ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာအချို့၏ နယ်မြေများအတွင်း စစ်ကောင်စီဘက်မှ စစ်ရေး လှုပ်ရှားမှုများ ပိုတိုးလုပ်ဆောင်လာ သဖြင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်။
တပ်မဟာ ၅ အခြေစိုက်ရာ KNU မူတြော် (ဖာပွန်) ခရိုင် ပြောခွင့်ရ ပဒိုမန်းမန်းက မြေပြင်အခြေအနေ အသေးအစိတ်ကို ၎င်းအနေဖြင့် မပြောနိုင်သော်လည်း လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တပ်မဟာ ၅ ကို စစ်ဆင်နိုင်ရန် အကြို ဗျူဟာခင်းမှုများ ဆောင်ရွက်သည့် အနေဖြင့် တပ်အင်အားများ တိုးနေကြောင်း ပြောဆိုသည်။
၎င်းက “အခုက D-Day လိုဟာမျိုး သတင်းတွေ ထွက်တာရှိတော့ သူတို့ဘက်က ထိုးစစ်ဆင်ဖို့အတွက် ဗျူဟာလာခင်း တယ်လို့ပဲ ယူဆပါတယ်။ စစ်ကောင်စီဘက်က သူတို့ရဲ့ ထိုးစစ်သဘော လုပ်နေတာကတော့ သူတို့ ကိုယ်တိုင်တင် မဟုတ် ဘဲနဲ့ BGF ကိုပါ ခေါ်သုံးပြီးတော့ ကရင်အချင်းချင်း ပြန်ပစ်တယ်ဆိုတာမျိုး ဖန်တီးနေတယ်” ဟု ပြောသည်။
တပ်မဟာ ၅ သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များနှင့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် (CDM) ပါဝင်နေသူများအား ခိုလှုံခွင့်ပေးထားသဖြင့် စစ်ကောင်စီဘက်က စစ်ဆင်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်ဟုလည်း ပဒိုမန်းမန်းက သုံးသပ်သည်။
စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရပ်ကွက်များမှ လာသည့် အချက်အလက်များအရလည်း စစ်တပ်သည် KNU တပ် မဟာ ၅ နှင့် တပ်မဟာ ၁ ကို စစ်ဆင်တိုက်ခိုက်ရန် ဆန္ဒရှိနေပြီး တပ်မဟာ ၅ ကို အဓိကထား၍ တိုက်ခိုက်ချင်နေ ကြောင်း သိရသည်။
ထို့ပြင် မကြာသေးမီ ရက်ပိုင်းက ထွက်ပေါ်ခဲ့သည့် KNU ကို ထိုးစစ်ဆင်ရန် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မွန်ပြည်နယ်၊ သထုံမြို့ရှိ တပ်မ ၄၄ သို့ ရောက်ရှိနေသည် ဆိုသောသတင်းများ ထွက်ပေါ်ခဲ့ သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ မမှန်ကန်ကြောင်း စစ်ကောင်စီဘက်က ငြင်းဆိုထားပြီး ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နေပြည်တော်တွင်သာ ရှိနေကြောင်း စစ်တပ် ထိပ်တန်းအရာရှိတဦးက ပြောသည်။
စစ်ကောင်စီတပ်များနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ စစ်သားများသည် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲသို့ စစ်အင်အား တိုးချဲ့မှုများ ရှိနေကြောင်း၊ မကြာသေးမီ ရက်ပိုင်းကပင် BGF တပ်ဖွဲ့ဝင်များ မဲသဝေါရွာဘက်သို့ ရောက်ရှိလာပြီး KNU တပ်မဟာ ၅ နယ်မြေဘက်သို့ ဆက်လက် ထွက်ခွာသွားကြောင်း ကရင်သတင်း ဌာနတခု ဖြစ်သည့် Salween Press က ရေးသားထားသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်နယ် (၂) မှ ဗိုလ်မှူးစောတင်ဝင်းကမူ စစ်တပ်နှင့် BGF ပူးပေါင်းကာ KNU တပ်မဟာ ၅ ကို စစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဆိုသည့် ပြောဆိုချက်များအား ငြင်းဆိုသလို မဲသဝေါရွာသို့ BGF တပ်ဖွဲ့ဝင်များ ရောက်နေခြင်းမှာလည်း တပ်အပြောင်းအလဲလုပ်ရန် ရောက်နေခြင်းသာ ဖြစ်ကြောင်း တုန့်ပြန်ပြော ဆိုသည်။
