စစ်ကိုင်းတိုင်း၊ ကလေး ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ဖမ်းဆီးသွားသည့် ဆေးတပ်သား အမျိုးသမီးငယ် ၉ ဦးကို ဓားစာခံ အဖြစ် အသုံးပြုပြီး ခြိမ်းခြောက် ခေါင်ဆောင်သွားကြောင်း ကလေး PDF အဖွဲ့က ပြောသည်။
နိုဝင်ဘာလ ၁၆ ရက်က ကလေး PDF ၏ တပ်ခွဲငယ်တခုကို စစ်ကောင်စီ တပ်ဖွဲ့့ ဝင်ရောက် စီးနင်း တိုက်ခိုက်ရာ စခန်း တွင် ကျန်နေခဲ့သော တပ်ဖွဲ့ဝင်၂ ဦး၊ ဆေးတပ်သား အမျိုးသမီးငယ် ၁၀ ဦး စုစုပေါင်း ၁၂ ဦးအနက် အမျိုးသမီး တပ်ဖွဲ့ဝင် ၁ ဦး နှင့် အမျိုးသား ၂ ဦး ပေါင်း ၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့က သတ်ဖြတ်ပြီး၊ ကျန် ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းက အဆိုပါ စခန်းသို့ ကလေး PDF သွားရောက် ရှင်းလင်းခဲ့ရာ တပ်ဖွဲ့ဝင် ကိုကျဲထန်ပွီး ယာ နှင့် ကိုရမ်းမောယာ၊ အမျိုးသမီး တပ်ဖွဲ့ဝင်တဦးဖြစ်သူ မဗျက်ရမ်ချင်းကို စစ်ကောင်စီ တပ်ဖွဲ့့ဝင်များက သတ်ဖြတ်ခဲ့ကို တွေ့ ရှိခဲ့ရကြောင်း ကလေး PDF က ထုတ်ပြန်ထားသည်။
မဗျက်ရမ်ချင်း ရုပ်အလောင်းအား ဝတ်ထားသော အဝတ်အစားများ မပျက်မယွင်း ဝတ်ဆင်ထားလျက် ဦးခေါင်း သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး လုံခြုံရေး အခြေအနေအရ အသေးစိတ် အချိန်ယူ စစ်ဆေးနိုင်ခြင်း မရှိဘဲ ကျဆုံး တပ်ဖွဲ့ဝင်၂ ဦး၏ ရုပ်အလောင်းနှင့်အတူ ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကလေး PDF အဖွဲ့မှ တာဝန်ရှိသူတဦးက “ကျနော်တို့ တပ်ရင်း ၃ ကို ဝင်စီးတယ်ဆိုတဲ့ သတင်းကြားကြားချင်း ညနေပိုင်း မှာ ကယ်ထုတ်မယ်ဆိုပြီး ပိတ်ဆို့ထားတယ်။ အနားကပ်မရဘူး။ လက်နက်ကြီးတွေနဲ့ ထုတယ်။ သူတို့လည်း ထွက်မရဘူး။ နောက်နေ့မှာ သူတို့ ဖမ်းထားတဲ့ အမျိုးသမီးငယ် တယောက်ရဲ့ ဖုန်းကို ကျနော်တို့ အထဲက ဆက်ကြည့်လိုက်တော့ သူတို့ဘက်က အကြီးအကဲ တယောက် ထင်တယ်၊ ဖုန်းကိုင်ပြီး သူတို့ကို သွားခွင့်ပေးပါပေါ့။ မပစ်ရ ဘူး။ ပစ်ရင် ဖမ်းထားတဲ့ အမျိုးသမီးတွေကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်ကောင်စီဘက်က ဖမ်းဆီးထားသည့် ယင်းအမျိုးသမီး ၉ ဦးကို ဓားစာခံအဖြစ် အသုံးချကာ ဖုန်းဖြင့် ပြောဆိုခဲ့ပြီး သည်နှင့် အပြန်အလှန် ပြောချိန် မရလိုက်ဘဲ ဖုန်းချသွားကာ နောက်ပိုင်းတွင် ဖုန်းစက်ပိတ်သွားကြောင်း ကလေး PDF က ပြောဆိုသည်။
နောက်ပိုင်းတွင် ဖမ်းဆီးခံ အမျိုးသမီး ၉ ဦးကို ဓားစာခံလုပ်ထားသဖြင့် ကလေး PDF စခန်းကို ဝင်ရောက်တိုက်ခိုက်သော စစ်ကောင်စီတပ်ခွဲကို ဝ်ိုင်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အခြေအနေကို စောင့်ကြည့်နေစဉ် စစ်ကူလာ စစ်ကြောင်းနှင့် အပြန်အလှန် တ်ိုက်ပွဲဖြစ်ခဲ့ကြောင်းလည်း ကလေး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ဆိုသည်။
ဆက်လက်၍ ကလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ဘက် တောက်လျောက်ပိတ်ထားတဲ့ အချိန်မှာ သူတို့ဘက်က စစ်ကူလာတယ်။ ပြီးရင် ကျနော်တို့ ပတ်ဝိုင်းထားတဲ့နေရာကို စစ်ကြောင်း ထိုးတယ်။ ကျနော်တို့ဘက်က လည်း တပ်ရင်း၂ နဲ့ တပ်ရင်း ၅ ပူးပေါင်း အဖွဲ့လည်း သူတို့ စစ်ကြောင်းထိုုးလာတဲ့ကို တောင်ပေါ်ကနေပြီး ဖြတ်တိုက် တယ်။ အဲဒီမှာ စစ်ကောင်စီဘက်က ၅ ဦး ကျတယ်။ လက်နက်ကြီးတွေနဲ့ ထုတော့ သူပစ် ကိုပစ် ပစ်ဆုတ်နဲ့ ဆုတ်လိုက် ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နောက်ပိုင်းတွင် ကလေး ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃ ကို ဝင်ရောက် တိုက်ခိုက်သော စစ်ကောင်စီ တပ်ခွဲနှင့် စစ်ကူ လာသော တပ်ခွဲတို့ နဂါးပွက်ကျေးရွာတွင် တပ်ပေါင်းပြီး ဖမ်းဆီးထားသော အမျိုးသမီး ဆေးတပ်သား ၉ ဦးကို ကလေး ( ဒစက) လက်ထဲသို့ လွှဲပြောင်းပေးလိုက်သည်ကို သိရှိရကြောင်းလည်း ကလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့့ က ဆိုသည်။
