ဒေါ်အောင်ဆန်းစုကြည်၏ အမည်နာမနောက်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး လေးစားမှု၊ ဒီမိုကရေစီနှင့် အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ စသည့် ဂုဏ်ပုဒ်များနှင့် တွဲဆက်ထားသည်။ ကမ္ဘာပေါ်တွင် လူသိထင်ရှားသော တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားတို့နှင့် တတန်းတည်းထား လေးစားကြသည်။
အမေရိကန် ခရီးစဉ်မှ ယခု မြန်မာပြည် ပြန်ရောက် လာပြီဖြစ်သော ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန် သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကွန်ဂရက်နှင့် ဆီးနိတ် အမတ်များ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ သူရဲကောင်းတဦးကဲ့သို့ ဂုဏ်ပြုကြိုဆို ခဲ့ကြပြီး မြန်မာပြည် အပြောင်းအလဲအတွက် သမ္မတ ဦးသိန်းစိန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကို တန်ဖိုးထား လေးစားခဲ့ကြသည်။
အဖိနှိပ်ခံများ၏ ဒီမိုကရေစီသူရဲကောင်း ဘဝနှင့် အပေးအယူ အလျှော့အတင်းများကြားက လက်တွေ့နိုင်ငံရေးသမား ဘဝတို့ ကွာဟမှုကို ဒေါ်အောင်ဆန်းစုကြည် အချိန်တိုအတွင်း လေ့လာ ပြောင်းလဲယူနိုင်မှုက အမေရိကန်တို့ ပြောစမှတ် အဖြစ်ဆုံး ဖြစ်သည်။
၁၅ နှစ် နေအိမ်အကျယ်ချုပ်မှ နောက်ဆုံး လွတ်မြောက်လာအပြီး ပုံစံပြောင်းသွားသော နိုင်ငံရေး အုပ်ချုပ်မှုကို လက်သင့်ခံပြီး အတိတ်၏ လောင်းရိပ်အောက်မှ ရုန်းထွက်ကာ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရ၊ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးစီးသော နေပြည်တော်လွှတ်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ခရီးစဉ်တွင် ပိုမိုခိုင်မာစေခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့မှု အကြောင်းပြပြီး မိမိ စီမံအုပ်ချုပ်ရေး ညံ့ဖျင်းမှုကို ဖုံးကွယ်သူများကို စိန်ခေါ်၍သော်လည်းကောင်း၊ ဒီမိုကရေစီဘက်သားများ ကိုယ့်ခြေထောက်ပေါ်ကိုယ် အားကိုးစေလို၍သော်လည်းကောင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ရုတ်သိမ်းရေးကို ထောက်ခံခဲ့ကာ အမေရိကန်အစိုးရက ပြင်ဆင်နေခဲ့သော မြန်မာ့ပို့ကုန် ပြန်ဖွင့်ပေးရေးကို လမ်းဖွင့်ပေးခဲ့သည်။
တပ်မတော်၏ အရေးပါမှု၊ အနာဂတ်တွင် လက်စားချေ ခုံရုံးတင်ခြင်းများ မပြုလုပ်လိုဟုလည်း ဆိုခဲ့ရာ ၂၀၁၅ ရွေးကောက်ပွဲတွင် အကယ်၍ မဲအများစုဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပြီး လွှတ်တော်ကို လွှမ်းမိုးလာမည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ရာထူးအတွက် စာရင်းတင်လာပါက တပ်မတော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုကို လိုသောကြောင့်တကြောင်း၊ တပ်မတော်မပါဝင်ဘဲ မြန်မာ့အပြောင်းအလဲ ရှေ့မတိုးနိုင်မည်ကို စိုးရိမ်သောကြောင့်တကြောင်း ယုံကြည်မှု အပြန်အလှန် တည်ဆောက်ရန် လမ်းဖွင့်လိုပုံရသည်။
ယခုအခါ အသက် ၆၇ နှစ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို ဆက်လက်ဦးဆောင်မည်ဟု ယုံကြည်ရပြီး သမ္မတ ဦးသိန်းစိန်ကလည်း အကယ်၍ ပြည်သူအများစုက ဆန္ဒပြုပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတ တာဝန်ယူမည်ကို ကန့်ကွက်ရန်မရှိဟု ပြောဆိုခဲ့သည်။
