"ရေပက်မဝင် လုံခြုံရေး စနစ်ဆိုတာ ဘယ်နိုင်ငံမှာမှ မရှိဘူး"

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေ၊ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ သန်းခေါင်စာရင်းမှာ ပါ မပါ၊ ကဒ်အဖြူရောင်ကို ဘယ်လိုသတ်မှတ်ချက်နဲ့ ထုတ်ပေးထားသလဲ။ စစ်ပြေးဒုက္ခသည်များနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အရေး၊ နိုင်ငံခြားမှာ နိုင်ငံရေး ခိုလှုံသူတွေ မြန်မာနိုင်ငံသား ပြန်လျှောက်တဲ့ကိစ္စ၊ နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်း ပြန်ကောက်မှု စတာနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ဧရာဝတီသတင်းထောက် မေခက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။     ။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တွေ့နေရတော့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ လဝကဝန်ကြီးရဲ့ အခန်းကဏ္ဍက ဘာလဲ။

ဖြေ။     ။ငြိမ်းချမ်းရေးကတော့ နိုင်ငံတော်အစိုးရသစ်က ၂၀၁၁ခုနှစ် မတ်လ ၃၀ မှာ တာဝန်ယူလိုက်တယ်။ အဲဒီထဲက စတင်ပြီးတော့ ဒီလုပ်ငန်းကို အလေးပေး လုပ်ငန်းအနေနဲ့ စတင် လုပ်ဆောင်ခဲ့တာပါ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကိစ္စက နိုင်ငံတော်အစိုးရသစ်ရဲ့ အလေးထားဆုံး လုပ်ငန်း တစ်ခုပါ။ အရေးပါတဲ့ ခေါင်းစဉ်တစ်ခုဖြစ်တော့ သမ္မတကြီးကိုယ်တိုင် ဦးဆောင်တဲ့ နိုင်ငံတော်ငြိမ်းချမ်းရေး ဗဟိုကော်မတီ ဖွဲ့တယ်။ နောက် ဒု သမ္မတဒေါက်တာစိုင်းမောက်ခမ်း ဦးစီးတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီဆိုတာ ဖွဲ့တယ်။ အဲဒီမှာ လွတ်တော်ပိုင်းက ဦးသိန်းဇော်ခေါင်းဆောင်တဲ့အဖွဲ့ ရှိတယ်။ အစိုးရပိုင်းက ဒု ဥက္ကဌ ၃ယောက်ပေါ့။ အစိုးရပိုင်းက ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့ ရှိတယ်။ တပ်မတော်ပိုင်းက ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ခေါင်းဆောင်တာ ရှိတယ်။ ကျနော်ကတော့ ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့ရဲ့ အဖွဲ့ဝင်ပါ။ ဘာတာဝန်လဲဆိုတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။ အထူးသဖြင့် ကေအင်ယူနဲ့ ကရင်ကိစ္စတွေ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးရပါတယ်။ လဝက ဝန်ကြီးအနေနဲ့အဲဒီမှာပါတာ မဟုတ်ပါဘူး။ သို့သော် လဝက လုပ်ငန်းတွေ ဘာတွေပါလဲဆိုတော့ အဲဒီဒေသငြိမ်းချမ်းရေးပြီးတဲ့အခါမှာ ပြန်လာမယ့် IDP (ပြည်တွင်းနေ စစ်ပြေးစစ်ရှောင်သူ) တွေ၊ Refugee (တဘက်နိုင်ငံရောက် နိုင်ငံရေးနဲ့ စစ်ပြေးဒုက္ခသည်) တွေနဲ့ ပတ်သက်ပြီး နိုင်ငံသားဖြစ်ရေးကိစ္စတွေ ဆက်စပ်ပြီး လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

မေး။     ။ သန်းခေါင်စာရင်း တနိုင်ငံလုံး အတိုင်းအတာ ပြုစုနေတာ ဘယ်လို အနေအထား ရောက်ပါပြီလဲ သိပါရစေ။

ဖြေ။     ။ လက်ရှိက ၂၀၁၄ မှာ ပြည်လုံးကျွတ်ကောက်ယူမှာပေါ့။ ၁၉၈၃ မှာ ပြည်လုံးကျွတ်ကောက်ယူပြီး နှစ်ပေါင်း ၃၀ ကြာမှာ ပြန်ကောက်မယ်။ ဒီအတွက် အဆင့် ၄ ဆင့်နဲ့ လုပ်နေတယ်။ ပထမအဆင့်က ကြိုတင်ပြင်ဆင်ရေးအဆင့် ဖြစ်တယ်။ ဒုတိယအဆင့် ကတော့ ကွင်းဆင်းပြီး စာရင်းကောက်တဲ့အဆင့် ဖြစ်တယ်။ တတိယအဆင့်က ကွင်းဆင်းကောက်လာတဲ့စာရင်းကို ပြန်စစ်တဲ့ အဆင့် ဖြစ်တယ်။ နောက်ဆုံးအဆင့်က ထုတ်ပြန်တဲ့အဆင့်ဖြစ်တယ်။ စောစောကပြောသလို အစိုးရသစ်တပ်ပြီး ၂လလောက် အကြာမှာ ဒီလုပ်ငန်းကို စတယ်။ နှစ်ပေါင်း ၃၀ လောက် အတွေ့အကြုံပြတ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်ခြင်းဆိုတာကို အချိန်များများ ယူလိုက်တယ်။ စီမံကိန်းတခုလုံး ၃ နှစ်နဲ့ ၁၀ လကြာမယ်။ ဒီမှာကြိုတင်ပြင်ဆင်ရေးကို ၃၅ လလောက် ယူတယ်။ အခုကတော့ ကြိုတင်ပြင်ဆင်ရေးကာလ ဖြစ်တယ်။ ပြင်ဆင်ရေးကာလမှာ အဆင့် ၈ ဆင့်ရှိတယ်။ လက်ရှိက ပြည်သူတွေကို လိုက်ပြီးတော့ အသိပညာပေးတဲ့လုပ်ငန်းတွေ လုပ်တယ်။ ဒီမှာက လူဦးရေက သန်း ၆၀ လောက် ရှိတယ်။ အိမ်ထောင်စုက ၁၁ သန်းလောက်ရှိတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ခရိုင် ၇၀၊ မြို့နယ် ၃၃၀၊ ရပ်ကွက် ၃၀၅၁၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၀၊ ကျေးရွာပေါင်း ၆၄၃၄၆၊ လူမျိုးစု ၁၃၅ ရှိတယ်။ အဲဒါတွေကို လှည့်ပတ် အသိပညာပေးတယ်။ တိုင်းနဲ့ပြည်နယ်တွေမှာလည်း လိုက်ရှင်းပြမယ်။ ခုကာလကတော့ ပြည်သူအသိပေးကာလဆိုတော့ တနိုင်ငံလုံးတိုင်းတာအရ လုပ်နေရတာပေါ့။

