မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် အဖြစ် ခေတ္တရဲချုပ် အောင်ဝင်းဦးက လာမည့် စက်တင်ဘာလမှ စတင်ကာ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ယနေ့ နေပြည်တော် MICC 2 ခန်းမတွင် ကျင်းပသည့် ကမ္ဘာ့ ကြက်ခြေနီ နေ့အခမ်းအနား အပြီးတွင် ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။
ခေတ္တရဲချုပ် အောင်ဝင်းဦးက “ ကျနော်လည်း အလွှဲအပြောင်းလုပ်နေတုန်းပါ၊ နောက်တော့ အေးဆေး တွေ့ကြမယ် ၊ ရဲချုပ်က ခံစားခွင့် ၄ လရှိတယ်လေ ၊ အရင်ရဲချုပ်အဟောင်းက သက်ပြည့် ခံစားခွင့် လေးလ ခံစားနေဆဲမို့လို့ အခုကတော့ ခေတ္တပေါ့ ၊ ခံစားခွင့် ပြည့်လာတဲ့ အခါကျရင်တော့ သူတို့ခန့်ထားမှာပေါ့” ဟု ဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးကို ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြီး ခေတ္တရဲချုပ်အဖြစ် တာဝန်ပေးအပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ခေတ္တရဲချုပ် အောင်ဝင်းဦးသည် DSA အပတ်စဉ် ၂၆ မှ ဖြစ်ပြီး တပ်မတော်မှ ဗိုလ်မှူးကြီး ရာထူးဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့သို့ ရဲမှူးကြီး ရာထူးဖြင့် ရောက်ရှိလာသူတဦး ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ အဆင့်မြင့်တင်ရာတွင် ရဲမှူးချုပ် ရာ ထူးဖြင့် မှုခင်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ဖြစ်လာသည်။ ထို့နောက် ဒုရဲချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသူ ဖြစ်ကာ ယခု ကာလတွင် ဒုရဲချုပ်နှင့် ခေတ္တရဲချုပ်တာဝန် ၂ ခုကို ပူးတွဲဆောင်ရွက်နေသူတဦး ဖြစ်သည်။