နော်ဝေနိုင်ငံ အနောက်ဘက်ပိုင်း Stad ကျွန်းဆွယ်၏ အကျဉ်းမြောင်းဆုံးသော ကျောက်သားကုန်းမြေကို ဖြတ်ကာ ကမ္ဘာ့ ပထမဆုံး သင်္ဘောများဖြတ်သန်းနိုင်မည့် လိုဏ်ခေါင်းဖောက်လုပ်ရန် နော်ဝေနိုင်ငံက အမေရိကန်ဒေါ်လာ ၃၁၅ သန်း သုံးစွဲမည် ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
ယင်း သင်္ဘောဖြတ် လိုဏ်ခေါင်းသည် အရှည် ၁ မိုင်၊ အကျယ် ၁၁၈ ပေရှိမည် ဖြစ်ကြောင်း၊ ယင်းဒေသ အတွင်း မကြာခဏ ဖြစ်ပွားကျရောက်တတ်သည့် မုန်တိုင်းများကို သင်္ဘောများ ရှောင်ကွင်းနိုင်ရန် ဖြတ်သန်းခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Stad ကျွန်းဆွယ်၏ တောင်ဘက်ပိုင်းရှိ The Kråkenes မိုးလေဝသ ခန့်မှန်းရေး စခန်းက တနှစ်ပတ်လုံးတွင် ၄၅ ရက်ကနေ ၁၀၆ ရက်လောက် အထိ မုန်တိုင်းများ ဖြစ်ပေါ်ကြောင်း၊ ရာသီဥတု ဆိုးရွားချိန်များတွင် အရပ်မျက်နှာ ပေါင်းစုံမှ ဝင်လာသည့် လှိုင်းများက ဖြတ်သန်းသွားလာ နေသည့် သင်္ဘောများကို အန္တရာယ် ကြီးစွာပေးနိုင်ခြင်းကြောင့် ယင်းကဲ့သို့ သင်္ဘောဖြတ် လိုဏ်ခေါင်း ဖောက်ရန် စီစဉ်ခြင်း ဖြစ်ကြေင်း၊ ယင်း သင်္ဘောဖြတ် လိုဏ်ခေါင်းဖောက်လုပ်ရန် အတွက် ၃ နှစ်မှ ၄ နှစ် အထိ ကြာမြင့်နိုင်ကြောင်း၊ ကြီးမားသည့် ကျောက်သားကျောက်ဆောင်များကို ဖောက်ခွဲကာ တန်ချိန် ၈ သန်းလောက် ဖယ်ရှားရှင်းလင်းပြီး ဆောက်လုပ်ရမည် ဖြစ်သည်။
လှေ၊ သင်္ဘောများ ဖြတ်သန်းသွားလာနိုင်သည့် တူးမြောင်း ဖောက်လုပ်မှုများ ကမ္ဘာပေါ်တွင် အများအပြား ရှိသော်လည်း ယခု ဖောက်လုပ်မည့် သင်္ဘောဖြတ် လိုဏ်ခေါင်းက သင်္ဘောကြီးများ အပါအဝင် တန်ချိန် ၁ သောင်း ၆ ထောင် ရှိသည့် အခြားရေကြောင်း ပို့ဆောင်ရေး ရေယာဉ်ကြီးများ ဖြတ်သန်းမောင်းနှင်နိုင်ရန် စီစဉ်ထားကြောင်း၊ လိုဏ်ခေါင်းကို ဖြတ်၍ တနာရီလျှင် သင်္ဘော ၅ စီး ဖြတ်သန်းနိုင်ကြောင်း၊ လိုဏ်ခေါင်းအတွင်း သင်္ဘောချင်း မျက်နှာချင်းဆိုင် တိုက်ခိုက်မှုများ မဖြစ်စေရန် အဆင့်မြင့် မီးပြစနစ်ကို သုံးစွဲမည် ဖြစ်ကြောင်းနှင့် ၂၀၂၃ အတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။