မေး။     ။ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ သန်းခေါင်စာရင်းမှာ ပါမလား။ သူတို့ကို ကဒ်အဖြူရောင် ထုတ်ပေးထားတာ ဘယ်လိုသတ်မှတ်ချက်နဲ့လဲ။ ဧည့်နိုင်ငံသားလား။ ဒုက္ခသည်လား။ ဘယ်လို သတ်မှတ်ချက်နဲ့ ထုတ်ပေးထားလဲ သိပါရစေ။

ဖြေ။     ။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂလီမွတ်စလင်ကိုလည်း သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ထည့်ကောက်မယ်။ သန်းခေါင်စာရင်းကောက်တာက သတ်မှတ်အချိန်အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံ နယ်နမိတ်အတွင်းမှာ ရှိတဲ့လူ အကုန်လုံးကို ကောက်မယ်။ သံရုံး သံတမာန် မပါ ကောက်မယ်။ ဒီတော့ ဘင်္ဂလီဖြစ်စေ၊ မည်သည့်လူမျိုးစုပင်ဖြစ်စေ၊ သတ်မှတ် နယ်နမိတ်တွင်း ရှိရင် အကုန်ကောက် မှာပါ။ White Card ကတော့ ယာယီသက်သေခံကတ်ပြားပေါ့။ ကျနော်တို့နိုင်ငံမှာ ဘယ်နိုင်ငံသားရယ်လို့ တိတိကျကျ မသတ်မှတ်နိုင်သေးတဲ့သူတွေကို ထုတ်ပေးတာပါ။ သူတို့ ဘိုးစင်ဘောင်ဆက်ကို ကျကျနန မပြနိုင်သေးတဲ့သူတွေကို ဒီနိုင်ငံမှာ နေခွင့်၊ စားခွင့် ပေးတယ်။ သို့သော်လည်း မည်သည့် နိုင်ငံသားလို့ မသတ်မှတ်သေးတဲ့သူကို ဥပဒေနဲ့အညီ ကဒ်အဖြူရောင် ထုတ်ပေးတာပေါ့။ အဲဒါက ၁၉၅၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသား မှတ်ပုံတင်များ နည်းဥပဒေ ပုဒ်မ ၁၃ (ဂ) အရ ပေးတာပါ။ ဥပဒေမဲ့ ပေးတာ မဟုတ်ပါဘူး။ မှတ်ပုံတင်အရာရှိအနေနဲ့ အထူး အခွင့်အရေးအနေနဲ့ ပေးလို့ရတယ်ဆိုတဲ့ Right တခု အနေနဲ့ ပေးတာပါ။

မေး။     ။ သူတို့တွေက ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရှိတယ်ဆိုတော့ ဘယ်လိုမျိုး အခြေအနေ ဥပဒေက နိုင်ငံသားဖြစ်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ပါသလဲ။

ဖြေ။     ။ သတ်မှတ်ထားတဲ့အချက်တွေကတော့ နိုင်ငံသားဖြစ်မူပုဒ်မ ၄၂ မှာဆိုရင် ၁၉၄၈ မတိုင်မှီ ဘိုးဘွားဘီဘင် ဒီမှာနေခဲ့တယ်ဆိုရင် သူသည် ဒီမှာမွေးတယ်။ နိုင်ငံသားဖြစ်ဖို့ ဆန္ဒရှိတယ်။ တိုင်းရင်းသား ဘာသာတမျိုးမျိုးကို ပြောတတ်တယ်။ ဒီလိုတွေပြည့်စုံပြီး ကိုယ်တိုင်ဆန္ဒရှိတယ်ဆိုရင် နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိပါတယ်။ ဒီလိုဥပဒေတွေအရ ကိုက်ညီလို့ဖြစ်လာခဲ့ရင် သူကဥပဒေအရ ဖြစ်တဲ့နိုင်ငံသားလို့ပြောရတာပေါ့။

မေး။     ။နိုင်ငံသားနဲ့ ဧည့်နိုင်ငံသားနဲ့ အိမ်ထောင်ကျပြီး မွေးလာတဲ့ ကလေးတွေဟာ နိုင်ငံသားဖြစ်ပိုင်ခွင့် ရှိသလား။ ဘယ်လိုပုံစံ လက်ခံပါသလဲ။

ဖြေ။     ။ ၈၂ ဥပဒေပုဒ်မ ၇ အရ နိုင်ငံသားနဲ့ ဧည့်နိုင်ငံသားပေါင်းရင် သူသည် နိုင်ငံသားဖြစ်ခွင့် ရှိတာပေါ့။ သို့သော်လည်း ဧည့်နိုင်ငံသားဟာ သူမွေးချိန်မှာ ဧည့်နိုင်ငံသားဖြစ်ခွင့် ရှိနေတဲ့သူ ဖြစ်ရပါမယ်။ ဧည့်နိုင်ငံသားကဒ် ရပြီးသားဖြစ်နေတဲ့သူမှ ရမှာပေါ့နော်။ ဒီမှာ ဧည့်နိုင်ငံသားအဖြစ် မရသေးတဲ့သူဟာ နိုင်ငံသားနဲ့ လက်ထပ်လိုက်တယ်။ ဒါပေမယ့် သူတို့မွေးလာတဲ့ကလေးဟာ နိုင်ငံသား မဖြစ်နိုင်သေးပါဘူး။

မေး။     ။ ဒါဆို မွေးတဲ့ချိန်မှာ ကလေးကို ဘယ်လိုသတ်မှတ်မလဲ။

ဖြေ။     ။ ဒါက ဧည့်နိုင်ငံသားမဖြစ်သေးရင် သူက နိုင်ငံခြားသားလို့ပဲ သတ်မှတ်ပါတယ်။ သူက နိုင်ငံသားပြုခွင့်ရဖို့ လျှောက်ရမယ်။ ဒါဆို သူက ကျနော်တို့အသုံးအနှုန်းအရ ပြုနိုင်ငံသား ဖြစ်လာမယ်။ သူကမွေးတဲ့ကလေး ကျတော့ ဧည့်နိုင်ငံသားဖြစ်မယ်။ ဒီကနေတဆင့် မြေးကျမှ နိုင်ငံသားဖြစ်လာပါမယ်။

