပြခဲ့သည့် အနုပညာရှင်တဦးလည်း ဖြစ်သည်။
အာဏာသိမ်းမှုနှင့် ပတ်သက်သည့် သူ၏ သဘောထားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် “ဒီလိုကာလတွေမှာ တကယ်ကြပ်တည်းနေတဲ့ ပြည်သူတွေကိုပဲ သနားတယ်ဗျာ” ဟု စတင်မျှဝေခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ပို့စ် လေးကြိမ်တင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပါ ပရိုဖိုင်ပုံကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
လက်ရှိဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှု အခြေအနေ အရပ်ရပ်အပေါ် ဆန့်ကျင်သည့် ပို့စ်များကို ဆက်တိုက် တင်နေခြင်းကြောင့် သူ၏ Facebook မှာ Lock ကျသွားပြီး ယခုအခါ ဖေ့ဘွတ်ခ်စာမျက်နှာ Facebook Page ဖြင့် ဆက်လက် မျှဝေနေခြင်းဖြစ်သည်။
You may also like these stories:
“ဖဲကြိုးနီ လှုပ်ရှားမှု”ကို ထောက်ခံကြောင်း ပြသခဲ့တဲ့ နီနီခင်ဇော်
မြန်မာနိုင်ငံ ဂီတအစည်းအရုံးအား ဂီတအသိုင်းအဝိုင်းမှ ကန့်ကွက်မှု ပြုလုပ်