UEFA ချန်ပီယံလိဂ် ဆုဖလား ရန်ကုန်မြို့တွင် လှည့်လည်ပြသမည်
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့တွင် ဥရောပချန်ပီယံလိဂ် (UEFA) ဆုဖလားကို ပထမဆုံးအကြိမ်အဖြစ် မြို့တွင်း၌ လှည့်လည်ပြသမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ပေးနေသည့် Heineken ဘီယာကုမ္ပဏီ က မတ်လ ၁၅ ရက်နေ့ကပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ယင်းဆုဖလား ကို လာမည့် မတ်လ ၂၀ ရက်နေ့တွင် လှည့်လည်ပြသ သွားမည်ဖြစ်ကြောင်း၊၂၀၀၆ ခုနှစ်က စတင်သည့် ချန်ပီယံလိဂ်ဖလား လည့်လည်မှုအစီအစဉ်အရ မြန်မာနိုင်ငံခရီးစဉ်အတွင်း မတ်လ ၂၀ရက် မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ရှိ နေရာအချို့တွင် ပြသထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အာဆင်နယ်အသင်း မှ ကစားသမားဟောင်း ဖြစ်သူ Fredrik Ljungberg က ကမ္ဘာ့ဘောလုံးသံတမန်အဖြစ် လိုက်ပါလာကာ ပရိတ်သတ်များနှင့်အတူ ပါဝင်ဆင်နွဲမည်ဖြစ်သည်။
ဆုဖလား ရောက်ရှိနေသည့် ရက်များအတွင်း Heineken ဘီယာ ၏ စိတ်လှုပ်ရှားဖွယ် ကစားပွဲအစီအစဉ် များအပြင် ယခုနှစ်အတွင်း အီတလီနိုင်ငံတွင် ကျင်းပမည့် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ ကြည့်ရှုခွင့်အတွက် ကံထူးရှင်နှစ်ဦးကို ရွေးချယ်သွားမည်ဖြစ်သလို ၎င်းတို့မှ အဖော်တဦးစီ ခေါ်ယူခွင့်ရရှိမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ကမ္ဘာ့ဖလား ဆုဖလားကြီးကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် လာရောက်ပြသခဲ့သေးသည်။