ယင်းသို့ စိတ်လှုပ်ရှားဖွယ် အပြောင်းအလဲများကြောင့် အမေရိကန်များကလည်း မြန်မာပြည်အပေါ် ဒဏ်တပ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၍ ယခုအခါ ဆုလာဘ် ပြန်ပေးရမည်ဟု စိတ်ကောင်းဝင်ခဲ့ကြသည်။
မြန်မာပြည်အပေါ် ပိတ်ပင်ထားသည့် ငွေကြေးလွှဲပြောင်းနိုင်မှုကို သမ္မတ အိုဘားမား၏ လုပ်ပိုင်ခွင့်ဖြင့် ဖယ်ရှားရေးကို ကွန်ဂရက်က အတည်ပြုခဲ့ရာ မြန်မာပြည်တွင် အလျင်အမြန် လိုအပ်နေသော လမ်း၊ ရေ၊ လျှပ်စစ်မီးနှင့်လူထု ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ၊ ကျန်းမာရေး၊ ပညာရေး အစီအစဉ်များ မြန်မာအစိုးရက စတင် အကောင်အထည်ဖော်ရန် နိုင်ငံတကာ ငွေကြေးအင်စတီကျူးရှင်း၊ ဖွံ့ဖြိုးရေးဘဏ်များက ငွေ စချေးနိုင်မည်ဟု ယုံကြည်ရသည်။
အနာဂတ်အတွက် မျှော်လင့်ချက်မဲ့ဖြစ်နေခဲ့ရာမှ စိတ်လှုပ်ရှားဖွယ် အပြောင်းအလဲများကို မြင်နေကြရသော်လည်း မြန်မာပြည် ဇာတ်မပေါင်းသေးပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်လ်ဆင်မင်ဒဲလား၊ မြန်မာပြည်နှင့် တောင်အာဖရိက နိုင်ငံရေး အပြောင်းအလဲများကို နှိုင်းယှဉ်နိုင်သော်လည်း စီးပွားရေးအရမူ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရင်ဆိုင်နေရသည်မှာ တောင်အာဖရိက မဆိုနှင့် အနည်းဆုံး စစ်ဗိုလ်ချုပ်ဟောင်းများ ကိုးကားလေ့ရှိသော အင်ဒိုနီးရှားနှင့်ပင် မတူ၊ မြေကြီးပေါ်မှ စရမည့် အနေအထားဖြစ်သည်။
စစ်တပ်နှင့် ခရိုနီကြီးစိုးသော စီးပွားရေးစနစ်မှ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိပြီး တရားဥပဒေ စိုးမိုးမှုရှိသော တံခါးဖွင့် ဈေးကွက်စီးပွားရေး စနစ်ဆီ ပြုပြင်ပြောင်းလဲနိုင်ရေး ငွေကြေး၊ နည်းပညာ နှင့် လူ့အရင်းအမြစ် ရှားပါးခမ်းခြောက်နေသော မြန်မာပြည်အဖို့ အပြောလွယ်သလောက် အလုပ်ခက်မည်မှာ အမှန်ပင်။
နှစ် ၅၀ ကြာ စစ်အုပ်ချုပ်ရေးတွင် ခံစားခဲ့ကြရသော မတရားမှုများအတွက်လည်း အမှန်တရား ဖော်ထုတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး မည်သို့ ပုံဖော်မည်ကို ယခုအထိ ရှင်းလင်းစွာ မသိရသေးဘဲ လတ်တလော လိုအပ်နေသော တရားဥပဒေ စိုးမိုးရေးအတွက် လွှတ်တော်အတွင်း ဖွဲ့စည်းထားသည့် ကော်မတီမှ ဒေါ်အောင်ဆန်းစုကြည် စကိုင်တွယ်နေရသည့် အနေအထားသာ မြင်ရသေးသည်။
တိုင်းပြည်ပြန်လည် ထူထောင်ရေးတွင် ဒီမိုကရေစီစနစ် ကျင့်သုံးရေးနည်းတူ အရေးကြီးသည်မှာ တိုင်းရင်းသားအရေး ဖြစ်သည်။ ပြည်တွင်းစစ်ကို ရပ်ဆိုင်းပြီး ရေရှည် ငြိမ်းချမ်းမှု တည်ဆောက်မည်ဆိုလျှင် နိုင်ငံရေးအဖြေရှာနိုင်မှ ဖြစ်မည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ် ပြည်မ တန်းတူ ခံစားခွင့်၊ ပြည်ထောင်စုအပေါ် တာဝန်ခွဲဝေ ထမ်းရွက်ခြင်း စသည့် အာဏာနှင့် ဘဏ္ဍာရေး ခွဲဝေမှုအပေါ် ရှောင်လွှဲမရတော့ဘဲ တာဝန်သိစိတ်ထား အပြည့်ဖြင့် အပြန်အလှန် ညိနှိုင်းဆွေးနွေးမှ ဖြစ်မည်။
