မြန်မာပြည်မှာ ကျေးလက်ဖွံ့ဖြိုးရေးဟာ အခုအထိ အဓိကကျတယ်လို့ပြောတိုင်း ဒီလူဟာ ကွန်မြူနစ်လား၊ လက်ဝဲကြောင်လားဆိုပြီး လူတချို့ရဲ့ အကြည့်ခံရပါတယ်။ ကျေးလက်ကို အခြေခံတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ရင် ဒီလို ချဉ်းကပ်မှုမျိုးဟာ လက်ဝဲတွေပဲလုပ်လေ့ ရှိတယ်လို့ အထင်ခံရလေ့ရှိပါတယ်။
နိုင်ငံတခုချင်းစီမှာ မတူညီတဲ့ သဘာဝတွေ ရှိပါတယ်။ ဥပမာ စင်ကာပူလိုနိုင်ငံမျိုးမှာ ကျေးလက် ဖွံ့ဖြိုးရေးလို့ သွားပြောရင် လူရယ် စရာ ဖြစ်မှာပါ။ ဘာကြောင့်တုန်းဆိုတော့ မူလသဘာဝကို၌က လယ်သမားမရှိသလို ကျေးလက်ဆိုတဲ့ဒေသမျိုးလည်း မရှိတာကြောင့် ပါ။ နိုင်ငံသေးတာလည်း ပါတာပေါ့။ နိုင်ငံသေးတာကြောင့် ကူးသန်း ရောင်းဝယ်ရေးကို အဓိကထားပါတယ်။ နိုင်ငံတကာက စီးပွားရေး အဖွဲ့အစည်း ကြီးငယ်လတ်တွေ အခြေစိုက်ခွင့်ပြုပါတယ်။ အဲဒီ နိုင်ငံတကာ စီးပွားရေးအဖွဲ့ အစည်းတွေအပေါ်မှာ အမျိုးစုံတဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ လုပ်ပါတယ်။
ထိုင်းနဲ့ မလေးရှားလို နိုင်ငံမျိုးမှာတော့ နိုင်ငံတကာ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းတွေ တည်ရှိနေသလို၊ စက်မှုပိုင်းဆိုင်ရာမှာလည်း အနောက်နိုင်ငံများကို မမီသေးသော်လည်း အတော်လေးထွန်းကား လာနေပါတယ်။ တချိန်တည်းမှာလည်း ကျေးလက်ဒေသနဲ့ လယ်သမား ဆိုတဲ့ အဝန်းအဝိုင်းလည်း ဆက်လက် တည်ရှိနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆိုတာ ကျေးလက်ကို အခြေခံရတာ ဖြစ်တာကြောင့် လယ်သမား လူတန်းစားကို ပစ်မထားဘဲ အစိုးရများအနေနဲ့ ပံ့ပိုး ကူညီရပါတယ်။ နည်းပညာ၊ လျှပ်စစ်စွမ်းအင်၊ ဓာတ်မြေဩဇာ၊ လယ်ယာသုံး စက်မှုပစ္စည်းအထွေထွေနဲ့ ထွက်လာတဲ့ စိုက်ပျိုးကုန် တွေကို ပြည်တွင်းဈေးကွက် နိုင်ငံတကာ ဈေးကွက်တွေမှာ အမြတ် ရရှိအောင် အစိုးရလုပ်သူက ဖန်တီးရှာဖွေပေးပါတယ်။
အိန္ဒိယနိုင်ငံကို ကြည့်လိုက်ရင်လည်း သဘောချင်းတူနေတာကို တွေ့ရပါတယ်။ ကျေးလက်ဒေသနဲ့ ကျေးလက် လူ့အဖွဲ့အစည်း ဟာ ထုကြီးထည်ကြီးနဲ့ တည်ရှိနေတုန်းပါ။ ဒါကြောင့် အိန္ဒိယ အစိုးရဟာ ကျေးလက်ဖွံ့ဖြိုးရေးအတွက် နည်းမျိုးစုံသုံးပြီး မဖြစ် မနေဆောင်ရွက်ပါတယ်။ မြန်မာအစိုးရလို လယ်သိမ်း၊ မြေသိမ်း လယ်သမားထောင်ချတဲ့ နိုင်ငံမျိုး မဟုတ်ဘူးဆိုတာ မြင်ရပါတယ်။ အိန္ဒိယ အစိုးရဟာ စိုက်ပျိုးရေး အမှီပြုနေတဲ့ လယ်သမား လူတန်း စားရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ပြိုဆင်းမသွား ရအောင် ဂရုတစိုက် လုပ်ပါတယ်။ ကျေးလက် လူ့အဖွဲ့အစည်းက ထုထည်ကြီးမားတာကြောင့် ပြိုဆင်းသွားတယ်ဆိုရင် တိုင်းပြည် နစ်နာတာနဲ့ အတူတူဖြစ်တာကြောင့် ဂရုစိုက်တာ ဖြစ်ပါတယ်။