မေး။     ။ ထိုင်းနယ်စပ်နဲ့ မလေးရှား ဒုက္ခသည်စခန်းတွေ၊ တရားမဝင် ခိုလှုံနေကြတဲ့ရွှေ့ပြောင်းနေထိုင်သူနဲ့ အလုပ်သမားတွေ နိုင်ငံမဲ့ဖြစ်နေတာကိုဖြေရှင်းဖို့ ဘယ်လိုမူဝါဒ ထားပြီး ဘာတွေဆောင်ရွက်နေပါလဲ။

ဖြေ။     ။ အဲဒီမှာက ဒုက္ခသည်နဲ့ အလုပ်သမားနှစ်မျိုးက မတူဘူးပေါ့။ ဒုက္ခသည်ဆိုတာက တဖက်နိုင်ငံမှာနေတဲ့ Refugee Camp (ဒုက္ခသည်စခန်း) တွေမှာက ပြည်တွင်းပဋိပက္ခကြောင့် ဟိုဘက်မှာနေတာတွေ ရှိတယ်။ ဒီတော့ ဟိုဘက်မှာနေရင် Refugee ပေါ့။ ဒီဘက်မှာနေ IDP ပေါ့။ ဒီမှာ တချို့က တတိယနိုင်ငံ သွားချင်တော့ အလွယ်ဖြစ်အောင် ဒုက္ခသည်စခန်းမှာ သွားနေတဲ့လူတွေလည်း ရှိတယ်။ ပြည်တွင်းပဋိပက္ခကြောင့် မဟုတ်ဘဲ သွားနေကြတာတွေလည်း ရှိတယ်။ ဒီတော့ ပြည်တွင်းပဋိပက္ခကြောင့် သွားတဲ့လူတွေကို ငြိမ်းချမ်းရေးအစီအစဉ်တွေအရ အပစ်အခတ်ရပ်စဲရေး ခိုင်မာသွားပြီဆိုရင် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်၊ ဒါပြီးရင် တပ်ဖွဲ့ဝင်တွေ သူတို့အမျိုးအဆွေတွေ သူတို့နဲ့ဆက်စပ်တဲ့ပုဂ္ဂိုလ်တွေကို ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်တွေ လုပ်မယ်။ ဒီလိုလုပ်ငန်းစဉ်တွေရှိတော့ အဲလိုဒုက္ခသည်စခန်းက လူတွေကို မြန်မာနိုင်ငံသားအဖြစ် ပြန်စဉ်းစားရမယ့်သဘောပေါ့။

နောက် အလုပ်သမားက ကျတော့ တော်တော်များများက တရားမဝင် သွားကြတာတွေ များတယ်။ အဲဒီအတွက် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေး၊ နောက် လဝကရယ် သုံးဌာနက စီမံပေးတယ်။ ယာယီနိုင်ငံကူး လက်မှတ်ရအောင် စီမံပေးတယ်။ အဲဒီမှာ လဝကက နိုင်ငံသားဖြစ်လား မဖြစ်လားဆိုတာကို စစ်ပေးရတာ ဖြစ်ပါတယ်။ ထိုင်းမှာဆို အရင်က အလုပ်စခန်းက ၁၁ ခုထိဖွင့်ပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတယ်။ ခုကတော့ လုပ်ငန်းက သိမ်းခါနီးတော့ ၄ ခုလောက် ရှိပါတယ်။

မေး။     ။ ဒါဆို refugee တွေ၊ IDP တွေကိုပြန်ခေါ်တော့မယ်ဆိုရင် လဝက အနေနဲ့ ဘယ်လိုပုံစံနဲ့ လက်ခံဖို့ရှိမလဲ။ ဘာတွေပြင်ဆင်ထားပြီလဲ သိချင်ပါတယ်။

ဖြေ။     ။ ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ နိုင်ငံသားဖြစ်ရေးအတွက် လုပ်ပေးမယ်။ ဒီနေရာမှာ ပုဒ်မ ၄ ခုလောက်နဲ့ စဉ်းစားရတော့မယ်။ တစ်က ၈၂ ဥပဒေပုဒ်မ ၁၃ မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံသားနှစ်ခု ခံထားတာကို လက်မခံပါဘူး။ ဒီတော့ ဟိုနိုင်ငံသားဖြစ်နေရင်တော့ ဒီနိုင်ငံသားပြန်ခံမယ်ဆို ဟိုနိုင်ငံသားကို စွန့်ရပါမယ်။ ပုဒ်မ ၁၆ အရ တခြားနိုင်ငံရဲ့ ပတ်စ်ပို့၊ တခြားနိုင်ငံရဲ့ အထောက်အထား တစ်ခုခုကို ကိုင်လိုက်ပြီဆိုရင် ရပြီဆိုရင်ပေါ့ အလိုလိုနေရင်း ဒီလူဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးတယ်လို့ ပါပါတယ်။ နိုင်ငံသား မဟုတ်တော့ဘူး။ နောက် တတိယက ပုဒ်မ ၂၂ အရ နိုင်ငံသားအဖြစ်ဆုံးရှုံးသူသည် ဘယ်တော့မှနိုင်ငံသား ပြန်မဖြစ်နိုင်တော့ဘူး။

နောက် ၈၂ ဥပဒေ ပုဒ်မ ၈ အရ နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်အစိုးရသည် နိုင်ငံတော်အကျိုးဌာ ဒီလူတွေကို နိုင်ငံသားအဖြစ် ပြန်လည်လက်ခံလို့ ရတယ်။ နိုင်ငံတော် အကျိုးအတွက် ပြန်လည်လက်ခံလို့ ရပါတယ်။ အဲတော့ သူသည် နှစ်နိုင်ငံသား ခံလို့မရဘူး။ ဒီတော့ ဒီခုနကပြောတဲ့မူတွေကို အခြေတည်ပြီး
ပြန်လက်ခံဖို့ စဉ်းစားမှာပါ။ ဒီတော့ ကိုယ်တိုင်က ဒီနိုင်ငံသား ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ်တိုင်ဆုံးဖြတ်ရမှာပေါ့။

