နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ မိတ်ဆွေတဦး၏ ဇနီး ဘန်ကောက်မြို့၌ ဆေးရုံတက်စဉ် လေယာဉ်စင်းလုံးငှားကာ သတင်းသွားမေးသည့်အပေါ် အဂတိလိုက်စားမှုဖြင့် ထပ်မံစိစစ် အရေးယူရန် ဘူးလက် လှဆွေက ယနေ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းမေးမြန်းခဲ့သည်။
ယင်း လေယာဉ်စင်းလုံး ငှားရမ်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်ဘဏ္ဍာငွေ အသုံးပြုခဲ့ခြင်း ရှိမရှိ Golden Hand သတင်းဂျာနယ်မှ ထုတ်ဝေသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အမတ်ဟောင်း ဘူးလက်လှ ဆွေက ယင်းသတင်းစာ ရှင်းလင်းပွဲတွင် တိုက်တွန်းမေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။
ဘူးလက်လှဆွေက “NLD အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံကို သူ့မိတ်ဆွေတယောက်ရဲ့ ဇနီး နေမကောင်းလို့ ဆေးရုံတက်တဲ့အခါမှာ လေယာဉ်ပျံ စင်းလုံးငှားပြီးတော့ အသွားအပြန် သွားခဲ့ပါတယ်။ အဲဒါဟာ နိုင်ငံ တော်ပိုက်ဆံနဲ့ သုံးခဲ့သလား၊ သူ့ အိတ်ကပ်ထဲက နိုဘယ်ဆုရထားတဲ့ ပိုက်ဆံနဲ့ သူသုံးခဲ့သလား။ နိုင်ငံတော်ဘက်ဂျက်နဲ့ သုံးတယ်ဆိုရင် အဂတိ မမြောက်ဘူးလား” ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ယင်းအမေးကို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဘန်ကောက်တွင် မိတ်ဆွေဖြစ်သူ၏ ဇနီး ဆေးရုံတက်သည့်ကိစ္စ၌ MAI (Myanmar Airways International) လေယာဉ်ကို အသွားအပြန် စင်းလုံးငှားရမ်း အသုံးပြုခဲ့သည်မှာ မှန်ကန်ကြောင်း၊ မည်သို့ သုံးစွဲခဲ့သည်ကို အထောက်အထားများ အသေးစိတ် စိစစ် ပြီးပါက အဂတိလိုက်စားမှု ရှိမရှိ သိရမည်ဖြစ်ပြီး ယင်းကိစ္စအား မှတ်သားထားကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
ထို့ပြင် စစ်ကောင်စီ လက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဘက်ကလည်း ယင်းကိစ္စအား ဥပဒေပါ အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်များအတိုင်း အဂတိလိုက်စားမှု မြောက်မမြောက် စိစစ်သုံးသပ်သွားရမည် ဖြစ် ကြောင်း ပြောဆိုသည်။
Golden Hand သတင်းဂျာနယ် ထုတ်ဝေသူ အဖြစ် ယနေ့သတင်းစာရှင်းလင်းပွဲသည့် တက်သည့် ဘူးလက်လှဆွေသည် ကျန်သတင်းထောက်များ အနေဖြင့် ကိုယ့်ကိုယ်ကိုယ် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် သဘောထားကာ မေးခွန်းများအား ရိုရိုသေသေ မေးမြန်းကြရန် ပြောခဲ့သည်။
လက်ရှိတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးချုပ်နှောင် ခံရပြီး အဂတိလိုက်စားမှု အပါအဝင် အမှုပေါင်း တဒါဇင်ကျော်ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့်အပြင် စစ်ကောင်စီ၏ ထောင်ဒဏ်များ ချမှတ်ခြင်းကိုလည်း ခံထားရသည်။
၎င်းအပေါ် စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက ဖန်တီးထားသည့် သီးသန့်တရားရုံးတွင်သာ စစ်ဆေး ကြားနာပြီး အများပြည်သူ တက်ရောက်ခွင့်၊ ကြားနာသိရှိခွင့် မရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင်များ ကိုလည်း အမှုနှင့်ပတ်သက်ပြီး ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ သတင်းမီဒီယာများကို ပြောကြားခြင်း မပြုရန် တားဆီး ပိတ်ပင်ထားသည့်အတွက် ပွင်းလင်းမြင်သာမှု ကင်းမဲ့လျက် ရှိသည်။