၎င်းက “မဲသဝေါက ကိစ္စလည်း ဘာမှမဟုတ်ဘူး။ တပ်ချိန်းတာ BGF တပ်တွေ ကိုနိုင်မောင်ဇော်တို့ သူတို့တပ်တွေ မြဝတီ ကို ပြန်လာမှာမို့ ဒီကတပ်နယ် (၂) က အဖွဲ့တွေ တပ်ချိန်းတာ ဒါပဲရှိတယ်” ဟု ပြောသည်။
KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့်လည်း ကရင်အချင်းချင်း တိုက်ခိုက်မှုများ မဖြစ်စေရန် ညှိနှိုင်းဆွေးနွေး ထားသဖြင့် BGF အနေဖြင့် KNU ကို တိုက်ခိုက်ရန် မရှိကြောင်း ဗိုလ်မှူးစောတင်ဝင်းက ပြောသည်။
BGF ဘက်က KNU ကို တိုက်ခိုက်ရန် မရှိဟု ပြောဆိုနေသော်လည်း KNU တပ်မဟာ ၅ ဘက်ကမူ ၎င်းတို့နယ်ထဲသို့ BGF တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပါက ခုခံကာကွယ်သွားမည်ဟု ဆိုသည်။
ပဒိုမန်းမန်းက “သူတို့ ဒီဘက်နယ်မြေကို ရောက်လာရင်တော့ ခုခံတော်လှန်မှုတွေ ရှိလာရင်တော့ တိုက်ပွဲတွေကတော့ ဖြစ် လာမှာပဲ။ ဒါတင်မကဘူး။ ကျနော်တို့ သတင်းကြားတာကတော့ PDF တွေရော၊ CDM ရှိတဲ့ နေရာတွေကိုရော လိုက်လံရှင်း လင်းကြမယ် ဆိုတော့ အားလုံးကတော့ ပြန်ခုခံတုန့်ပြန်ရမယ့် အခြေအနေမှာ ရှိပါတယ်” ဟု မှတ်ချက်ပြုသည်။
ဩဂုတ် ၂၃ ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များနှင့် KNU လက်အောက်ခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ တို့အကြား သောင်ရင်းမြစ် အထက်နားရှိ ညာတခူးကျိုးဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုးက “ပြောက်ကျား တိုက်ပွဲလေး တွေတော့ ဖြစ်တယ်။ ဒီနေ့မနက်လည်း ဖြစ်တယ်။ ဖြစ်တာက သံလွင်မြစ်ကမ်း မဲသလောက်ချောင်း အထက်နားမှာ ဖြစ် တယ်။ ထိတွေ့တိုက်ပွဲပေါ့။ ဒီဘက်က တချက်နှစ်ချက်လောက်ပစ်ပြီး ပြန်ဆုတ်တာပေါ့။ တိုက်ပွဲကတော့ မိနစ်ပိုင်းလောက် ပဲ ဖြစ်တယ်။ ကျနော်တို့ဘက်က ကျတာတော့ မရှိဘူး။ ဟိုဘက်ကတော့ ဘယ်လိုရှိလဲ မသိရသေးဘူး” ဟု ပြောဆိုသည်။
တပ်မဟာ ၅ ကဲ့သို့ပင် KNLA တပ်မဟာ (၁) လှုပ်ရှားသည့် သထုံခရိုင် အပါအဝင် KNLA တပ်မဟာ (၂) လှုပ်ရှား ရာ တောင်ငူခရိုင်၊ တပ်မဟာ (၃) လှုပ်ရှားရာ ညောင်လေးပင်ခရိုင်နှင့် KNLA တပ်မဟာ (၆) အခြေစိုက်ရာ ဘားအံခရိုင် တို့တွင်လည်း မကြာမီရက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်။
သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားသော တပ်မဟာ ၁ ၏ တပ်မဟာမှူး ဈာပနအား ဩဂုတ် ၁၁ ရက်နေ့တွင် ဆောင်ရွက် နေစဉ် တပ်မဟာ ၁ လက်အောက်ခံ မော်စကိုမြို့နယ်ရုံးအား စစ်ကောင်စီဘက်က သာလွန်အင်အားဖြင့် ဝင်ရောက် တိုက် ခိုက် သိမ်းပိုက်ခဲ့သေးသည်။
