သတင်း

စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးဖို့ ဩစတြေးလျတောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာအကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနဲလ်ကို ချက်ခြင်း ပြန်လွှတ်ရန် သြစတြေးလျတပ်မတော် ဒုတိယကာကွယ်ရေးဦးချုပ်က အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်သည်။

သြစတြေးလျ ဒုတိယတပ်မတော်ကာကွယ်ရေးဦးချုပ် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး David Johnston AO Ran က မြန်မာ့တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ ဖေဖေါ်ဝါရီ ၂၂ ရက် ဖုန်းဆက် တောင်းဆိုခြင်းဖြစ်ကြောင်း သြစတြေးလျသတင်းထောက် Stephen Dziedzic က ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

သြစတြေးလျ ဒုကာကွယ်ရေး ဦးစီးချုပ်က ပါမောက္ခ ရှောင်တာနဲလ်အား ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန် ပြောကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အာဏာပိုင်များက အင်အားအလွန်အကျွံသုံးကာ အကြမ်းဖက်နှိမ်နင်းမှုအပေါ် ဆန့်ကျင်သည်ဟု ပြောဆိုခဲ့ကြောင်း သြစတြေးလျအခြေစိုက်သတင်းထောက် Stephen Dziedzic အဆိုအရ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက် မြန်မာစစ်ကောင်စီမှ ထုတ်ဝေနေသည့် Global New Light of Myanmar သတင်းစာတွင်မူ ဒုတပ်ချုပ်နှစ်ဦး ဖုန်းဖြင့် စကားပြောခဲ့သည်ကို ဖော်ပြသော်လည်း ပါမောက္ခ ရှောင်တာနဲလ် လွတ်မြောက်ရေး သြစတြေးလျ တောင်းဆိုချက်ကို ဖော်ပြမထားဘဲ မြန်မာဒုတပ်ချုပ်၏ ပြောဆိုချက်များကိုသာ အသားပေးဖော်ပြထားသည်။

ပါမောက္ခ ရှောင်တာနဲလ် သည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Macquarie တက္ကသိုလ်မှ စီးပွားရေးဘာသာရပ်သင် ပါမောက္ခတစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးမူဝါဒဆိုင်ရာ အကြံဉာဏ်များပေးနေသူလည်း ဖြစ်သည်။

တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းလိုက်ပြီးနောက်တွင် ၎င်းကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးပေ။

ပါမောက္ခ ရှောင်တာနဲလ်၏ မိသားစုဝင်များကမူ ၎င်းကို မြန်မာအာဏာပိုင်များက အပြစ်မရှိဘဲ ဖမ်းဆီးထားသည့် အပေါ် စိုးရိမ်ပူပန်နေရကြောင်း အင်္ဂလိပ် – မြန်မာ ၂ ဘာသာဖြင့် စာရေးကာ ဖေဖော်ဝါရီလ ၈ ရက်တွင် Facebook လူမှုကွန်ရက်၌ တောင်းဆိုထားသည်။

ဩစတြေးလျနိုင်ငံရှိ သူ၏ မိသားစုထံ ပြန်နိုင်ရန်အတွက် ရှောင်တာနဲလ်ကို ထိန်းသိမ်းထားခြင်းမှ ချက်ချင်း ပြန်လွှတ်ပေးရန်တောင်းဆိုကြောင်း မိသားစုဝင်များက ထုတ်ပြန်သည့်စာတွင် ရေးသားထားသည်။

You may also like these stories:

ရန်ကုန်တွင် လုံခြုံရေး တားဆီးမှုများရှိသော်လည်း ပြည်သူများ ဆက်လက်ဆန္ဒပြ

CRPH ကုလ အထူးသံတမန်များအဖြစ် ဒေါက်တာဆာဆာနှင့် ဦးထင်လင်းအောင်ကို တာဝန်ပေး

စစ်တပ်ပိုင် မြဝတီဘဏ် ငွေလက်ကျန်နည်းလာ၍ ထုတ်ပေးရန် အခက်အခဲဖြစ်လာ

Loading