"စနစ်ကြီးတခုလုံး ဖြိုလိုက်ပြီး အသစ်ဆောက်ဆိုတာ မဖြစ်နိုင်ဘူး"

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၏ ဒု ဥက္ကဋ္ဌဟောင်း ကိုအောင်ဒင်သည် ၁၉၈၈ ခုနှစ် ဒီမို ကရေစီရေး လူထုအုံကြွမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် ၁၉၈၉ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဖမ်းဆီးခံခဲ့ရသည်။ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိပြီးနောက် Free Burma Coalition တွင် ၂ နှစ်၊ US Campaign for Burma တွင် ဒါရိုက်တာ အဖြစ် ၂၀၀၃ခုနှစ်မှ ၂၀၁၂ခုနှစ် အထိ ဆောင်ရွက်ခဲ့သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုးနှင့် ယခု တွေ့ ဆုံမေးမြန်းမှုတွင် ကိုအောင်ဒင်ကလက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေး၊ အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ ပေါ်လစီ အရွေ့ နှင့် အနာဂတ် ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတမှုရေးဆိုင်ရာ အမြင်များကို ပြောပြခဲ့ပါသည်။

မေး။     ။ အစိုးရသစ်တာဝန်ယူပြီးတဲ့ အချိန်ကစလို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နိုင်ငံခြား ရေးမူဝါဒက ဘယ်လောက်အထိပြောင်းသွားသလဲ၊

ဖြေ။       ။ ဟိုးအရင်နှစ်တွေတုန်းက အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒကို လူ့အခွင့် အရေး အခြေ အနေ တွေပေါ်မှာမူတည်ပြီး သတ်မှတ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ အချက် ၃ ချက်မှာ မူတည်ပြီး စဉ်းစားပါတယ်။

လူ့အခွင့်အရေးသည် အရေးကြီးတဲ့ အချက်အလက်တွေထဲမှာ ပါတုန်းပဲ။ ပြီးရင်တော့ စီးပွားရေးနဲ့ ပထဝီ နိုင်ငံရေး ပေါ့။ အာရှ ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အင်းအားကြီးထွားမှုကို ချိန်ညှိဖို့ ကြိုးစားနေတဲ့ အချိန်မှာ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာတောင် အမေရိကန်နဲ့ရင်နှီးတဲ့ အစိုးရတရပ်ရှိေနေစေချင်တယ်။

ဒီအချက်သုံးချက်ကို စဉ်းစားတဲ့နေရာမှာ သူတို့ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒက မှန်တယ်လို့ သူတို့က ယုံကြည်တယ်။ သွားတဲ့လမ်းတလျှောက်မှာမမျှော်လင့်တဲ့ အခက်အခဲတွေ၊ ဆုတ်ယုတ်မှုတွေ ရှိကောင်းရှိမယ် ဒါပေမယ့် သူတို့ နောက် ဆုတ်ဖို့ မရှိဘူး။ ရှေ့ကိုပဲဆက်တိုးသွားမှာပဲ။

တချိန်ထဲမှာပဲ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက် ပွဲတခု ဖြစ်ဖို့ သူတို့က မျှော်လင့် နေတယ်။ ၂၀၁၅ ရွေးကောက်ပွဲက တကယ်တမ်းသန့်ရှင်းမျှတမယ်ဆိုလို့ရှိရင် ၂၀၁၆ ရဲ့ လွှတ်တော်အခင်းအကျင်းက ပိုပြီးတော့ အားကောင်းလာလိမ့်မယ်။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစု တွေ  လွှတ်တော်မှာ ပိုပြီးတော့ များလာလိမ့်မယ်။

အဲဒီအခါကျရင် လွှတ်တော်က လက်ရှိ လွှတ်တော်ထက်ပိုပြီးတော့ အားကောင်းလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် အမေရိကန်အစိုးရက  ၂၀၁၅ ရွေးကောက်ပွဲ ကို အားပေးဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။