အဆိုပါ ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် KNU တပ်မဟာ ၁ နှင့် စစ်ကောင်စီ တပ်ဖွဲ့ကြား တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း KNU တပ်မဟာ ၁ မှ အရာရှိတဦးက ပြောသည်။
KNLA တပ်မဟာ ၆ မှ အမည်မဖော်လိုသူ အရာရှိတဦးကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မဟာ ၆ အကြား ယခု ရက်ပိုင်းအတွင်း ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တဝိုက် တိုက်ပွဲဖြစ်ပွားသည်များ ရှိကြောင်း ဧရာဝတီကို ပြောသည်။
ထို့ပြင် သြဂုတ် ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်ကလည်း ကော့ကရိတ်မြို့နယ် ကော့သနော့ရွာအနီးတွင် ၁ ကြိမ်၊ ညနေ ၄ နာရီ ဝန်းကျင်တွင် ကော့ကရိတ်မြို့နယ် ရေတွင်ဖြူနှင့် အံဖလေးရွာကြား၌ ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း တပ်မဟာ ၆ ၏ ဒူးပလာယာခရိုင် သတင်း သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
KNLA တပ်မဟာ ၆ မှ အရာရှိတဦးက “မနေ့ကတော့ ကြိတ်နဲ့ ကွင်းကလေး ရွာနားမှာ ဖြစ်တယ်။ တမိုင်ကုန်းနားမှာလည်း ဖြစ်တယ်။ ကြိတ်ကတော့ ကြာအင်း ဆိပ်ကြီးမှာ။ တမိုင်ကုန်းကတော့ ကော့ကရိတ်မြို့နယ်ထဲမှာပေါ့။ သူတို့ကို မလာနဲ့လို့ ပြောထားတာ လာတော့ ဖြစ်တာပေါ့” ဟု အတည်ပြု ပြောသည်။
သို့သော် သထုံခရိုင်နှင့် ဒူးပလာယာခရိုင်များတွင် စစ်ကောင်စီဘက်က ထိုးစစ်ဆင်ရန် စစ်ပြင်သည့် အရိပ်လက္ခဏာများ မတွေ့ရကြောင်း ယင်းဒေသများရှိ တပ်မဟာ ၁ နှင့် တပ်မဟာ ၆ မှ အရာရှိများက ပြောသည်။
KNU ဗဟိုပြန်ကြားရေးဌာနမှ ရရှိသည့် အချက်အလက်များအရ ဩဂုတ် ၁ ရက်မှ ၂၀ ရက်အတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်များနှင့် KNU လက်အောက်ခံ တပ်မဟာများအကြား တိုက်ပွဲပေါင်း ၈၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအနက် တပ်မဟာ ၅ နှင့် တိုက်ပွဲ ၆၁ ကြိမ်၊ တပ်မဟာ ၁ နှင့် တိုက်ပွဲ ၁၆ ကြိမ်၊ တပ်မဟာ ၃/၂ တို့နှင့် တိုက်ပွဲ ၂ ကြိမ်စီ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ကိန်းဂဏန်းများအရ KNU တပ်မဟာ ၅ နှင့် စစ်ကောင်စီ အကြား တိုက်ပွဲဖြစ်ပွားမှုသည် အကြိမ်ရေ အများဆုံး ဖြစ်ကာ တပ်မဟာ ၁ က ဒုတိယမြောက် အများဆုံး တိုက်ခိုက်ခံရသည့် နေရာဖြစ်သည်။
You may also like these stories:
မင်းတပ်တွင် တိုက်ပွဲများ တကျော့ပြန် ပြင်းထန်နေ
ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရသည့် ကချင်အရပ်သားများ
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကယားတွင် အရပ်သား နှစ်ဦး ဒဏ်ရာရ