မေး။     ။ ၁၉၈၈ က ထွက်သွားပြီး တခြားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခဲ့ပြီး အခု မြန်မာနိုင်ငံသား ပြန်လျှောက်ထားသူ ၅၈ ယောက် ရှိတယ်လို့ ကြားရပါတယ်။ ဟုတ်ပါသလား။ သူတို့ကို ဘယ်လိုလက်ခံပါသလဲ။

ဖြေ။     ။ ၅၈ ယောက် လျှောက်တာ မှန်ပါတယ်။ သူတို့ကို ခုနကပြောတဲ့ အချက် ၄ ချက်ကို အခြေခံထားပြီး စဉ်းစားတာပေါ့။ ခုနမေးတဲ့ ၅၈ ယောက်လုံးက ၈၈ တုန်းက ထွက်သွားတဲ့လူတွေချည်းပဲ မဟုတ်ဘူး။ အစဉ်အဆက်ပေါ့။ သူတို့တွေ ပြန်လက်ခံဖို့ကို လဝက၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးရယ် ဆက်စပ်ဆောင်ရွက်နေတယ်။ နိုင်ငံခြားရေးက သံရုံးနဲ့ ဆက်စပ်ရတယ်။ ပြည်ထဲရေးက မှုခင်းကိစ္စတွေပေါ့။ ပြည်တွင်းပိုင်းကော နိုင်ငံတကာ မှုခင်းပိုင်းကိုကော စစ်ဆေးပါတယ်။ ၂၃ ယောက်လားပေါ့ နိုင်ငံတော်အဆင့်ထိ တင်ထားပေးပြီးပါပြီ။ စိစစ်ပြီးရင် သူတို့နိုင်ငံသားပြန်ဖြစ်ပါမယ်။

မေး။     ။ ဥပဒေမှာ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော် ပါဝင်နေသော စစ်မက်ကာလအတွင်း နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခွင့် မရှိစေရလို့ ပါတယ်။ စစ်မက်ဆိုတာကို ဘယ်လိုသတ်မှတ်လဲ။ ပြည်တွင်းစစ်ကြောင့် သွားတာရှိသလို ၈၈ အရေးအခင်းတုန်းက နိုင်ငံခြားကို ထွက်သွားတဲ့လူတွေ ဟိုမှာ နိုင်ငံသားခံတာတွေရှိတယ် မဟုတ်လား။

ဖြေ။     ။ စစ်မက်ကတော့ တနိုင်ငံနဲ့ တနိုင်ငံဖြစ်တာကိုပဲ ဆိုလိုပါတယ်။ ၈၈ ကတော့ ပြည်တွင်းပဋိပက္ခပါ။ နောက်ပြည်တွင်းစစ်ကြောင့်။ ဒါကိုပြောရရင် နိုင်ငံခြားကို တရားမဝင်ထွက်တာနဲ့ဒါဟာ လဝက ဥပဒေနဲ့တော့ ငြိပါတယ်။ မှန်တာပေါ့။ သို့ သော် အခု နိုင်ငံတော်က တံခါးဖွင့်ထားတယ်။ ပြန်လာချင်သူတွေအနေနဲ့
ပြန်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ ပြည်တွင်းမှာ နစ်နာချက် မရှိရင် တိုင်းပြည်အနေနဲ့လက်ခံမှာပါ။ နစ်နာသူရှိခဲ့ရင်တော့ တိုင်းပြည်က ပြန်ခေါ်ချင်တောင် သူ့အနေနဲ့ ဥပဒေအရ အရေးယူခံရမှာပါ။ ယုံကြည်ချက်ကြောင့်ဆိုရင်တော့ တခုက ဥပဒေကြောင်းအရ ငြိတယ်။ သို့သော် နိုင်ငံတော်အကြီးအကဲ စေတနာအရ အမျိုးသားပြန်လည်သင့်မြတ်ရေးတွက် လက်ခံပေးတယ်ဆိုတဲ့ သဘောပါ။

မေး။     ။ ရခိုင်လွှတ်တော်အမတ်တွေကို နိုင်ငံသား စစ်မစစ်စစ်ဆေးတာဘယ်လို အဖြေထွက်ပါပြီလဲ။

ဖြေ။     ။ အရေးယူတာ မရှိသေးပါဘူး။ စိစစ်တုန်းပါ။ လွှတ်တော်အမတ်တွေဆိုတော့ စိစစ်မှုက ခိုင်မာဖို့ လိုပါတယ်။ မှားယွင်းလို့ မရဘူး။ လဝကနဲ့တင် မပြီးပါဘူး။ သက်ဆိုင်ရာအဖွဲ့တွေနဲ့ သေချာ ထပ်စစ်နေတာပေါ့။

မေး။     ။ စစ်ဆေးတာ ၄ ယောက်ဘဲလား။ ထပ်တိုးတာများ ရှိလား။

ဖြေ။     ။ တိုင်စာပေးတာ ၄ ယောက်ဆိုတော့ တိုင်စာအတိုင်း စစ်တာပါ။ ကိုယ့်ဘာသာ ဖော်ထုတ်တာမျိုးတော့ မဟုတ်ပါဘူး။

မေး။     ။လက်ရှိ နိုင်ငံသားအဖြစ် မဟုတ်မမှန်နိုင်ငံသားအဖြစ် ရယူထားတဲ့သူ ဘယ်နှစ်ဦး ပြစ်ဒဏ်ကျခံထားရလဲ။ ဘယ်လောက် စစ်ဆေးတွေ့ရှိရလဲ။

ဖြေ။     ။ ကာလအပိုင်းခြားနဲ့ ပြောမှရမယ် ထင်တယ်။

မေး။     ။ ၁၉၈၂ကနေစပြီး ဥပဒေသက်ဝင်ပြီးနောက် ဆိုရင်ကော။

ဖြေ။     ။ ဥပဒေပေါ်ပြီးချိန်ကနေ စပြီးဆို ခုချိန်ထိ ၁၄ ယောက်ပါ။

မေး။     ။ ဝန်ထမ်းတွေထဲက နိုင်ငံသားတစ်ဦးအဖြစ် မဟုတ်မမှန် ရယူနိုင်အောင် ကူညီတာတွေ ရှိနေတယ်။ အဲဒီ ဝန်ထမ်းကို ဘယ်လို အရေးယူပါသလဲ။ လက်ရှိ အရေးယူခံရတာ ဘယ်လောက်ရှိနေပြီလဲ။

