ဦးသန်းဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)၏ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ကြံ့ခိုင် ရေး ပါတီ၏ အမတ်လောင်းအဖြစ် ရွေးချယ်ခံရခြင်းမရှိဘဲ သူ၏ မဲဆန္ဒနယ်တွင် စစ်တပ်မှ အငြိမ်းစားပုဂ္ဂိုလ်တဦးကို ကြံ့ခိုင် ရေး ပါတီက အမတ်လောင်းအဖြစ် ရွေးချယ်လိုက်သည်။
ထိုသို့ ရွေးချယ်မှုကို မကျေနပ်သောကြောင့် ဦးသန်းဦး သည် ကြံ့ခိုင်ရေး ပါတီ၏ မြဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေစဉ်ပင် ၂၀၁၅ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလောင်းအဖြစ် ယှဉ်ပြိုင်ရန် ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၈ တွင် မှတ်ပုံတင်လိုက်သည်။ ဦးသန်းဦးကို ဧရာဝတီသတင်းထောက် မင်းခန့်ပိုင်က တွေ့ဆုံမေးမြန်း ထားပါသည်။
မေး။ ။ လက်ရှိမှာ လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်နေတယ်။ လာမယ့် ရွေးကောက်ပွဲမှာလည်း တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲ ပြန်ဝင်ပြိုင်မယ်ဆိုတော့ ရည်ရွှယ်ချက်ကို ရှင်းပြပေးပါ။
ဖြေ။ ။ ဦးက လက်ရှိမှာ မြဝတီမြို့နယ်က ပြည်သူ့လွှတ်တော် အမတ်တဦး ဖြစ်တယ်။ အရင်က ဦး ရဲ့ပါတီဖြစ်တဲ့ ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဖြစ်တဲ့ အဘဦးရွှေမန်းက ကိုယ်စားလှယ်ဟောင်းတွေကို လာ မယ့် ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ ဦးစားပေးမယ်။ သူတို့ ကိုယ်တိုင်လည်း ပြန်ပါဝင်ချင်တဲ့ စိတ်ရှိရမယ်။ ဒေသခံတွေ အနေနဲ့လည်း ကန့်ကွက်တဲ့သူ မဟုတ်ဘူးဆိုရင် ပြန်ရွေးခံဖို့သတ်မှတ်ပေးမယ်။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ပါတီက လျာထားတဲ့အထဲ မထည့်တဲ့ စစ်ဘက်ဆိုင်ရာက တဦးကို ရွေးချယ်လိုက် တော့ စိတ်ဓာတ်ကျသွားတယ်။ ဦးအနေနဲ့ကလည်း ဒေသအကျိုးကို ဆောင်ရွက်ပေးခဲ့တာ ရှိတယ်။ အတိုချုပ် ပြောရရင် သံကပူနေတုန်း ဓားဖြစ်အောင် ထုတာ ကောင်း ပါတယ်။ အေးသွားမှ ထုရင်တော့ မကောင်းတော့ဘူး။ ဒါကို ပြောချင်တာပါ။
မေး။ ။ အခုလို ပြန်အရွေးချယ်ခံမယ့် ကိုယ်စားလောင်းအနေနဲ့ အခု ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတနိုင် မလားဆိုတာ သုံးသပ်ပေးပါ။
ဖြေ။ ။ အခု ရွေးကောက်ပွဲဟာ နိုင်ငံတကာကလည်း စောင့်ကြည့်ကြမယ်။ အခြား အကြောင်းကိစ္စ တွေလည်း ပါဝင်လာ တယ်။ ဥပမာ- ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးတဲ့ကိစ္စတွေပေါ့။ ဒီတော့ တိုင်းရင်း သားတွေ ပါဝင်လာမယ့် ဒီမိုကရေစီစနစ်ကို တဆင့်ပြီး တဆင့်သွားကြရမှာလေ။ နိုင်ငံရဲ့ ပုံရိပ် ကောင်းဖို့ ဆိုရင် ဒီရွေးကောက်ပွဲဟာ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှပဲ ပုံရိပ်ကောင်း ဖြစ်စေမယ်။ လက်ရှိ အစိုးရ က ဒါကို ထိန်းသိမ်းနိုင်မယ်လို့ ဦးအနေနဲ့ ထင်ပါတယ်။
မေး။ ။ တသီး ပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အခုရွေးကောက်ပွဲမှာ ဘာကို အဓိကထား မဲဆွယ်သွားဖို့ ရှိလဲ။
ဖြေ။ ။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေနဲ့ ကိုယ့်ရဲ့နောက်မှာ အရင်လို ပါတီ ငွေကြေး အင်အား ဘာမှမရှိ တော့တာကြောင့် အရင် လွှတ်တော်ကိုယ်စားလှယ်တုန်းက ဒေသအတွက် ဆောင်ရွက် ပေးခဲ့တဲ့ ပုံရိပ်တွေနဲ့ ဒေသခံ မဲဆန္ဒရှင်တွေရဲ့ ဂရုဏာမဲကိုပဲ ယူဖို့ ဆုံးဖြတ်ထားပါတယ်။
မေး။ ။ တသီးပုဂ္ဂလအနေနဲ့ မူဝါဒက ဘာလဲ။
ဖြေ။ ။ ဦးရဲ့မူဝါဒကတော့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် ဒီဒေသက ကိုယ်စားလှယ်ကိုပဲ မဲပေးသင့်တယ်။ ဒေသခံ မ ဟုတ်တဲ့ သူတစ်ယောက် ဒီမှာမဲဆွယ်မယ် ပြီးရင် ဒေသခံ မဲဆန္ဒရှင်တွေ အကျိုးဆောင်ရွက်မှုဟာ မဖြစ်ထွန်းလာရင်တော့ မကောင်း ဘူးပေါ့။
မေး။ ။ အရင်ပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီအပေါ်ပိုင်း ပြဿနာတွေကြောင့် အခုလို တသီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်ဖို့ ဖြစ်လာ တာလား။
ဖြေ။ ။ ပါတီ ကွဲပြဲတာနဲ့ကတော့ မဆိုင်ပါဘူး။ ဦးကို အခု ရွေးကောက်ပွဲမှာ ထပ်ပြီး ဝင်ပြိုင်ဖို့ လျာထားပြီးကာမှ မပါတော့ တဲ့အတွက်ကြောင့် ဆက်ပြီးလည်း ဆောင်ရွက်ချင်စိတ် ရှိတယ်။ အတွေ့အကြုံအရ ကလည်း အမျိုးသား ညီလာခံ ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတာရယ်၊ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေတာရယ်ကြောင့် ကိုယ့်ဒေသ အတွက် အချိန်ရတုန်း နေရာတနေရာကနေပြီး ဝင်ထမ်းပေးချင်တာပါ။
မေး။ ။ မဲဆန္ဒရှင် ပြည်သူတွေနဲ့ ကိုယ့်ရဲ့ပြိုင်ဘက် ကိုယ်စားလောင်းတွေကို သက်တမ်း မကုန်သေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဘာပြောချင်တာရှိလဲ။
ဖြေ။ ။ လက်ရှိမှာ ဦးရဲ့ပါတီဟောင်းကသူတွေနဲ့ အခြားပါတီက ခင်မင်ရင်းစွဲရှိသူတွေကို ရှောင် နေရတယ်။ မဲဆန္ဒရှင် ပြည်သူ့ အကျိုးကြည့်ပြီး ဝင်ပြိုင်တာချင်း အတူတူ ဦးအနေနဲ့က ရေခံမြေခံ ကောင်း နေပါတယ်။ ဒါပေမယ့်ပါတီရဲ့ ဆောင်ရွက်ချက်ကို မခံချင်စိတ်ရှိတာရယ်။ စနစ်တစ်ခုကို တွန်းလှန်ချင်တာ ရယ်ကြောင့် ဝင်ပြိုင်ရတာပါ။ ဝင်ပြိုင်မယ့် သူတွေ အားလုံကို ပြောချင်တာတခုကတော့ အကောင်းဆုံး ယှဉ်ပြိုင်ပါ။ ဒေသအကျိုးကို ဆောင်ရွက်ပါ။ ပြည်သူ့မဲကို လိမ်ညာမယူပါနဲ့လို့ ပြောချင်ပါတယ်။ ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီမှာ ကိုယ်စားလှယ်လျာထားမှုနဲ့ ပတ်သက်လို့ တချို့ လနေရာတွေမှာ ချွတ်ချော်မှုတွေ ရှိနေတယ်။ ပါတီတိုင်း ပါတီတိုင်းမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို ပါတီကပဲ ပြန်လည် ရွေးကောက်ရပါတယ်။ ပြီးမှ ဗဟိုက အတည်ပြုရတာ ဖြစ်တယ်။ တချို့ဆိုရင် ဗဟိုက အတည်မပြုတာတွေ ရှိပါတယ်။ အဲဒီအခါမှာ ပြဿနာတွေ ရှိတတ်ပါတယ်။ အခု ဦးတို့ ပါတီကနေ စစ်ဘက်က ပုဂ္ဂိုလ်တွေ ဝင်ရွေးချယ်ခံလို့ မကျေနပ်တာနဲ့ တသီးပုဂ္ဂလ အဖြစ် ဝင်ပြိုင်တာပါ။ အဲဒီလိုမျိုးဖြစ်စဉ်တွေ ရှိနေတယ်ဆိုတာ ပြောချင်ပါတယ်။