မေး။      ။ အမေရိကန် အစိုးရရဲ့ အမြင်မှာ မြန်မာနိုင်ငံက ဘယ်လိုနိုင်ငံမျိုးလဲ။

ဖြေ။       ။ ကျနော် ဒီမလာခင် အမေရိကန်အစိုးရ နိုင်ငံရေးအရာရှိတယောက်နဲ့ ကျနော် တွေ့တယ်။ တွေ့တဲ့အခါကျတော့ မင်းတို့နိုင်ငံကို ပုံမှန် နိုင်ငံ တခုလို့ သူတို့သဘောထားတယ်လို့  သူကပြောတယ်။ ကျနော်တို့မှာ အစိုးရရှိတယ်၊ အတိုက် အခံ ရှိတယ်၊ အစိုးရကို ထောက်ခံသူရှိတယ်၊ အတိုက်အခံကို ထောက်ခံသူရှိတယ်။ ပဋိပက္ခတွေလည်းရှိတယ်။ တခါတခါ မှာ အကြမ်းဖက်မှုတွေ၊ ဖြိုခွဲမှုတွေရှိတယ်။ ဒါပေမယ့် ဒါတွေက ကမ္ဘာ့နိုင်ငံ အများအပြားမှာ ဖြစ်ရိုး ဖြစ်စဉ်ပုံမှန်တွေပဲတဲ့။

သူတို့နိုင်ငံမှာဆိုရင်လည်း နေ့စဉ်နဲ့အမျှ ဆန္ဒပြမှုတွေဖြစ်နေကြတာပဲ။ မင်းတို့နိုင်ငံကို အရင်တုန်းက ငါတို့သတ်မှတ်ခဲ့သလို ဖိနှိပ်ခံပြည်သူများနဲ့ ဖိနှိပ်သူ အာဏာရှင်များအကြား နေ့တဓူ၀ တိုက်ပွဲဖြစ်နေတဲ့ failed state မဟုတ်တော့ဘူး၊ ပုံမှန် နိုင်ငံတခုလို့ ငါတို့ သတ်မှတ်ထားတယ်တဲ့။ normal state လို့သတ်မှတ်ထားတာကလည်း နိုင်ငံတွင်းမှာဖြစ်နေတာ တွေက ပုံမှန်မဟုတ်တဲ့  ဖြစ်စဉ်တွေ မဟုတ်တော့လို့တဲ့။

ခုချိန်မှာ မြန်မာအစိုးရကလဲ သူတို့ ငွေစက္ကူတွေကို တရားဝင် ကြေညာ လို့ မရတော့ဘူးဘူး၊ ဆန္ဒပြမှုတွေကို ဖြိုခွင်းတဲ့နေရာမှာ စစ်တပ်ကိုမသုံးရဘူး၊ စစ်တပ်က အာဏာသိမ်းလို့ မရတော့ဘူး ဆိုတာ ကိုနားလည်နေကြပြီ။ တကယ်လို့ သူတို့က ဒီအချက်တွေကို မချိုးဖောက်ဘူး ဆိုရင် နိုင်ငံတကာ ကလည်း မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ အကြောင်းမရှိပါဘူး။

မေး။      ။ တချိန်ထဲမှာပဲ မကြာသေးခင်က ဆန္ဒပြကျောင်းသားတွေ အများကြီး အဖမ်းခံရတယ်။ အစိုးရရဲ့ တုန့်ပြန် မှုက အရင် နှစ် ၂၀ က လုပ်ခဲ့တဲ့ အတိုင်းပါပဲ။

ဖြေ။       ။ အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက အကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင် ကန့်ကွက်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ စဉ်းစားရမှာ တခုတော့ ရှိတယ်။ စကားလုံး အသုံးအနှုန်းပဲ။ သူတို့ ကြေညာ ချက် တွေမှာ အမေရိကန်အပါအဝင် ကုလသမဂ္ဂ ကြေညာချက်တွေကို ဖတ်တဲ့အခါမှာ သူတို့သုံးတဲ့စကားလုံးက regret နဲ့ disappointment လိုမျိုးစာလုံးတွေပဲ ရွေးချယ်သုံးစွဲခဲ့တယ်။ condemn ဒါမှမဟုတ်  denounce လို စကားလုံးတွေ ပြင်းပြင်းထန်ထန် မသုံးကြတော့ဘူး။ ကြေညာချက်တွေမှာ စကားလုံးရွေးချယ်မှုက လေးနက်မှု အတိုင်းအတာကိုဖော်ပြနေပါတယ်။