တချိန်တည်းမှာလည်း တသီးပုဂ္ဂလ စက်မှုလုပ်ငန်းတွေ တိုးတက် လာအောင်လည်း လမ်းဖွင့်ပေးပါတယ်။ ကန့်သတ်ထားတာမျိုး မရှိပါဘူး။ ကန့်သတ်ချုပ်ချယ်တာ မရှိဘူးဆိုပေမယ့် ငွေရှင်ကြေးရှင် တွေ လုပ်ချင်သလို မလုပ်နိုင်အောင်တော့ စောင့်ကြည့်ထိန်းညှိပါတယ်။
တောင်အာရှနိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေ (စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံများကလွဲလို့) မှာ ကျေးလက်လူ့အဖွဲ့ အစည်းဆိုတာ အင်အားကောင်းကောင်းနဲ့ ဆက်လက် တည်ရှိနေပါတယ်။ အရှေ့ အာရှနိုင်ငံများထဲက ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံများမှာတော့ ကျေးလက်ဆိုတာ ဆက်လက် တည်ရှိနေသေး ပေမယ့်ထုထည်သေးသွားပါပြီ။ စိုက်ပျိုးရေးကို မှီခိုရတဲ့ ဂျပန် လယ်သမား ကိုရီးယားလယ်သမား လူတန်းစားဟာ မြို့နေလူတန်း စားထက် လူဦးရေအရ သေးငယ်သွားတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အတိုင်းအတာတခုအရ ကျေးလက်ဒေသဟာ ဆက်လက် တည်ရှိနေပါတယ်။
ဒုတိယကမ္ဘာစစ် မတိုင်ခင်က ဂျပန်နိုင်ငံမှာကျေးလက်နေ လူဦး ရေဟာမြို့နေလူဦးရေထက် ပိုများခဲ့ပါတယ်။ စိုက်ပျိုးရေးကိုအမှီ ပြုတဲ့ လယ်သမားယာသမား လူတန်းစားများခဲ့တာပါ။ စစ်ကြီး အတွင်း အာရှတိုက်က နိုင်ငံအတော်များများကို ဂျပန်တွေသိမ်းပိုက်တုန်းက ပါဝင်ခဲ့တဲ့ အောက်ခြေဂျပန်စစ်သား အများစုဟာ လယ် ကွင်းတွေထဲကနေ မဖြစ်မနေ စစ်ထဲကိုဝင်လာရတဲ့သူများ ဖြစ်ပါတယ်။ စစ်ကြီးပြီးတော့ စက်မှုလုပ်ငန်းတွေ အရှိန်အဟုန် မြင့်မားအောင် ဆောင်ရွက်မယ်လို့ ဂျပန်အစိုးရက ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ရိုးရာအရ အလွန်အင်မတန် ချမ်းသာတဲ့ မြေပိုင်ရှင်ကြီးတွေဆီက လယ်တွေကို အစိုးရက ဝယ်ယူပြီး ဒေသခံမြေမဲ့ လယ်သမားတွေကို ဝေခြမ်းပါတယ်။ ပထမတော့ မြေရှင်ကြီးတွေက သူတို့မြေတွေကို မရောင်းလိုပါဘူး။ ဒါပေမယ့် မရောင်းရင်လည်း အစိုးရက သိမ်းမှာဆိုတော့ ရောင်းရပါ တယ်။