ဖြေ။     ။ မှန်ပါတယ်။ တချို့တွေ ရှိခဲ့တယ်။ ရှိတယ်ဆိုပေမယ့် အမှုအတိမ်အနက် ကြည့်ရမယ်ဆိုရင် စစ်ဆေးရမယ့် အထောက်အထားတွေကို မစစ်ဆေးဘူး။ ပျင်းတာပေါ့။ အဲလိုလူတွေ များတယ်။ ၁၁ ဦးရှိပါတယ်။ ပြစ်မှုအတိမ်အနက်အရ ထုတ်ပစ်လိုက်တယ်။ ဒီ ၁၁ ဦးစလုံးကို ထုတ်တယ်။ နောက် ရာထူးချတာတွေ ရှိတယ်။ ဌာနအတွက်က ဒါက အသက်ပါ။ ဒါကို ပေါ့တီးပေါ့ဆ လုပ်တာတွေ များပါတယ်။ ရည်ရွယ်လုပ်တာမျိုးတွေ နည်းပါတယ်။ ဒီလိုတွေ မဖြစ်အောင် တာဝန်ယူနေရတယ်။

မေး။     ။ နိုင်ငံသားစိစစ်ရေးကဒ် အတုလုပ်ရလွယ်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်။ လုပ်ထားတာတွေလည်း ရှိပါတယ်။ ဒီပေါ်မှာ ဘာတွေလုပ်မလဲဆိုတာ သိပါရစေ။

ဖြေ။     ။ ဟုတ်ပါတယ်။ သိပါတယ်။ လောလောဆယ်က စက္ကူနဲ့လုပ်တာဆိုတော့ အတုအပ လုပ်ရတာ လွယ်တယ်လို့ ပြောလို့ရပါတယ်။ သန်း ၆၀ မှာ ၇၀ ရာခိုင်နှုန်းဟာ
တောနေပြည်သူတွေ နောက် တိုင်းပြည်က စီးပွားရေးအရ အားမကောင်းတာတွေကြောင့်ဆိုတော့ နိုင်ငံတော်အစိုးရက အားလုံးအတွက် သုံးနိုင်အောင်လုပ်ပေးတာပါ။ Smart Card တွေပြောင်းဖို့ စီမံနေတယ်။ အဲဒီမှာက အတုမပ မလုပ်နိုင်အောင် လုပ်တဲ့ဟာတွေ ပါတာပေါ့။ ရှိတဲ့လူတွေ ပြန်လဲရမယ်။ မရှိတာကို ထုတ်ပေးရမယ်။ ဒီလိုတွေ ကြီးကျယ်တာဆိုတော့ အခုလုပ်ဖို့ကမ်းလှမ်းလာတာတွေ ရှိတယ်။ ဒီပေါ်မှာ စဉ်းစားနေတာပါ။ လုပ်သွားမှာ။ မဖြစ်ဖြစ်အောင် လုပ်သွားမှာပါ။ လေ့လာနေဆဲပေါ့။ သေချာလုပ်သွားမှာပါ။

မေး။     ။ ရခိုင်မှာ တဖက်နိုင်ငံကလူတွေ ရောက်နေတယ်၊ အနောက်တံခါးကျိုးခဲ့တယ်။ ဒီလိုပဲ အရှေ့ဘက်မှာလည်း ဒီလိုပဲ၊ တရုတ်လူမျိုး မြန်မာပြည်ဖွားမဟုတ်သူတွေ ရောက်နေတယ် ဆိုတဲ့ ပြောဆိုချက်တွေ ရှိတယ်။ သိန်း ၂၀ ပေးရင် ချက်ချင်းနိုင်ငံသားလက်မှတ်ရတယ်လို့ ပြောဆိုတာတွေ ရှိနေတယ်။ ဒီပေါ်မှာရော ဘာများပြောချင်သလဲ။

ဖြေ။     ။ ဒါကိုပြောရရင် သမိုင်းကိုပြောရလိမ့်မယ်။ မြန်မာပြည်အနောက်ခြမ်းကတော့ ရခိုင်ဒေသဟာ အင်္ဂလိပ်-မြန်မာ ပထမစစ်မှာကတည်းက ဒေသတခုလုံး အင်္ဂလိပ်လက်အောက် ကျတယ်။ အိန္ဒိယနယ်ထဲ ကျသွားတယ်။ သူတို့ဘက်ကကြည့်တော့ နယ်စပ်မရှိတော့ဘဲ အိန္ဒိယနွယ်ဖွားကုလားတွေ၊ ပါကစ္စတန်နွယ် ပထန်တွေ၊ နီပေါနွယ် ဂေါ်ရခါးတွေ၊ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား ဘင်္ဂလီတွေ ဝင်လာခဲ့တယ်။ နောက်တခါ ၄၉ မှာ ပြည်တွင်းသောင်းကျန်းမှုတွေပေါ်တော့ အရှေ့နယ်စပ်တွေမှာ လုံခြုံရေးကျိုးပေါက်ပြီး အိမ်နီးချင်းတွေ ဝင်လာ တယ်။ အုပ်ချုပ်ရေး အာဏာစက် မရောက်တာတွေ ရှိတယ်။ ဒါတွေဟာ သမိုင်းနဲ့အတူ ပြည်တွင်းစစ်နဲ့အတူ ဖြစ်ခဲ့တာပါ။ ဒီအချိန်မှာ ဘယ်သူက နယ်စပ်ဂိတ်မှာ ကျကျနန စစ်လို့ ရခဲ့လို့လဲ။ တော်တော်များများ အဲလိုနေထိုင်ပေါက်ဖွားလာတာ လဝကကြောင့်သာ မဟုတ်ဘူး။ သမိုင်းကြောင့်ပါဘဲ။ ပြည်တွင်းပဋိပက္ခတွေ သက်တမ်းရှည်လို့၊ လွတ်လပ်ရေး ဆုံးရှုံးခဲ့လို့လို့ပြောနိုင်တယ်။ နယ်စပ်ကို လိုသလို သတ်မှတ်ပြီး အင်မတန် ရှည်လျားတဲ့ နယ်စပ်တလျှောက် ခိုးဝင်ခိုးထွက်တွေ ရှိလာခဲ့တယ်။ ခု လက်ရှိမှာ တိုင်းပြည်အနေနဲ့ တတ်နိုင်သမျှ ကာကွယ်နေပါတယ်။ လဝကလည်း လုပ်နေသလို တခြားအဖွဲ့တွေလည်း လုပ်နေပါတယ်။ နိုင်ငံတော်လုံခြုံရေးအရ လုပ်နေပါတယ်။