လွှတ်တော်အတွင်း တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် နှစ်ပတ်တကြိမ် တွေ့ဆုံနေသော်လည်း လွှတ်တော်ပြင်ပ တိုင်းရင်းသားအရေး၊ အထူးသဖြင့် မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်အတွင်းနှင့် တခြားနယ်စပ်ဒေသများတွင် ဖြစ်ပွားလျက် ရှိနေသော ပြည်တွင်းစစ် ရပ်ဆိုင်းရေးအတွက် ကိုင်တွယ်ထိတွေ့မှု နည်းသည်ဟု ဝေဖန်မှုများ ရှိသည်။
ရခိုင်ပြည်နယ်ရှိ မွတ်စလင် လူနည်းစုအရေးတွင်လည်း နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တဦးအနေဖြင့် မည်သို့မျှ အမည်နာမတပ်၍ ဖော်ထုတ် ပြောဆိုခြင်း မရှိသည့်အပေါ် ဝေဖန်ခံနေရသည်။ အမှန်တကယ်လည်း ဒီမိုကရေစီအခြေခံ နိုင်ငံရေးစနစ်တွင် မည်သူမျှ ဝေဖန်ရေးမှ ကင်းလွတ်မည်မဟုတ်၊ မှတ်ကျောက်တင်ခံနိုင်ရမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရှေ့လျှောက် စိန်ခေါ်မှုများ ဆက်ကြုံရမည်ဖြစ်သော်လည်း ၂၄ နှစ်တာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် စွန့်လွှတ်ပေးဆပ်လာခဲ့ပြီး ကိုယ်ရည်ကိုယ်သွေးတွင် ကမ္ဘာ့ခေါင်းဆောင်များ၌ တွေ့ရသော အရည်အသွေးရှိသည့် အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ကို နိုင်ငံ့အကြီးအကဲ သမ္မတ တာဝန် ပေးအပ်လျှင် မြန်မာ့ဂုဏ်ရည် ပိုပြောင်ဖို့သာ။
၂၀၁၅ ခုနှစ်တွင် အသက် ၇၀ ပြည့်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့ရေးကိုလည်း မျှော်တွေး၍ ပြောင်းလဲနေသည်ကို တွေ့ရသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး အုံကြွမှုကာလမှသည် ပြင်းထန်သော ဖိနှိပ်မှုကို ဖြတ်သန်းခဲ့အပြီး ယခုတိုက်ပွဲပြီးဆုံးပေပြီ။ ဆက်လက်၍ ထူထောင်ရေးကာလသို့ ရည်မျှော်ပြီး ခေတ်လူငယ်ပညာတတ်များကို ပါတီဦးဆောင်မှုနှင့် ဥပဒေပြုရေးတွင် ပါဝင်ရန် အားပေးနေသည်မှာ ကောင်းသော်လည်း အကျဉ်းထောင်တွင်း ဖြတ်သန်းလာခဲ့သူများနှင့် မလွဲမသွေ ပါတီတွင်း အားပြိုင်မှုကို ကြုံကြရသည်။ ယင်းသည်ပင် ပါတီနိုင်ငံရေး၊ ပို၍ဆိုရသော် ပါတီ၏ နိုင်ငံရေး ဦးတည်ချက်ကို ဒီမိုကရက်တစ် အလေ့အထများဖြင့် အခြေပြု ပေါင်းစပ်နိုင်ရမည် မဟုတ်လော။
အချုပ်ဆိုရသော် ၁၉၈၈ ခုနှစ်မှ မြန်မာ့နိုင်ငံရေးသို့ ဝင်ရောက်လာခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင် လာခဲ့သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ တဦးတည်း အစွမ်းအစကို မြန်မာသာမက ကမ္ဘာကပါ တွေ့မြင်ခဲ့ကြပြီး လေးစားတန်ဖိုး ထားကြသည်မှာ ငြင်းဆိုနိုင်ဖွယ် မရှိပေ။
သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၄ နှစ်ကာလ ပါတီဖြတ်သန်းမှုတွင် လိုအပ်ချက်များအရ အကြိမ်ကြိမ် ပြောင်းလဲ ဖွဲ့စည်းခဲ့သော်လည်း ထက်မြက်ပြီး ထိရောက်သော ဦးဆောင်လုပ်ငန်းအဖွဲ့ကို အခိုင်အမာ တည်ထောင်နိုင်ခဲ့ခြင်း မရှိသေးပေ။ ယခင် စစ်အစိုးရ၏ ပြင်းထန်သော ဖိနှိပ်မှုအောက် ပြန့်ကြဲပြီး ခေါင်းမထောင်နိုင်ခဲ့ဟုဆိုလျှင် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း ယခု အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးခေတ်တွင်မူ ယင်းအကြောင်းပြချက် အကြုံးဝင်တော့မည် မဟုတ်ချေ။