ဒီတော့ အစိုးရဘက်က ဘာပြန်လုပ်ပေးသလဲဆိုတော့ မြေရှင်ကြီး တွေသူတို့မြေကို ရောင်းချပြီး စွန့်လွှတ်လိုက်ရတဲ့အတွက်မြေရောင်းလို့ ရတဲ့ ငွေများကို စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံစေပါတယ်။ နောက် ပိုင်းမှာတော့ စက်မှုလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ စိတ်ချသေချာ မှုရှိတယ်ဆိုတာ မြင်လာပါတယ်။ ဒါကြောင့် ဂျပန် မြေပိုင်ရှင်တွေဟာ တဆင့်ချင်း ဆိုသလို မြေရှင်ဘဝကို စွန့်လွှတ်ပြီး စက်မှုလုပ်ငန်းရှင်တွေ ဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်မှာအခု မြေယာတွေကို အစုလိုက်အပြုံ လိုက် ပိုင်ဆိုင်နေတဲ့ မြေပိုင်ရှင်ကြီး တွေရှိပါတယ်။ ဘယ်သူတွေပါလဲ။ တခေတ်တခါက ဂျပန်မြေပိုင်ရှင်ကြီးတွေလို ရှေးနှစ်ပေါင်း လေးငါးရာ ကတည်းက အစဉ်အဆက် ပိုင်ဆိုင်တာမျိုးလား၊ ဒါမှမဟုတ်နောက်ပိုင်း ကာလကျမှဇွတ်အတင်း သိမ်းယူလို့ ပိုင်တာမျိုးလား ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဂျပန်မြေရှင်တွေက သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေကို လယ်မဲ့ယာမဲ့ လယ်သမားတွေဆီ ရောက်စေခဲ့ပါတယ်။ မြေရှင်ကနေ စက်မှုလုပ်ငန်းရှင်တွေ ဖြစ်လာခဲ့ပါတယ်။
မြန်မာပြည်မှာက ပြောင်းပြန်ပါ။ အခုခေတ်အထိ မြေမဲ့လယ်သမား တွေကို မြေယာပြန်လည် ဝေခြမ်းရမယ့်အစား လယ်သမားဆီက လယ်မြေယာမြေတွေကို သိမ်းကောင်းနေတုန်းပါ။ ဒီလိုဖြစ် နေတာက ဘာကိုပြနေသလဲဆိုရင် မြန်မာပြည်မှာ အဆင့်ဆင့်သော စက်မှုလုပ်ငန်း များ တိုးတက်လာဖို့အတွက် သေချာတဲ့ အခြေအနေ တရပ် မရှိသေးဘူး ဆိုတာကို မီးမောင်းထိုးပြနေတာပါ။
ကောင်းပါပြီ၊ မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးလာဖို့ အခြေ အနေက မပေးသေးဘူးရင်ဆိုရင် စိုက်ပျိုးရေးကို အခြေခံနေတဲ့ ကျေးလက်ဖွံ့ဖြိုးရေးကို ပိုပြီးဦးစားပေး မလုပ်သင့်ဘူးလားလို့ မေးစရာ ဖြစ်လာပါ တယ်။ တခါ ကျေးလက်ဖွံ့ဖြိုးဖို့ လုပ်မယ်ဆိုတော့ ငွေကလိုလာပါတယ်။ သမဝန်ကြီးက တရုတ်ဆီက အတိုးများတဲ့ငွေကြေး ချေးယူမှု လုပ်ပါတယ်။ အဲသလို အတိုးများတဲ့ ချေးငွေဟာ ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးအတွက်အမှန်တကယ် အလုပ်မဖြစ်နိုင်ဘူးဆို တာ လူတိုင်း သဘောပေါက်နေပါတယ်။ ဒီကြားထဲ အဲဒီချေးငွေကို လည်သလိုလုပ် စားမယ့် ဆိုင်ရာပိုင်ရာတွေ ကလည်း ရှိပါသေးတယ်။
အဲသလိုဆိုတော့ စီးပွားရေး ပညာရှင်ခေါ်ပြီးတွက်ချက်ခိုင်းစရာ တောင်မလိုပါဘူး။ ပရမ်းပတာ စီမံမှုအောက်က အတိုးများတဲ့ ချေးငွေကို တနေ့ ပြန်ဆပ်ရတဲ့ အခါ ကိုယ့်ဘက်ပဲ နာမယ်ဆိုတာ အားလုံးမြင်နေကြပါတယ်။ သမဝန်ကြီးရဲ့ စဉ်းစားမြော်မြင်မှု ဟာဘယ်လောက် တိမ်သလဲဆိုတာ မြင်ရပါတယ်။ အင်္ဂလိပ်လို ဆိုရင်တော့ Common Sense လောက်တောင် မရှိဘူးလို့ ဆိုနိုင်ပါတယ်။
