အမေရိကန်ပြည်ထောင်စုတွင် လက်ရှိပြသလျက်ရှိသည့် နာမည်ကြီး တီဗီရှိုး အစီအစဉ်တခုဖြစ်သော MasterChef Legends 2021 Season 11 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသမီး စု သည် Grand Final Top 3 အထိ တက်လှမ်းသွားပြီ ဖြစ်သည်။
စုသည် MasterChef Legends 2021 တွင် ပါဝင်ယှဉ်ပြိုင် ရွေးချယ်ခံရသည့် ပထမဆုံး မြန်မာအမျိုးသမီး တဦးလည်း ဖြစ် သည်။

သူမသည် Season 11 အပိုင်း ၁၅ တွင် Culinary Triathlon ၏ အပိုင်း ၃ ခုအတွက် ဟင်းလျာ ၃ မျိုး ချက်ပြုတ်ခဲ့ရပြီး MasterChef အစီအစဉ်၏ ပဲ့ကိုင်ရှင်ဖြစ်သော Gordon Ramsay အပါအဝင် နာမည်ကြီး စားဖိုမှူး ၃ ယောက်၏ အဆုံး အဖြတ်ကို ခံယူပြီးနောက် Top 3 အဆင့်ကို တက်လှမ်းခွင့် ရရှိသွားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် မြန်မာပြည်ဖွား စု သည် ၎င်းအသက် ၂၂ နှစ်အရွယ်တွင် အမေရိကားသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
စားဖိုမှူးအလုပ်သည် သူ့အတွက် အသက်မွေးကြောင်းအလုပ် မဟုတ်သော်လည်း ဟင်းချက်ခြင်းကို ဝါသနာပါပြီး ဟင်းပွဲ အလှပြင်ဆင်ခြင်း၊ မိသားစုနှင့် ချစ်ခင်ရသူများအား ၎င်းစီမံချက်ပြုထားသည့် ဟင်းလျာများအား ကျွေးမွေးရခြင်းကို သဘောကျ နှစ်သက်ကြောင်း သူမ၏ ပြောပြချက်များအရ သိရသည်။
ထူးခြားချက်တခုမှာ MasterChef Legends 2021 ကဲ့သို့သော ကမ္ဘာကျော် အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်နေသည့် စုသည် စားဖိုမှူးတယောက် အနေဖြင့် အလုပ်မလုပ်ဖူးသလို ဟင်းချက်ပညာ သင်တန်းကျောင်းတွေကိုလည်း တက်ရောက်ခြင်း မရှိ ခဲ့ဖူးကြောင်း သိရသည်။

စုက “စုရဲ့ ဟင်းချက်ပညာ အများစုကတော့ မိဘတွေနဲ့အဖွားကို သူတို့ရဲ့ မီးဖိုချောင်မှာ ကူညီလုပ်ကိုင်ပေးရင်းနဲ့ သင်ခဲ့တာပါ။ ကျန်တာတွေကတော့ ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူတာတွေ ရှိတဲ့အတွက် စုမှာ မြင်ဆရာ ကြားဆရာတွေတော့ အများကြီးပါပဲ” ဟု ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာအမျိုးသမီး တဦးဖြစ်သည့် စုသည် မြန်မာအစားအစာ အုန်းနို့ခေါက်ဆွဲကို ချက်ပြုတ်ပြင်ဆင်ပြီး MasterChef Legends 2021 ၏ Episode 8 အရည်အချင်းစစ်ပွဲတွင် Winner အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းကလည်း မြန်မာ့ရိုးရာအစား အစာတမျိုးကို နိုင်ငံတကာကသိအောင် ချပြနိုင်လိုက်ခြင်းလည်း ဖြစ်သည်။
စု က “Master Chef တယောက်ဖြစ်ဖို့ ယှဉ်ပြိုင်နေကြတာ၊ Master Chef တယောက် ရွေးချယ်နေကြတာ ဖြစ်တဲ့အတွက် ဘယ်လောက် တီထွင်ကြံဆမှု ကောင်းတယ်။ မျိုးစုံသော စတိုင်တွေ နည်းပညာတွေကို ဘက်စုံတတ်ကျွမ်းတယ်။ နားလည် တယ် ဆိုတာကို ပြရတာ ဖြစ်တဲ့အတွက် မြန်မာအစားအသောက်ကြီးပဲ ချက်လို့မရပါဘူး။ ဒါပေမယ့် Master Chef Kitchen ထဲမှာပဲဖြစ်စေ၊ အပြင်မှာပဲဖြစ်စေ အမြဲတမ်းတော့ မြန်မာ့အငွေ့အသက်ပါအောင် ကြိုးစားပြင်ဆင်ပါတယ်” ဟု ပြောသည်။
MasterChef Legends 2021 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသူများစွာထဲကမှ ပြိုင်ပွဲဝင် ၁၅ ဦး သာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် စုသည်လည်း တဦးအပါအဝင် ဖြစ်ခဲ့သည်။