မေး။      ။ နိုင်ငံတကာ အသိုင်းအဝိုင်းက လုံးဝလေသံလျှော့ချပစ်လိုက်တယ်လို့ ဆိုလိုတာလား။

ဖြေ။       ။ သူတို့ စဉ်းစားပုံစဉ်းစားနည်း ပြောင်းခဲ့တယ်။ သူတို့က အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ထိတွေဆက်ဆံမှု မျိုး လုပ်လိမ့်မယ်။ အမှားအယွင်းရှိရင် အစိုးရကို တိုးတိုးတိတ်တိတ် ပြောလိမ့်မယ်။ ဒါပေမယ့် လူသိရှင်ကြား ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချတာမျိုးတော့ လုပ်မှာမဟုတ်ဘူး။

မေး။      ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ အဓိက အောင်မြင်မှုနဲ့ ဆုံးရှုံးမှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ။       ။ အုပ်ချုပ်ရေး ယန္တရားတွေမှာ institution ဖန်တီးမှုတွေရှိပါတယ်။ အစိုးရက လွှတ်တော်ကို တာဝန်ခံရတယ်။ တရားစီရင်ရေး စနစ်က လွှတ်တော်နဲ့ အစိုးရကို တာဝန်ခံရတယ်။ ဒီ institution တွေက မပြည့်စုံဘူး။ ဒါပေမယ့် မူ ဘောင်တခုဖြစ်လာတယ်။ ဒါက အင်မတန်ကောင်းတဲ့ အချက် ပေါ့။ အရင် စစ်အစိုးရတုန်းက ဘယ်သူ့ကိုမှ တာဝန်ခံ စရာ မလိုဘူး။

နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက် အင်အားစုတွေ နိုင်ငံရေး နယ်ပယ်ထဲမှာ ဝင်ရောက်ပြီး လှုပ်ရှားခွင့်ရကြတာ ကောင်းတဲ့ အချက်ပေါ့၊  အရပ်ဖက်အဖွဲ့အစည်းတွေ ပေါ်ပေါက် လာတာလဲ ကောင်းတဲ့ အချက်ပါပဲ၊ နောက်တချက်က အစိုးရကိုယ်နှိုက်က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ဆင်းရဲနွမ်းပါးမှု ကိစ္စကို ထုတ်ဖော် ဝန်ခံ လာရတာ။

ဆိုးတဲ့အချက်တွေကတော့ အပြောင်းအလဲကို ထိပ်ဆုံးက ပုဂ္ဂိုလ်တွေကသွားချင်တာ တောင်မှ မသွားဘဲနဲ့ ကန့်လန့် တိုက်နေတဲ့ အင်အားစုတွေက အစိုးရအဖွဲ့ထဲမှာ ရှိနေတယ်။ ကြံ့ခိုင်ရေးပါတီထဲ မှာရှိနေတယ်။ သမ္မတကလည်း မပြတ်သားဘူး၊ သူတို့ အစိုးရ ကိုယ်တိုင်ကိုယ်က အမဲစက်တွေ အများကြီးရှိတယ်၊ မကောင်းတဲ့ ပုဂ္ဂိုလ်တွေ အများကြီးပဲ။ တကယ်တမ်းကျတော့ သူရဲ့ ဂုဏ်သိက္ခာကို သူ့ရဲ့ အစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်တချို့က ဖျက်ဆီးနေတာ၊ ဒီအပေါ်မှာ ပြတ်ပြတ်သားသား သူအရေးမယူနိုင်ဘူးဖြစ် နေတာ။