သန်း ၆၀သော ပြည်သူကို ပြောချင်ပါတယ်။ သန်း ၆၀ သော လူတွေကို ၆၀၀၀ သော လဝကက မနိုင်နိုင်ဘူး။ မဟုတ်တာ လုပ်နေတာတွေတွေ့ရင် သတင်းပေးပါ။ပြောတာနဲ့ မလုပ်နိုင်တာ မရှိစေရဘူး။ ပြည်သူသတင်းပေးတဲ့ တနေ့ မတရားမှုတွေ ပျောက်စေရပါမယ်။ ပူးပေါင်းစေချင်တယ်။ ပြည်သူကသိပြီး အကူအညီမပေးဘူး အပြစ်ပဲ ပြောနေမယ်ဆိုရင်တော့ မတရားမှုတွေ မပျောက်နိုင်ဘူး။ လဝက လူ ၆၀၀၀ နဲ့တော့ လုပ်မရနိုင်ဘူး။ ကြိုးစားလုပ်နေပါတယ်။ သတင်းတွေပေးကြပါ။
သိတာနဲ့တပြိုင်နက် အရေးယူမှာပါ။

မေး။     ။ ဒါဆို လက်ရှိချိန်မှာ နယ်စပ်ဂိတ်ပေါက်တွေကို အကောင်းဆုံး ကာကွယ်ထားနိုင်တယ်လို့ပြောနိုင်မလား။

ဖြေ။     ။ ပြောရရင် အလွန်အကျွံပြောတာ ကျမယ်။ ခုက အိမ်နီးချင်း ၅ နိုင်ငံနဲ့ ဆက်စပ်တယ်။ တရားဝင် နယ်စပ်ဂိတ်ကြီးပဲ ၁၆ ပေါက် ရှိတယ်။ တရားမဝင်ကတော့ အများကြီး ဝင်လို့ရတယ်။ စနစ်တကျ စစ်ဆေးနိုင်အောင် အခု ကိုယ်တိုင်ရေးပြီး သေချာစစ်ဆေးနိုင်မယ့် စနစ်တခုကို သေချာရေးပြီး တင်ထားပါတယ်။ စနစ်ကျသော လဝက နယ်စပ်ဒေသ ထိန်းချုပ်ရေးစနစ်ဆိုတဲ့ဟာ တင်ထားတယ်။ မျက်လုံးနဲ့စစ်တာထက် စက်နဲ့စစ်တာပေါ့။ တွေ့တဲ့လူကို လက်ဗွေနဲ့စစ်ဆေးတဲ့စနစ်လိုမျိုးပေါ့။ တွေ့တဲ့နေရာမှာ စစ်ဆေးနိုင်တဲ့ ကိရိယာတွေ တပ်မယ်။ လုပ်ထားတယ်။ နယ်စပ်နဲ့ ဗဟိုနဲ့ အချိန်နဲ့တပြေးညီ လုပ်နိုင်အောင် စနစ်တွေတပ်ဖို့ လုပ်ထားတယ်။ ဒါတောင်မှ မလွယ်ပါဘူး။ အရင်က ရဲချုပ်လုပ်ခဲ့တော့ သိတယ်။လုံခြုံရေးစနစ်ဆိုတာ ရေပက်မဝင်လုံခြုံရေး စနစ်ဆိုတာ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

အခုထိတော့ အားလုံး ထိန်းနိုင်တယ် ပြောမယ်ဆိုရင် ပိုတယ်ပြောမယ်။ နိုင်ငံတော်ကလည်း တတ်နိုင်သမျှ ပံ့ပိုးပေးနေပါတယ်။ တချို့ဟာတွေကို နိုင်ငံတကာနဲ့ ဆက်စပ်လုပ်နေတယ်။ သြစတြေးလျနဲ့ ကနေဒါကလည်း ကူညီပေးနေတယ်။ ဂျပန်ကလည်း ကူညီပေးနေတယ်။ ဖြစ်ဖို့ လုပ်နေပါတယ်။ ဘတ်ဂျက်အရ အကုန်မရပေမယ့် တပေါက်ရ တပေါက် လုပ်မှာ။ တိုင်းပြည်ကကြည့်ရင် လဝကဘဲ သားသမီးမဟုတ်ဘူးလေ။ ကျန်တဲ့ ဝန်ကြီးဌာန အကုန်လုံး သားသမီးလေ။

မေး။     ။ (Permanent Residency) ပီအာရ်စနစ် ခွင့်ပြုဖို့ အခြေအနေကရော ဘယ်လိုရှိပါပြီလဲ။

ဖြေ။     ။ ပီအာရ်စနစ်ကတော့ နိုင်ငံတော်အကြီးအကဲ သမ္မတကြီးရဲ့လမ်းညွှန်ချက်အရ နိုင်ငံခြားသားများ မြန်မာပြည်တွင်း အမြဲနေထိုင်ခွင့်လုပ်ဖို့ ဆောင်ရွက်ကြပါတယ်။ ဒါကို ဒုတိယသမ္မတကြီး ဦဉာဏ်ထွန်း ကိုယ်တိုင်ဦးစီးပြီး ၂၀၁၂ အောက်တိုဘာလက ၂၂ ရက်က ကော်မတီတခု ဖွဲ့တယ်။ စဉ်းစားခဲ့ကြတယ်။ နိုင်ငံတော်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အကူအညီတွေ၊ လုပ်ငန်းတွေ၊ ပညာရှင်တွေ နောက် ဒီနိုင်ငံက ပညာရှင်တွေ ပြန်လာနိုင်ဖို့ နိုင်ငံတော်အကြီးအကဲရဲ့စေတနာက အမျိုးသားရင်ကြားစေ့ရေးတွက် အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားရသူတွေနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လုပ်ဖို့ ဒီစနစ်ကို ရေးဆွဲတယ်။ ဒီစနစ်ဟာ ပြည်တွင်းမှာ ရှိတဲ့ တည်ဆဲဥပဒေတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတာ ဖြစ်တယ်။ မလွယ်ကူဘူးပေါ့။ ခုတော့ ဒီစနစ်နဲ့ ပတ်သက်တဲ့နည်းဥပဒေ ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီး အတည်ဖြစ်နေပါပြီ။ ဒါကို နိုင်ငံတော်အစိုးရအဖွဲ့က အတည်ပြုပြီးပါပြီ။ လွှတ်တော်ပြန်စရင် အတည်ဖြစ်မယ်။

