Descendants Of The Sun ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲက တရုတ်အစိုးရအတွက် စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က တရုတ်ပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနမှ တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက်တစ်ခုဖြစ်သော Weibo ဝက်ဘ်ဆိုင်မှာ ယင်းဇာတ်လမ်းတွဲကို မကြည့်ရှုရန် သတိပေးထားပါတယ်။
Weibo ဆိုက်မှာ ဖော်ပြထားတာကတော့ Song Joong-Ki ပါဝင်သရုပ်ဆောင်တဲ့ Descendants Of The Sun ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲဟာ ဂျပန်နဲ့ ကိုရီးယား နိုင်ငံတွေမှာ စတင်ထုတ်လွှင့် ပြသခဲ့ပြီးနောက် ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များ များပြားကျယ်ပြန့်လာကြောင်း၊ အဓိကအမျိုးသား သရုပ်ဆောင် Song ကို နှစ်သက်သဘောကျကြသူ များပြားကြောင်း ရေးသားဖော်ပြထားတာပါ။
အဲဒီ ဝက်ဘ်ဆိုက်မှာ ဆက်လက်ပြီး သတိပေး ရေးသားဖော်ပြတာက ကိုရီးယားဒရာမာတွေကို ကြည့်ရှုတာဟာ အန္တရာယ်ကြီးကြောင်း၊ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေရေးရာ ပြဿနာရပ်တွေကိုတောင် ဦးတည် သွားစေနိုင်တယ်လို့ ဆိုပါတယ်။
အပိုင်း ၁၆ ပိုင်းပါတဲ့ KBS ရုပ်သံဇာတ်လမ်းတွဲ Descendants Of The Sun ဟာ စစ်ပွဲနောက်ခံ စစ်ဆင်ရေးတရပ်ကို နောက်ခံပြု ရိုက်ကူး ဖန်တီးထားတာ ဖြစ်ပြီး၊ သရုပ်ဆောင် Song Joong-Ki နဲ့ မြန်မာပြည်ပရိတ်သတ်တွေ အွန်စောလို့ အသိများခဲ့တဲ့ သရုပ်ဆောင် Song Hye-Kyo တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ iQiyi အွန်လိုင်း ဗီဒီယိုလိုင်းမှာလည်း ယင်းဇာတ်လမ်းတွဲကို ကြည့်ရှုသူ သန်းပေါင်း ၄၄၀ အထိ တဖြည်းဖြည်း တိုးတက်များပြားလာပါတယ်။
၂၀၁၄ ခုနှစ်လောက်က SBS ရုပ်သံရဲ့လူကြိုက်များခဲ့တဲ့ ဒရာမာဇာတ်ကားဖြစ်သော My Love From The Star ထက်ကို ဒီဇာတ်ကားဟာ လူကြည့်နှုန်းပိုမိုမြင့်မားခဲ့တယ်လို့ ထိုင်ဝမ်သတင်းစာတရပ်ရဲ့ အဆိုကို China Times သတင်းဌာနက ပြီးခဲ့တဲ့ တနင်္ဂနွေက ရေးသားဖော်ပြခဲ့ပါတယ်။
တရုတ်ပြည်မှ လူမှုကွန်ရက်တခုဖြစ်တဲ့ Weibo ဆိုက်မှာ ကိုရီးယားဒရာမာဇာတ်ကားတွေကို ကြည့်ခြင်းအားဖြင့် ထိခိုက်နစ်နာစေနိုင်တဲ့ အကျိုးဆက်တွေကို သတိပေးပြောကြားလာပါတယ်။ အဲ့ဒါကတော့ မြောက်များစွာသော အစွန်းရောက်ပြဿနာ အဖြစ်အပျက်တွေကို ဥပမာတရပ်အနေနဲ့ ဖော်ပြခဲ့တာပါ။ ကိုရီးယားဇာတ်လမ်းတွဲ တွေကို ကြည့်ရှုပြီး ကွာရှင်းပြတ်စဲကုန်ကြတဲ့ စုံတွဲတွေရှိသလို အဆိုပါ ကိုရီးယား ဒရာမာတွေထဲက အမျိုးသား ဇာတ်ဆောင်တွေကို သဘောကျနှစ်ခြိုက်ပြီး အမျိုးသမီးဖြစ်သူကိုတောင် အလေးမထားဘဲ ပလပ်စတစ် ဆာဂျရီ လုပ်ဖို့ အားသန်လာကြတဲ့ အမျိုးသားတွေရဲ့ ဖြစ်ရပ်တွေနဲ့ အဆိုပါ ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ခြင်းအား ဖြင့် ရင်ဆိုင်ကြုံတွေ့လာရမယ့် ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာတွေကို ပုံဖော်ပြသခဲ့ခြင်းဖြစ်ပါတယ်။
Descendants Of The Sun ကိုရီးယား ဒရာမာ ဇာတ်လမ်းတွဲဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ကျန်းမာရေး၊ ငြိမ်းချမ်းရေး အခြေအနေတွေကို ဇောင်းတင်ဖော်ပြထားတဲ့ ဇာတ်ကားဖြစ်ပြီး KBS ရုပ်သံမှ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့များမှာ ၁၀နာရီတွင် ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး အပိုင်း၃ ထုတ်လွှင့်တဲ့ မတ်လ ၂ ရက်နေ့မှာတော့ ကြည့်ရှုမှု ရာခိုင်နှုန်း အထူးမြင့်တက်ခဲ့တယ်လို့လည်း သိရပါတယ်။
Ref: thestar.com