အဂတိလိုက်စားမှုနဲ့ပဲဖြစ်ဖြစ် အာဏာအလွဲသုံးစား လုပ်တာပဲ ဖြစ်ဖြစ် အဲ့ဒိကိစ္စတိုင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တွေက သူတို့အဖွဲ့ထဲမှာ ရှိတယ်။ နောက်တခုကတော့ ဘာသာရေးမတူညီမှု ပဋိပက္ခ၊ ဘာသာရေးမတူညီမှု ပဋိပက္ခက တော်တော် ကြီးစိုးပါတယ်၊ အခုမဖြစ်သေးဘူး၊ ဖြစ်လာနိုင်တယ်၊ ဒါကြီးက ပြီးသွားတာမဟုတ်ဘူး၊ ဒါကြောင့်အဲ့လိုမျိုးမဖြစ် အောင်၊ ကာကွယ်တားဆီးနိုင်ဖို့လိုပါတယ်။

မေး။      ။  ဒီဘက်နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲရေး ရပ်တန့်သွားပြီလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေများလာတယ်။ အုပ်ချုပ်ရေးယန္တယားထဲမှာ ဆွေမျိုးကောင်းစားရေးဝါဒ (nepotism) ရှိနေတုန်းပဲ။ အစိုးရကလည်း မဖြေရှင်း နိုင်ဘူး။ အစိုးရက ဆင်းရဲနွမ်းပါးမှုကို ဝန်ခံထားပေမယ့် လက်တွေ့မှာ အောက်ခြေလူတန်းစား တွေ ဘဝမြှင့်တင်ရေး အတွက် ဘာမူဝါဒမှ မရှိဘူး။

ဖြေ။       ။ ကျနော်မြင်တာကတော့ Reform ဆိုတာ ဘယ်လောက် လုပ် လုပ်၊ ဘယ်လောက်ပဲ အရှိန်မြင့်မြင့် သုံးလေးနှစ် နဲ့မပြီးဘူး၊ အချိန်ကာလတခု၊ နှစ်တော်တော်များများ ဖြတ်သန်း သွားရ တယ်။ ဒီမှာ ရှေ့ကို ပုံမှန်ရွေ့တာရှိမယ်၊ နောက်ပြန် လှည့်တာရှိမယ်၊ မရွေ့ဘဲနဲ့ ရပ်ထားတာ ရှိကောင်းရှိမယ်၊ ကစားကွင်းထဲမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်အားလုံးက တာဝန်ယူ ရ ပါမယ်။

ခုန သမ္မတက သူ့ဝန်းကျင်မှာ မကောင်းတဲ့ အင်အားစုတွေ ရှိနေသည် ထားဦးတော့ အဲ့ဒီအင်အားစုရဲ့ လွှမ်းမိုးမှု အောက်က လွတ်မြောက်ဖို့ဆိုရင် ကျနော်တို့ ဘာလုပ်ပေးချင်သလဲ။ ဒီဘက်က အရပ်ဘက်အဖွဲ့အစည်းများက သူ့ကို ရန်သူလို့ သဘောထားရင် သူကလည်း ဒီဘက်ကလူတွေကို ရန်သူလိုသဘောထားမှာပဲ။ အခု ကျနော်တို့ဖြစ်နေတာက အမျိုးသား ပြန်လည် သင့်မြတ်ရေးလို့ အော်နေကြတယ် ၊ တကယ်တမ်းလက်တွေ့မှာ သင့်မြတ်ချင်တဲ့စိတ်  ဘယ်လောက် ရှိသလဲ ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။

မေး။       ။ ဒါပေမယ့် အခု Political Atmosphere  က သူတို့ အရင်စစ်အစိုးရ ချထားတဲ့ နိုင်ငံရေးလမ်းကြောင်း အတိုင်းပဲ သွားနေတယ်။ အဲဒါကို နည်းနည်းမှ ပြောင်းလဲမယ့် အနေအထားမရှိဘူး။ လုပ်ပိုင်ခွင့် ရှိတဲ့သူတွေက အားသာချက် အမြဲတမ်း ယူထားကြတယ်။

ဖြေ။       ။ အဲဒါကပြောဖို့ ခက်ပါတယ်။ သူတို့လည်း သူတို့ဟာသူတို့ ပြိုကွဲသွားတာပဲ၊ အရင်တုန်းက စစ်တပ်ဆိုတာ တစုတစည်းထဲ ရှိခဲ့တာ။ အခုကျတော့ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီဆိုပြီး ကွဲသွားတယ်။ ကြံ့ခိုင်ရေးကနေ အစိုးရ ထပ်ဖြစ် သွားတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသည်၊ ဝန်ကြီးများသည် အစိုးရအဖွဲ့ထဲ ရောက်သွားတဲ့ အချိန်ကစပြီး ပါတီတာဝန် မထမ်းဆောင်ရတော့ဘူး။