မေး။     ။ဒါဆို ဒီမှာ ဘယ်လိုအချက်တွေပါမလဲ၊ ဘယ်လောက် အတိုင်းအတာ နေခွင့်ရမလဲ။ ဘယ်လိုပုံစံနဲ့ ဘယ်လိုခံစားခွင့်ရမလဲ နောက် ဘယ်အချက်တွေကြောင့် ပီအာရ်စနစ် ရုပ်သိမ်းနိုင်မလဲ သိပါရစေ။

ဖြေ။     ။ မထွက်သေးတော့ သတင်းပေါက်မှာ စိုးရတယ်။ ပြောရရင် ပီအာရ်ရဲ့ ကနဦး သက်တမ်းဟာ ၅ နှစ်ရှိပါတယ်။ ရခြင်း မရခြင်းကတော့ ပီအာရ်ဆုံးဖြတ်တဲ့ အဖွဲ့ရှိတယ်။ အသေးစိတ် အချက်ကတော့ မထွက်သေးတော့ ပြောလို့ မရဘူး။ လျှောက်ထားရမယ့်ပုံစံ၊ လျှောက်ထားရမယ့် လိုအပ်တဲ့အရည်ချင်း၊ နေခွင့် သက်တမ်းပေးရမယ့် အခကြေးငွေ၊ ရပိုင်ခွင့်၊ လိုက်နာရမယ့်တာဝန်၊ ပယ်ဖျက်ခွင့် အကုန်လုံးက နိုင်ငံတကာ စံနှုန်းအတိုင်း မြန်မာနိုင်ငံနဲ့ကိုက်ညီအောင် ဆွဲထားပါတယ်။

မေး။     ။ နိုင်ငံခြားသားတွေ တိုးရစ်တွေအပါအဝင် တော်တော်တွေ့လာရပြီ။ တိုးရစ်ဗီဇာအပြင် ဘယ်လိုဗီဇာတွေ လျှောက်ထားခွင့်ရှိလဲ။

ဖြေ။     ။ ဗီဇာက ၆ မျိုးရှိတယ်။ တိုးရစ်၊ လုပ်ငန်း၊ ဆိုရှယ်၊ (Workshop/ Training) လို့ပြောတဲ့ Entry ဗီဇာ၊ Diplomatic၊ Multi-entry စတဲ့ခြောက်မျိုး ပေးပါတယ်။ ဒါအပြင် Student Visa ဆို တချို့က Entry ဗီဇာမှာပါတာ၊ လုပ်ငန်းဗီဇာမှာပါတာရှိတယ်။ သာသနာရေးဗီဇာဆိုတာ သီးသန့်တော့ မရှိဘူး။ အဲဒီသာသနာတွက်ဆို Entry ဗီဇာထဲပါတာတွေ ရှိတယ်။ ဒီပေါ်မူတည်ပြီးခွဲထုတ်ပေးရင် ကောင်းမလားစဉ်းစားနေတယ်။

မေး။     ။ မြန်မာနိုင်ငံသားနဲ့ အိမ်ထောင်ကျတဲ့ နိုင်ငံခြားသားကို ဘယ်လို ဗီဇာမျိုး ထုတ်ပေးလဲ။ သူတို့ ကလေးတွေရော နိုင်ငံသားဖြစ်ခွင့် ရှိလား။

ဖြေ။     ။ အဲလို အိမ်ထောင်ကျတယ်ဆိုရင် ဆိုရှယ်ဗီဇာပေးတယ်။ သူတို့ကရတဲ့ ကလေးတွေကတော့ နိုင်ငံသား မဖြစ်နိုင်သေးဘူးပေါ့။ ပုဒ်မ ၄၃ အရဆို မွေးတဲ့ကလေးဟာ ဒီ ၈၂ ဥပဒေမှာပါတဲ့အတိုင်းဆိုရင် နိုင်ငံသားပြုခွင့်ရသူဖြစ်မယ်။ ပြုရတော့ သူတို့ရဲ့တတိယ မျိုးဆက်ကျမှ နိုင်ငံသားဖြစ်မယ်။ ၈၂ မတိုင်ခင်မှာ မွေးရင်တော့ ပုဒ်မ ၅ က အရ နိုင်ငံ သားတန်းရတဲ့သဘော ရှိတယ်။

မေး။     ။ ထိုင်းနယ်စပ် ၄ ဂိတ်တွေ ဖွင့်လိုက်တော့ ဘာတွေက စိန်ခေါ်မှုဖြစ်လာမလဲ။ ဘာတွေက အခွင့်အလမ်းတွေ ဖြစ်မလဲ။

ဖြေ။     ။ စိန်ခေါ်မှု ကြီးကြီးမားမား မရှိပါဘူး။ နောက်ကြောင်းပြောရရင် ၁၉၉၇ က ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းရေးတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးတယ်။ အဲဒီမှာ နယ်စပ်ပေါက်သုံးပေါက်ကို တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း ဒီသုံးပေါက်မှာ BP လို့ခေါ်တဲ့ Border Pass ကိုင်ပြီး နှစ်ဖက်ဆွေမျိုးအသိတွေ အပြန်အလှန်လည်လို့ ရအောင် လက်မှတ်ထိုးတယ်။ ကရင်ပြည်နယ်က တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးတွေရနေပြီဆိုတော့ ပြယုဂ်အဖြစ် International အပေါက်အဖြစ် လေဆိပ်လိုမျိုး ညှိနှိုင်းကြတယ်။ နယ်စပ်ပဲ သွားလို့ရတာကို နည်းနည်းထပ်ချဲ့တယ်။ သူတို့ဘက်ကတော့ နယ်စပ်ဘက်ကနေ ချဲ့ပြီးသွားလို့ရတာကို မလုပ်နိုင်သေးဘူး။ မဆွေးနွေးနိုင်သေးဘူးပေါ့။ လက်ခံတာတော့ ခုနအပေါက် ၃ ခုအပြင် ထားဝယ်ဘက်မှာ ထီးခီး-ဖုန်နန်ရွန်ဘက်ကို ပါဖွင့်လိုက်တယ်။ ပတ်စပို့စ်ကိုင်ထားသူက ဒီကနေ တရားဝင်ထွက်နိုင်တာပေါ့။