အခု ကမ္ဘာ့ဘဏ်က ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအတွက် အတိုးမဲ့ချေးငွေပေးဖို့ ဖြစ်လာပါတယ်။ ကြားရတဲ့ သတင်းများအရတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀ဝ အထိ ပမာဏများတယ်လို့ ဆိုပါတယ်။ နှစ်အလိုက်ပေးသွားမယ်လို့ ကြားရပါတယ်။ နည်းနည်းနောနော မဟုတ်ပါ။ စိုက်ပျိုးရေး အတွက်သာမဟုတ်ဘဲ၊ ကျေးလက်မှာ လျှပ်စစ်မီး ရရှိရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေအတွက်လည်း ပါဝင်ပါတယ်။ ဒီနေရာမှာ အဲသလောက် ပမာဏ များပြားလှတဲ့ ငွေကြေးကို ဘယ်သူတွေက ဘယ်လို စီမံမှာလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အစိုးရများလက်ထက်ကလို ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်ကြဦးမှာလား။ အမှန်တကယ် အကူအညီလိုအပ်နေတဲ့ လယ်သမားတွေလက်ထဲ အဲသည့်ငွေက ဒုတ်ဒုတ်ထိ ရောက်မှာလား။ ဒါမှမဟုတ် ဘာကော်မတီ ညာကော်မတီနဲ့ ဟိုဝန်ကြီးဌာန ဒီဝန်ကြီးဌာန တွေအကြားမှာ ဆီးသီးဗန်းကြီး မှောက်ကျဦးမှာလား။ နောက်တချက်ကလည်း လယ်သမားတွေလက်ထဲ အမှန်တကယ်ရောက်ဖို့ လိုတယ်လို့ ထောက်ပြတော့ ခေတ်သစ်မြေပိုင်ရှင်ကြီးတွေက တခြားဟုတ်ရိုးလား ကျနော်တို့က အဲဒီလယ် မြေတွေပိုင်ဆိုင်တဲ့ လယ်သမားတွေပါလို့ ရိုက်စားလုပ်ကြဦးမှာလား။
အတိုးမဲ့ချေးတဲ့ငွေ ဆိုပေမယ့် ချေးငွေဆိုတာ တနေ့ပြန်ဆပ် ရမယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ အခုတောင် အစိုးရအပြောအရ နိုင်ငံသားတဦးချင်းစီမှာ တင်နေတဲ့ နိုင်ငံခြားကြွေးမြီဟာ ကျပ်ငွေ ငါးသိန်းခန့်စီ ရှိတယ်လို့ ပြောထားတယ်မဟုတ်လား။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က ချေးမဲ့အတိုးမဲ့ ငွေကြေးဟာ ဘယ်လောက်အထိ အကျိုးရှိရှိ သုံးစွဲမယ်ဆိုတာကို အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ နိုင်ငံသားများကို ချပြဖို့ လိုတယ်လို့ ထောက်ပြလိုပါတယ်။ အဲသလိုမှ မဟုတ်ရင်တော့ နောက်လာမယ့် သုံးလေးနှစ်ကျမှ မြန်မာနိုင်ငံသား တဦးချင်းစီအပေါ်မှာ တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီဟာ ဆယ်သိန်းကျော်သွားပါပြီဆိုတဲ့ အစီရင်ခံစာမျိုးတော့ မဖတ်လို မကြားလိုပါကြောင်း။
(ဇော်မင်းသည် ဘန်ကောက်မြို့တွင် နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သုံးသပ်ချက်များကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်)