တကယ်လို့ ဗိုလ်ချုပ်သန်းရွှေရဲ့ သြဇာက ရှိတယ်ဆိုဦးတော့ အ ကြီးအမား မဟုတ်တော့ဘူး။ အခု ကြံ့ခိုင်ရေးပါတီထဲမှာ လူထုအသံ နားထောင်ချင်တဲ့ သူအချို့ ကျနော်တွေ့ရပါတယ်။  ကျနော်တို့က သူတို့ကို ပိုပြီးစည်းရုံးဖို့ လိုတာပေါ့ဗျာ။ အဲဒါတခုက ကျနော်တို့ စဉ်းစားစရာပေါ့။ နောက်တခုက လက်ရှိ တပ်ထဲက သော် လည်းကောင်း၊ ကြံ့ခိုင်ရေး ဖြစ်သွားတဲ့ ဗိုလ်ချုပ်ဟောင်းတွေသော် လည်းကောင်း၊ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်ကောင်း အောင် လုပ်ကြမယ်ဆိုရင် ကျနော်တို့ဘက်က ပူးပေါင်းဆောင်ရွက်မယ့် အနေအထား ရှိဖို့တော့ လိုတာပေါ့။

မေး။      ။ကိုအောင်ဒင်က နိုင်ငံရေး အကျဉ်းသားဟောင်း တယောက် ဖြစ်ပါတယ်။ အမေရိကန်မှာ ရှိနေတုန်းကလဲ အစိုးရကို အများကြီး ဝေဖန်ခဲ့တယ်။ အခု အစိုးရကို ဘယ်လို အကဲဖြတ်ချင်ပါသလဲ။

ဖြေ။       ။ ကျနော် ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုဘူး။ ကျနော် တယောက်တည်း ဖြစ်တဲ့အခါကျတော့ ၂ ဘက် လုံးကို ကြည့်ပါတယ်။ အစိုးရဘက်ကိုလည်း ကြည့်တယ်၊ ကျနော်တို့ ဒီမိုကရေစီ အင်အားစုဘက်ကိုလည်း ကြည့်တယ်။ အစိုးရဘက်မှာလည်း ဆိုးတဲ့လူတွေ ရှိသလို ကောင်းတဲ့လူတွေလည်း ရှိတယ်။ အရင်တုန်းက ဒီအဖွဲ့အစည်းက အဆိုး ချည်းပဲလို့ မြင်ထားရာကနေ အဲ့ဒီအထဲမှာလည်း ကောင်းတဲ့လူတွေ ရှိပါလားလို့ မြင်လာတဲ့အခါမှာ အံ့သြစရာ ဖြစ်လာ တယ်။ နောက်ပြီးတော့ ဒါတွေက ကြိုဆိုစရာ ဖြစ်လာတယ်။ တချိန်က ကျနော်ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ အင်အားစုတွေ ဘက်ကို ကြည့်တဲ့အခါကျတော့လည်း အရင်ကတော့ လူကောင်းတွေချည်းပဲပေါ့။ ရှင်းရှင်းပြောရရင် ဟိုဘက်က အမဲ။ ဒီဘက်က အဖြူပေါ့။ ခုက နှစ်ဖက်စလုံးမှာ မီးခိုးရောင်တွေက ရှိလာပြီ။