အားသာချက်ကတော့ များတယ်။ ကမ္ဘာလှည့်တွေ ဝင်လာတယ်။ အရင်က နိုင်ငံတကာက လေကြောင်းက တပေါက်၊ ရေကြောင်းက တပေါက် ဒါဘဲရှိတယ်။ နယ်စပ်က မရှိဘူး။ ခု ဒါ မြန်မာသမိုင်းမှာ ပထမဆုံးလုပ်တာ။ ငြိမ်းချမ်းရေးကို ဖော်ပြနိုင်ခဲ့တာပေါ့။ အလုပ်အကိုင်တွေ ရလာတယ်။ ဒေသတွင်း ဖွံ့ဖြိုးမှုတွေ ပေါ်လာတယ်။ စကားပြော သင်တန်းတွေ တက်လာတယ်။ နေ့တိုင်းတွေ့ ရှိချက်တွေ အမြဲလေ့လာနေတော့ မျှော်မှန်းတာထက်ကျော်ပြီး ခက်ခဲတာ မရှိဘူး။ ဧည့်သည် သိပ်များလာရင်တော့ လိုကောင်းလိုနိုင်တယ်။ ဆက်သွယ်ရေးပိုင်းမှာ တည်းခိုခန်းပိုင်းတွေရောပေါ့။ ခက်ခဲလာနိုင်တယ်။ သို့သော် ခုထက်ထိတော့ ကြီးမားတဲ့ စိန်ခေါ်မှုမရှိ ဘူး။

မေး။     ။ အိန္ဒိယနဲ့ တရုတ်နယ်စပ်ကိုရော ဖွင့်ပေးဖို့ ဘယ်တော့လောက်ဖြစ်မလဲ။ ဘာတွေက နောက်ကျနေစေတာလဲ။

ဖြေ။     ။ အိန္ဒိယနဲ့ကတော့ MOU မထိုးရသေးဘူး။ ကွင်းဆင်း လေ့လာရေးတော့ လုပ်ထားတယ်။ တရုတ်ဘက်က ၈ ပေါက် ရှိတယ်။ တပေါက်လုပ်မယ်။ ထိုင်းဘက်ကမှာ ဖြစ်လာတဲ့ အားသာချက်၊ အားနည်းချက်ကိုကြည့်ပြီး ၂ လတန်သည်၊ ၃လတန်သည်မှာ စောင့်ပြီး ဖွင့်သွားမယ်။

မေး။     ။ တရုတ်ဘက်ကမှာ ၈ ပေါက်ရှိတာမှာ ဘာလို့ တပေါက်ပဲ ဖွင့်တာလဲ။ ထိုင်းဘက်ကျတော့ ၄ ပေါက်လုံးဖွင့်တော့ ဘယ်လို အခက်ခဲတွေ ရှိလို့လဲ။တခြား ခက်ခဲမှုတွေက ဘာတွေရှိနေလို့လဲ။ ဥပမာ နယ်မြေ မအေးချမ်းဘူး ထင်လို့လား။

ဖြေ။     ။ဒါက ဝန်ကြီးဌာနက လုပ်ရမယ့် အပိုင်းရယ်၊ တိုင်းနဲ့ပြည်နယ် လုပ်ရမယ့် အပိုင်းရယ် နှစ်ပိုင်းမှာ မနိုင်မနင်း ဖြစ်မှာ စိုးတာပါ။ စက်တွေ တက်ရမယ်။ ဘဏ္ဍာရေးပိုင်း လိုတယ်။ စက်အတွက်က ဝန်ထမ်းတွေ စွမ်းရည်လိုတယ်။ တတိယနိုင်ငံသားတွေ ပါဝင်လာမှာဆိုတော့ နိုင်ငံတကာဆက်ဆံရေးပညာ လိုတယ်။ ဝင်လာတဲ့လူကို Black List ပါ မပါ စစ်ရတယ်။ ဒါကနေ့တိုင်း အပြောင်းအလဲ ဖြစ်တယ်။ နိုင်ငံတကာနဲ့ ဆက်ရတာကိုး။ ဒီမှာ ကွန်နက်ရှင် ကောင်းဖို့ လိုတယ်။ မဟုတ်ရင် လွဲကုန်မှာပေါ့။ နိုင်ငံတော်လုံခြုံရေးပိုင်း စဉ်းစားရတယ်။ တိုင်းနဲ့ပြည်နယ်ပိုင်းက လမ်းတွေ ကောင်းဖို့ လိုတယ်။ ရွာတွေမှာ မြန်မာလိုကော အင်္ဂလိပ်ကိုကော ကပ်ထားရမယ့် စာတွေ လိုမယ်။ လူတွေကို ဧည့်လမ်းညွှန်တွေ၊ တည်းခိုဖို့တွေ လိုတယ်။ လုပ်သင့်ပေမယ့် ချက်ချင်း လုပ်မရဘူး။ ဘဏ္ဍာငွေကြေးပိုင်း တွေပါတော့ စဉ်းစားရတာပေါ့။ တခုပြီးမှတခု လုပ်တာပါ။

မေး။     ။ တရုတ်ဘက်အတွက် ဘယ်အပေါက်ကို ရည်ရွယ်ထားတာလဲ သိပါရစေ။

ဖြေ။     ။ (ရယ်လျက်) သတင်းတွေတော့ပေါက်ပါပြီ။ မထူးပါဘူး။ မူဆယ်ကို ရွေးထားတယ်။

မေး။     ။ နောက်ဆုံး မေးချင်တာ အရင်ရဲချုပ် ဘဝနဲ့ အခု လဝကဝန်ကြီး ဘဝ ဘယ်ဟာက ပိုခေါင်းကိုက်သလဲ။

ဖြေ။     ။ ဒီလုပ်ငန်းတွေက ဆက်စပ်နေတာပေါ့။ ရဲချုပ်ဘဝကတော့ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းရေးပေါ့။ နေ့စဉ်ဖြစ်ပေါ်တဲ့ စဉ်ဆက်မပြတ်ကို လုပ်နေရတာပေါ့။ လဝကကလည်း ဒီလိုပါဘဲ။ ရည်မှန်းချက်နဲ့အညီ လုပ်ရတာပေါ့။ ဥပဒေတိုင်း လုပ်ရတာပေါ့။ လုပ်ငန်းနှစ်ခုက ဂုဏ်ယူစရာကောင်းပြီး ဝါသနာလည်းပါပါတယ်။ နှစ်ခုလုံးလုပ်ရလို့ အင်မတန်မှ ဝမ်းသာပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading