ကြိုရောင်း၊ ကြိုဝယ် စနစ်ဖြင့် ပဲများဝယ်ယူထားပြီး ယခုနှစ်အတွင်း ပဲဈေးနှုန်း တဆခန့် ပိုမိုမြင့်တက်လာချိန်တွင် ငွေကြေး ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် ပြည်မြို့မှ ပဲကုန်သည် သုံးဦးသည် ဧပြီလကုန်ပိုင်းခန့်က ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်နေသည့် ပဲကုန်သည် သုံးဦးသည် ပြည်မြို့နှင့် အနီးတဝိုက်ဖြစ်သော မင်းတုန်းမြို့နှင့် မကွေးမြို့ရှိ ပဲပွဲရုံများနှင့် ပဲကုန်သည်များထံမှ ကျပ်သိန်း ၃ သောင်းကျော် တန်ဖိုးရှိ ကုလားပဲနှင့် မတ်ပဲအိတ်များကို ဈေးနှုန်းသတ်မှတ်၍ ဝယ်ယူခြင်းမျိုး မဟုတ်ဘဲ ပဲအိတ်အရေအတွက်ဖြင့်သာ ကြိုတင်ယူဆောင်ထားရာ၌ ယခုနှစ် ပဲများပေါ်ချိန်တွင် ဈေးနှုန်းတဆခန့် မြင့်တက်လာရာ ပဲအိတ်များအား ပြန်ဆပ်နိုင်ခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်သွားခြင်း ဖြစ်သည်ဟု ပြည်မြို့စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်း၏ နာယက ဦးထင်လင်းက ဧရာဝတီကို ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေကြသည့် ပဲကုန်သည် ၃ ဦးမှာ ဦးဝင်းစိုး၊ ဦးရွှေဆန်းနှင့် ဦးထွန်းလှတို့ ဖြစ်ကြပြီး၊ ဦးဝင်းစိုးမှာ ၎င်းပိုင်ဆိုင်သည့် နေအိမ်၊ ကားများ၊ ပဲအိတ်များနှင့် ပိုင်ဆိုင်မှုများကို ခွဲဝေဖြေရှင်းပေးပါရန် ပြည်မြို့ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများကို လွှဲအပ်ခဲ့ကြောင်းနှင့် ကျန် ၂ ဦး ဖြစ်သည့် ဦးရွှေဆန်းနှင့် ဦးထွန်းလှတို့မှာ ပိုင်ဆိုင်မှုများကို ထားရစ်ခဲ့ပြီး မိသားစုလိုက် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ဦးထင်လင်းက ရှင်းပြသည်။
“ ပထမဆုံးပြေးတာ ကိုဝင်းစိုး၊ သူက သူရဲ့ပိုင်ဆိုင်တဲ့ တိုက်တွေ၊ ကားတွေ၊ ဂိုဒေါင်တွေနဲ့ ကုလားပဲအိတ် ၁ သောင်း ခွဲလောက်ကို ပေးစရာရှိနေတဲ့ ပဲကုန်သည် ၄၆ ဦးကို အညီအမျှ ခွဲဝေပေးဖို့ အန်ကယ်တို့ အသင်းကို လွှဲပေးခဲ့လို့ တဝက်စီလောက်တော့ ပြန်လျှော်ပေး လိုက်နိုင်တယ်။ ကိုရွှေဆန်းနဲ့ ကိုထွန်းလှကတော့ မိသားစုလိုက် ရှောင်သွားကြတော့ သူတို့ရဲ့ ဂိုဒေါင်တွေထဲက ပဲအိတ်တွေ၊ ကားတွေ တိုက်တွေကို လက်ဦးမှု ရယူနိုင်တဲ့လူတွေက ယူသွားကြတာပဲ။ တချို့လည်း အမှုဖွှင့်တဲ့ လူတွေလည်း ဖွင့်ကုန်ကြပြီ ” ဟု ၎င်းက ဆိုသည်။
လွန်ခဲ့သည့် ၂ နှစ်ကစပြီး ကုလားပဲနှင့် မတ်ပဲများ ဈေးကျဆင်းနေသည့် အတွက် တောင်သူများက ယခုနှစ်တွင် ပဲစိုက်ပျိုးမှုကို လျော့ချလာသကဲ့သို့၊ ရာသီဥတု ဖောက်ပြန်ခဲ့သည့်အတွက် ယခုနှစ် ပဲအထွက် နည်းလာသဖြင့် ပဲဈေးများ တဆခန့် မြင့်တက်လာခြင်း ဖြစ်သည်ဟု ပြည်မြို့ရှိ ပဲစိုက်တောင်သူများနှင့် ပဲကုန်သည်များက ပြောဆိုသည်။
“မနှစ်က ကုလားပဲ တတင်းဆို ကျပ် ၁၃၀၀၀ ပေါက်တယ်။ ဒီနှစ်တော့ ကျပ် ၂၃၀၀၀ ပေါက်တယ်။ တယောက်ကို အိတ်ပေါင်း ၃ သောင်းကျော်၊ ၂ သောင်းကျော် ဆိုတော့ ဘယ်ရှင်းပေးနိုင်တော့မလဲ။ ပိုင်ရှင်တွေ မရှိတော့ ဘယ်သူ၊ ဘယ်လောက် ရစရာ ရှိတယ်ဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့ မရတော့ဘူး” ဟု ဦးထင်လင်းက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေသူ တဦးဖြစ်သည့် ဦးရွှေဆန်းအား ပြည်မြို့ရှိ “ဖြိုးကြွယ်” ပဲပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်ဌေးက ပြည်မြို့ အမှတ် ၁ ရဲစခန်းတွင် ပုဒ်မ ၄၀၆ (အလွဲသုံးစားမှု) ပုဒ်မ ၄၂၀ (လိမ်လည်မှု) တို့ဖြင့် အရေးယူပေးရန် အမှုဖွှင့် တိုင်ကြားထားကြောင်း သိရသည်။
“ မတ်ပဲအိတ် ၅၀၀ နဲ့ ကုလားပဲအိတ် ၅၀၀ တန်ဖိုး သိန်း ၄၇၀ ပြန်ပေးဖို့ ဖုန်းနဲ့ အေးအေးဆေးဆေး တောင်းတယ် တဝက်ပေးထား၊ နောက်မှ ကျန်တာပေးလို့ ညှိနေတာ မရလို့ ရဲစခန်းမှာ တိုင်ထားတာ” ဟု ဒေါ်မြင့်မြင့်ဌေးက ဆိုသည်။
ဦးရွှေဆန်းအား ပြည်မြို့ အမှတ် (၁) ရဲစခန်းက မေလ ၅ ရက်တွင် အမှုတွဲ အမှတ် (၁၂၅/ ၂၀၁၅) ပုဒ်မ ၄၀၆၊ ၄၂၀ တို့ဖြင့် အမှုဖွှင့်ပြီး တရားခံပြေးအဖြစ် သတ်မှတ်ကာ လိုက်လံဖမ်းဆီး ရှာဖွေနေသည်ဟု အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ခင်ဝင်းထွန်းက ဧရာဝတီကို ပြောသည်။
ပြည်မြို့တွင် ပဲ၊ နှမ်း၊ ဆန် ပွဲရုံပေါင်း ၂၀၀ ရာကျော် ရှိပြီး၊ ပြည်မြို့ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းဝင် ၃၀၈ ဦး ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်သွားသူ ၃ ဦးသည် ပြည်မြို့ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းဝင်များဖြစ်သည်။