ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) အဖွဲ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းတို့ကို ဂုဏ်ပြုလွှာချီးမြှင့်ခဲ့သည်။
အဆိုပါဆုပေးပွဲကို ဘန်ကောက်မြို့ စင်ထရယ် ဟိုတယ်တွင် ယခုလ ၁၄ ရက်နေ့ကပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှု စုံစမ်းဖော်ထုတ်ရာတွင် လက်တွဲ ဆောင်ရွက်ပေးခဲ့သူများကို ချီးမြှင့်ခြင်းဖြစ်ကြောင်း DSI အကြီးအကဲ Colonel-Paisit Wongmuang က ဆုချီးမြှင့်ပွဲ အခမ်းအနားတွင်ပြောသည်။
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှု ခံရသော မြန်မာ ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်း ကယ်တင်မှုများ နှစ်စဉ်ပြုလုပ်ခဲ့သော MAT အဖွဲ့သည် ၂၀၁၃၊ ၂၀၁၄ ခုနှစ်များကလည်း ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ Anti-Human Trafficking Division (AHTD) မှ ၂ နှစ်ဆက်တိုက် ဂုဏ်ပြုလွှာ ချီးမြှင့်ခြင်း ခံခဲ့ရသည်။