MasterChef Legends 2021 တွင် ပြီးခဲ့သည့်နှစ် ပြိုင်ပွဲများနှင့်မတူဘဲ ပုံမှန်ဒိုင်များနှင့်အတူ ကမ္ဘာကျော် ဂန္တဝင်စားဖိုမှူး ကြီးများကပါ အပတ်စဉ်တိုင်း အလှည့်ကျ ပါဝင်ပြီး အကဲဖြတ်ပေးခြင်း ဖြစ်သည်။
“မြန်မာအမျိုးသမီး တယောက်အနေနဲ့ မြန်မာ့ရိုးရာ အစားအစာတွေကို တကယ့်ကို လေးစားဂုဏ်ယူအပ်တဲ့ Gordon Ramsay၊ Emeril Lagasse၊ Morimoto တို့လို စတဲ့ အစားအသောက်ဆိုင်ရာ ဂုရုကြီးတွေရဲ့ ရှေ့မှောက်မှာ ဂုဏ်ယူစွာနဲ့ ချက်ပြုတ်ပြခွင့်ရတဲ့အပေါ်မှာ အားလုံးအနေနဲ့ ပိုပြီး ပျော်ကြလိမ့်မယ်လို့ ဆန္ဒပြုပါတယ်” ဟုလည်း စုက ဆိုသည်။
စု ပါဝင်ယှဉ်ပြိုင်နေသည့် MasterChef Legends 2021 ကို ၂၀၁၉ ကတည်းက ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ရောဂါ အခြေ အနေများကြောင့် ယခုနှစ်တွင်မှ ပြသခဲ့ခြင်းဖြစ်ကြောင်း၊ စု ဘယ်အဆင့်ထိရောက်ပြီး ပြိုင်ပွဲတွင် ဘယ်လို ရင်ခုန်စိတ်လှုပ် ရှားဖွယ်ကောင်းသည် ဆိုခြင်းများကို တဆင့်ချင်းကြည့်ပြီး အားပေးရန်လည်း သူက တောင်းဆို တိုက်တွန်းထားသည်။
သူက “မြန်မာတယောက်အနေနဲ့ မြန်မာအစားအစာတခုကို ချက်ပြုတ်ပြင်ဆင်ခွင့်ရတဲ့အတွက် ဂုဏ်ယူရတဲ့သူပါ။ စုထက် အရေးကြီးတဲ့ သတင်းတွေ အာရုံစိုက်ဖို့ လိုတဲ့နေရာတွေ အများကြီးရှိနေတဲ့အချိန်မှာ တကူးတက အချိန်ဖဲ့ပြီးတော့ ကြည့်ရှု ပါ၊ အားပေးပေးပါလို့ မတောင်းဆိုရဲပါဘူး။ အခါအခွင့်သင့်လို့ ကြည့်မိရင် ဒါ မြန်မာအမျိုးသမီးတယောက် Master Chef ပြိုင်ပွဲ ဝင်နေတယ်ဆိုပြီး ဖျော်ဖြေရေး (Entertainment) တခုအနေနဲ့ပဲ ကြည့်ပေးကြမယ်၊ မြင်ပေးကြမယ်ဆိုရင်ပဲ ကျေနပ် ပါပြီ။ ကျေးဇူးအများကြီးတင်ပါပြီ” ဟု ပြောသည်။
“MasterChef Legends 2021” ပြိုင်ပွဲကို FOX TV တွင် ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှ စတင်၍ အပတ်စဉ် ပြသနေခြင်း ဖြစ်ပြီး Top 3 တွင် စုနှင့်အတူ ပြိုင်ပွဲဝင် Kelsey နှင့် Autumn တို့က Grand Final ကို ဆက်လက်ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
You may also like these stories:
တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်
သတို့သမီးလောင်း တဦး၏ မလေးရှားသို့ ခရီးကြမ်း
အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူမှု နိုင်ငံတကာဘဏ်များအပေါ်လည်း အာရုံစိုက်