ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အသက်အန္တရာယ်ပြုဖို့ ကြံစည်မှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဖမ်းမိထားသူ နှစ်ဦးရဲ့ ထွက်ဆိုချက်တွေအရ နောက်ကွယ်က စေခိုင်းခဲ့သူဟာ ထိုင်းနိုင်ငံက လက်နက်ပွဲစားလို့ ကနဦး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဲ့ဒီ လက်နက်ပွဲစားဆိုသူဟာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဟိုတယ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးအေးကို ဖြစ်တယ်လို့ Mizzima သတင်းဌာနကလည်း ရေးသားဖော်ပြ ထားပါတယ်။
AK လို့ လူသိများတဲ့ လုပ်ငန်းရှင် ဦးအေးကိုက FBI ရဲ့ ထိန်းသိမ်းခြင်းကို ခံထားရသူတွေဖြစ်တဲ့ ရဲဟိန်းဇော်က တဆင့် ဖြိုးဟိန်းထွဋ်ထံ ဇူလိုင်လ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေက Zelle Payment ကတဆင့် အမေရိကန်ဒေါ်လာ ၄၀၀၀ လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၆၀ ဝန်းကျင် ရှိနေပြီဖြစ်တဲ့ ဦးအေးကိုဟာ ကမ္ဘောဒီးယားနိုင်ငံမှာ လောင်းကစားရုံကြီးတွေ ဖွင့်လှစ်ထားပြီး၊ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအကြား လူသိများသူ ဖြစ်ပါတယ်။
စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင် စစ်ဗိုလ်ချုပ်တွေရဲ့ ပြည်ပခရီးစဉ်တွေမှာ လိုက်ပါလေ့ရှိသလို ထိုင်းနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့ ချိတ်ဆက်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပေးသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၈ ခုနှစ်က ထိုင်းဘုရင့်တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရီဝမ် ဖိတ်ကြားတဲ့ ထိုင်း-မြန်မာ တပ်မတော် ယဉ်ကျေးမှုဖလှယ်ရေး တွေ့ဆုံပွဲကို ဦးအေးကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သူဟာ မြန်မာစစ်တပ်ကို တင့်ကားနဲ့ စစ်ဘက်သုံး မော်တော်ယာဉ်တွေ ထုတ်လုပ်ရောင်းချပေးနေတဲ့ ထိုင်းလူမျိုးပိုင် Chaiseri Defense ကုမ္ပဏီနဲ့ နီးစပ်သူလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကုမ္ပဏီဘက်ကတော့ အပြင်းအထန် ငြင်းဆိုထားပါတယ်။
သူဟာ မြန်မာစစ်တပ်အတွက် လက်နက်အဝယ်တော် လုပ်ပေးနေတယ် ဆိုတာကို အတည်မပြုနိုင်ပေမယ့် ခေတ်အဆက်ဆက် မြန်မာစစ်ခေါင်းဆောင်တွေအတွက် ရုရှားနိုင်ငံက တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ အပါအဝင် လက်နက်တွေ ဝယ်ယူပေးခွင့် ကိုယ်စာလှယ် ရရှိထားသူ သူဌေးကြီး ဦးတေဇနဲ့ ရင်းနှီး ကျွမ်းဝင်သူ ဖြစ်သလို၊ ရဲဟိန်းဇော်ရဲ့ ဖခင်ဖြစ်သူ အထူးစုံစမ်းရေးဦးစီးဌာန အောက်မြန်မာပြည် ညွှန်ကြား ရေးမှူး (ငြိမ်း) ဦးအေးသိန်းနဲ့လည်း မိတ်ဆွေရင်းတွေ ဖြစ်ပါတယ်။
ဦးတေဇ အပါအဝင် မြန်မာသူဌေးကြီးတွေဟာ ထိုင်းနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့အပြင် နေထိုင်ဖို့အတွက် အိမ်ယာအဆောက်အဦး၊ ကွန်ဒိုတွေကိုလည်း ဝယ်ယူထားကြပါတယ်။
ဦးအေးကိုဟာ စစ်တပ်က အာဏာသိမ်းတာကို ထောက်ခံတဲ့အပြင်၊ အာဏာသိမ်းချိန်ကစပြီး သူရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြန်စတင်ဖို့အတွက် အခွင့်အလမ်းသာပြီလို့လည်း သူနဲ့ နီးစပ်တဲ့ ဘန်ကောက်က စီးပွားရေး လုပ်ငန်းရှင်တွေကို ပြောကြားလေ့ရှိတယ်လို့ သိရပါတယ်။
ဦးအေးကို ဟာ A.K Construction and Industry Company Limited ကို ၁၉၉၅ ခုနှစ်မှာ အစုရှယ်ယာဝင် ၅ ဦးနဲ့ အတူ တည်ထောင်ခဲ့ပြီး မန္တလေးမြို့ရှိ နာမည်ကြီး မင်းသားကြီးဟိုတယ်၊ မန္တလေးစီးတီးနဲ့ ဟိုတယ်မန္တလေး အပါအဝင် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်းက အိုလံပစ်ဟိုတယ်တို့ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
မန္တလေးမြို့က ဟိုတယ်မြေနေရာတွေနဲ့ ပတ်သက်လို့ ပေါက်ဈေးထက် အဆမတန် လျော့နည်းတဲ့ မြေငှားရမ်း ခတွေနဲ့ လုပ်ကိုင်ခွင့်ရနေတာကြောင့် အရပ်သား အစိုးရ လက်ထက်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ မေးခွန်းထုတ်ခံခဲ့ရပါတယ်။
ရန်ကုန်နဲ့ ဘန်ကောက်မြို့တွေမှာ နေထိုင်စဉ်က သူရဲ့ အနီးကပ် လုံခြုံရေးအတွက် bodyguard နှစ်ဦးကို ငှားရမ်းထားပြီး ခရီးသွားလေ့ ရှိတယ်လို့ ဧရာဝတီက စုံစမ်းသိရှိရပါတယ်။
ဦးအေးကိုဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စစ်ကောင်စီနဲ့ အလွန်နီးစပ်ပြီး လုံခြုံစိတ်ချရတဲ့ နေရာ တနေရာမှာ ပုန်းအောင်းနေကြောင်း ဧရာဝတီက စုံစမ်းသိရှိရပါတယ်။
သူဟာ ထိုင်းရောက်မြန်မာများ ဂေါက်ရိုက်အသင်း (ဥက္ကဋ္ဌ) ရာထူးကို ယူထားပြီး၊ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာစစ်ဘက်ဆိုင်ရာ အရာရှိတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ သံတမန်တွေ ကစားလေ့ရှိတဲ့ ဂေါက်ကွင်းတွေမှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။
The New York City Police Department (NYPD) ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Dermot Shea က နယူးယော့ခ်မြို့မှာ မြန်မာနိုင်ငံသား နှစ်ဦး ဖမ်းဆီးခံရပုံကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား အစိုးရရဲ့ ခြေရာနောက်ကို လိုက်နေပြီး၊ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ နိုင်ငံရေးအရ လူသတ်မှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
သူက “တရားခံလို့ စွပ်စွဲ ခံထားရသူတွေဟာ အမေရိကန်မြေပေါ်မှာ နိုင်ငံတကာ ခေါင်းဆောင်တဦးကို အကြမ်းဖက်ဖို့ ကြံစည်တဲ့ လုပ်ရပ်ကို လက်ခံနိုင်စရာမရှိဘူး” လို့ ပြောကြားထားပါတယ်။
သံအမတ်ကြီး လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ FBI ယာယီ လက်ထောက်ညွန်ကြားရေးမှူး Jacqueline Maguire ကလည်း “အမေရိကန်နိုင်ငံတွင်း ဥပဒေချိုးဖောက်သူ မည်သူမဆို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူ ခံရမှာဖြစ်သလို၊ လုပ်ကြံဖို့ ကြံစည်တယ်လို့ စွပ်စွဲခံထားရတဲ့ သူနှစ်ဦးဟာလည်း အကျိုးဆက်တွေကို ရင်ဆိုင်ရမယ်” လို့ ပြောကြား ထားပါတယ်။
လက်ရှိမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း အား လုပ်ကြံမှု နောက်ကွယ်က ကြိုးကိုင်သူကို ထိုင်းတော်ဝင် ရဲတပ် ဖွဲ့နဲ့ ထောက်လှမ်းရေး အရာရှိတွေကလည်း ရှာဖွေနေတယ်လို့ ဧရာဝတီက စုံစမ်းသိရှိရပါတယ်။
You may also like these stories:
ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြိုးပမ်းမှု မြန်မာနှင့် မဆိုင်ဟု စစ်ကောင်စီ ကြေညာ
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်