ကလေးမြို့ခံတဦးက “အဲဒီ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ်တွေကို ပထမ ရဲစခန်းမှာ ချုပ်ထားပြီးတော့ ဒကစ ကို ယူ သွားတယ်လို့တော့ သတင်းတွေ ထွက်နေတယ်။ ကျနော်တို့ မြို့ခံတွေလည်း အခြေအနေကို ကြည့်ပြီး နေရတော့ ဘယ်လို ဆက်ဖြစ်ကြမလဲ ဆိုတာပဲ စိုးရိမ်ပြီး စောင့်ကြည့်နေရတဲ့ သဘောမျိုးရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသည့် ကလေး PDF ဆေးတပ်သား အမျိုးသမီး ၉ ဦးကိစ္စ နှင့် ပတ်သက်ပြီး တိတိကျကျ သတင်းထုတ်ပြန်ခြင်း မရှိသလို လက်ရှိတွင် အမျိုးသမီး ၈ ဦးသာ ရှိကြောင်းကို သတင်းလွှင့် ထားသည်ဟု PDF ကလေး တပ်ဖွဲ့ဝင်များက ပြောသည်။
“ကျနော်တို့ ဖမ်းဆီးသွားတဲ့ မိန်းကလေးတွေကို ကိစ္စကို တောက်လျှောက် စောင့်ကြည့်ပြီး လိုက်နေတာ။ ကျနော်တို့ဆီက ဖမ်းသွားတာ။ ၉ ယောက် အခု ဒကစကို ရောက်သွားတာ ၈ ယောက်ဆိုပြီး သတင်းတွေ လွှင့်ထားတယ်။ သူတို့ လှည့် ကွက်ဆင်နေတယ်။ သူတို့ စစ်ကြောင်းထဲမှာပဲ ကျန်နေခဲ့တာလား ဆိုပြီး ကျနော်တို့လည်း တောက်လျှောက် လိုက်နေတာ ရှိတယ်” ဟု ကလေး ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။
လတ်တလော အခြေအနေတွင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ထိစပ်နေသော ချင်းတောင်တန်း တလျှောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ စစ်ရေး လှုပ်ရှားမှု အရှိန်မြင့်လျက် ရှိကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင်လည်း ကလေးမြို့ရှိ စစ်ကောင်စီ တပ်ရင်း အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်း တပ်ရင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည့်အတွက် ယမ်းသိုလောင်ရုံ တချို့ ပေါက်ကွဲ ပျက်စီးမှု ရှိသလို စစ်ကောင်စီ တပ်ဖွဲ့ဝင် တချို့လည်း သေဆုံးမှုရှိကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် ထားသည်။
ထို့ပြင် ကလေးမြို့နယ်တောင်ပိုင်း၊ ကျောက်ပြုတ်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကလေး PDF မှ သွားရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကလေးမြို့ နယ်အတွင်းက ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ထုတ်ပြန်သည်။
ထိုတိုက်ပွဲအတွင် စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့မှ၂ ဦး သေဆုံးသွား ကြောင်း သိရသည်။
အဆိုပါ ချင်းတောင်တန်းတခွင်တွင် လက်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရှိန်မြင့်နေသည့် အတွက် ပြည်သူများအနေဖြင့် အသွားအလာ အနေအထိုင် ဂရုတစိုက် သွားလာကြရန် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
You may also like these stories:
တီးတိန်၌ စစ်ကောင်စီတပ်သားများ ကိုယ်ဝန်သည်တဦးကို ထပ်မံ အဓမ္မပြုကျင့်
စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း