ဒီချိန်က တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရမယ့်အချိန်၊ ပြည်လည်တည်ဆောက်ရမယ့် အချိန်မှာ တင်းမာမှုတွေနဲ့ ဆက်သွားမယ်ဆိုရင် ပြန်လည်တည်ဆောက်ခြင်းက ဒီထက်ပိုပြီးတော့ နှေးကွေးလိမ့်မယ်၊ ရှိတဲ့အနေအထားကနေ ကျနော်တို့က ကောင်းအောင်ဆက်လုပ်ရမယ့် တာဝန်ရှိတယ်။ မကောင်းဘူးဆိုပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ဘေးထွက်ထိုင်နေလို့လည်း မရဘူး။ ရှိနေတဲ့ အနေအထားမှာ ရနိုင်တဲ့အခွင့်အရေးကို ယူပြီးတော့ ပိုကောင်းသထက် ကောင်းအောင် ဆက်လုပ်ရမယ့် အချိန်လို့ ကျနော်က မြင်ပါတယ်။ အခု ကျနော်တို့ဘက်မှာလည်း အသက်၀၀ရှုဖို့ အခွင့်အရေး ရှိလာတယ်။ အဲဒီတခုက နှစ်ဖက်စလုံးအတွက် အကျိုးရှိပါတယ်။

မေး။       ။ တကယ့်ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ သမ္မတကနေ အုပ်ချုပ်တဲ့ အစိုးရတရပ်၊ အဲ့ဒါမျိုးကို နောက်ထပ် ငါးနှစ်၊ ဆယ်နှစ် မှာ တွေ့ရ မယ့် အလားအလာရှိပါသလား။

ဖြေ။       ။ ကျနော်ထင်တယ် မဖြစ်နိုင်သေးဘူးဗျ။ နောက်ထပ် နှစ် ၂၀ လောက်လည်း စောင့်ချင် စောင့်ရလိမ့်မယ်။ အရင်တုန်းက ကျနော်လည်း အင်မတန်ကို မာတယ်ပေါ့နော်။ Hardliner ပေါ့။  အရှေ့ဥရောပကတော်လှန်ရေး တွေ ကျနော် လေ့လာတယ်။ အဲဒီမှာ လူထုအုံကြွမှုနဲ့ အာဏာရှင်အစိုးရ တွေ ပြုတ်ကျသွားတယ်။ အာဏာရှင် အစိုးရကနေ လူထုရွေးကောက်တင်မြှောက်တဲ့ အစိုးရတွေ တက်လာတယ်။ ဒါပေမယ့် အဲ့ဒီ လူထုကိုယ်စားပြု အစိုးရက အရည်အချင်း မပြည့်စုံတာရယ်၊ နောက် သူတို့ထဲမှာလည်း အကျင့်ပျက်ခြစားမှုတွေ ရှိကြတယ်။ ရှေ့က အာဏာရှင် ချန်ထားရစ်ခဲ့တဲ့ ပြဿနာ အထုပ်ကြီးတွေက သိပ်ကြီးလာတယ်။ နောက် လူထုက မျှော်လင့်ချက် သိမ်ငယ်လာတယ်။ အဲဒါနှစ်ခု ပေါင်းဆုံ လာတဲ့ အခါကျတော့ စီးပွားပျက်လာတယ်။ နောက်ပိုင်း လူထုကိုယ်၌က သူတို့တင်ခဲ့တဲ့ အစိုးရကို ပြန်ဖြုတ်ချတယ်။ တိုင်း ပြည်က မတည်မငြိမ်ဖြစ်လာတယ်။ လတ်တလော အီဂျစ်က အနီးဆုံး နမူနာပဲ။

ကျနော့်တိုင်းပြည်ကို အဲဒီလို မဖြစ်စေချင်ဘူး။ လူတွေပါဝင်တဲ့၊ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ စနစ်ကြီးတခုကို လုံးဝဖြိုလိုက်ပြီးတော့ အသစ်ဆောက် ဆိုတာ မဖြစ်နိုင် ဘူးလို့ ကျနော်ထင်တယ်။ ဖြစ်ရင်လည်း အန္တရာယ်ကြီးပြီးတော့ နောက်ဆုံး ဆိုဗီယက် ရုရှားမှာလို အာဏာရှင်စနစ်ပဲ ပြန်သွားမယ့်သဘော ရှိတယ်။ နှစ်ဖက် အပေးအယူ လုပ်ရမယ်၊ ညှိနှိုင်းရမယ်၊ ပူးပေါင်းဆောင်ရွက်ရမယ်။ တဖက်ကို ဘယ်လိုပြောရမလဲ အနိုင်ရသူ အ ကုန်ယူပေါ့၊ Winner Takes All ဆိုတာတော့ မရှိသင့်တော့ဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading