ဘုန်းကြီး၊ ရုပ်ရှင်မင်းသား၊ စစ်သား၊ ကျောင်းသား၊ အရပ်သား ဘယ်သူမဆို ကိုယ်ယုံကြည်ရာ ပြောလို့ရတယ်၊ လုပ်လို့ရပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်း အဆိပ်အတောက် မဖြစ်စေဖို့တော့လိုတယ်။ အနည်းဆုံး ကိုယ်ပိုင် ပုဂ္ဂလိက ဘဝတွေနဲ့ယှဉ် ကျိုးကြောင်းညီသလား စဉ်းစားသင့်ပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့က ရန်ကုန်မြို့သုဝဏ္ဏအားကစားရုံ ၁ မှာ ကျင်းပသွားခဲ့တဲ့ မျိုးစောင့်အောင်ပွဲမှာ ဟောကြားသူ ဆရာတော်တပါးက မိန့်သွားခဲ့တယ်။ မြန်မာ ဗုဒ္ဓ ဘာသာဝင်တွေ တောက်တဲ့နဲ့ ဇီးကွက်စပ်ကြား “တောက်ကွက်” မဖြစ်ရအောင် မျိုးစောင့် လုပ်ရပါတယ်တဲ့။
အဲဒီပွဲရဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေး ခေါင်းစဉ်အောက်မှာ လာပြောရတဲ့ ခရစ်ယာန် ဒေါက်တာ ကိုယ်တိုင်ရဲ့ ဇနီး မင်းသမီးကြီးက ဗုဒ္ဓဘာသာ။ သူ့ကလေးတွေက ဘုန်းကြီးစကားအတိုင်းဆိုရရင် “တောက်ကွက်” တွေပေါ့။ ပြောထွက်တဲ့ ဘုန်းကြီးကလည်း ပြောထွက်၊ သွားတက်လူက သွားတက်ရ။ မြင်ရ၊ ကြားရ အမြီးအမောက် မတည့်လှပါ။
သူ့အရင် ဘာသာ သာသနာ အတွက် ရှေ့ဆက်ရမယ့် ဥပဒေအဆင့်တွေ ကျန်သေးကြောင်း “ပစ်တော့ ပစ်နေတာပဲ တဒိုင်းဒိုင်းနဲ့ သိပ်ထိပုံတော့ မပေါ်ဘူး” လို့ သြဝါဒကထာ မြွက်ကြားခဲ့သူ ဆရာတော်ကြီးကိုယ်တိုင်ကလည်း အိန္ဒိယ အနွယ်ကြီး။ အဲဒီပွဲမှာပဲ လက်သီးလက်မောင်းတန်း မျိုးစောင့်သွားတဲ့ ရုပ်ရှင်မင်းသားကြီးက အာမေးနီးယန်စပ်လား၊ ဘာစပ်လားတော့ မသိ၊ ဘိုရုပ်ကြီး။
ဟုတ်တော့လည်း ဟုတ်နေပါပြီ။ ဘာလူမျိုး ညာလူမျိုး စစ်စစ် ရှာပြစမ်းပါ။ မြင်ဖူးချင်လို့ပါ။ သွေးနှော၊ သွေးရော၊ ဘာလူမျိုး မစစ်၊ ညာလူမျိုးမစစ်တဲ့ အကြောင်းတွေတော့ မသိ၊ မမြင် အလေးဂရုမပြုမိခဲ့ဖူးဘူး။ လက်တွေ့တိုင်းပြည်မှာ လူမစစ်တဲ့ သူတွေကိုတော့ မြင်နေရတယ်။
သူတို့ လူလို မတွေးဘူး၊ လူလို မခံစားနိုင်ဘူး၊ လူလို မသိဘူး၊ လူလို မကျင့်ဘူး၊ လူ လုပ်ရမယ့် အလုပ်တွေကို မလုပ်ဘူး။ အဲဒီလိုလူတွေမှာ လူရယ်လို့ ဖြစ်လာရင် တည်ရှိရမယ့် လူပီသမှုတရားတွေနဲ့ ကင်းကွာနေတယ်။ စာနာမှု၊ နားလည်မှု၊ လူသားချင်း ထားရှိရမယ့် ချစ်ခြင်းမေတ္တာ၊ လူသားဆန်မှုတရား၊ အဖိနှိပ်ခံလူအများအတွက် အရှည် မျှော်ကြည့် မြင်ရမယ့် အမြော်အမြင်၊ မတရားမှု အဓမ္မကို ဆန့်ကျင်လိုမှု၊ တရားမှု ဓမ္မအတွက် တိုက်ပွဲဝင်မှု စတဲ့ လူ့တရားတွေ ကင်းမဲ့နေတယ်။
အဲဒီလို လူသားစစ်စစ်မှာရှိရမယ့် နာမ်ဝိညာဉ် အင်္ဂါအရည်အသွေးတွေ ကင်းမဲ့နေတဲ့၊ လူကို လူလို သဘောမထားတတ်တဲ့၊ လူဖြစ်တည်မှုကို ဆန့်ကျင်တဲ့ လူတပိုင်း ဘီလူးသဘက်သူရဲ တပိုင်း သက်ဦးဆံပိုင် အခွင့်ထူးခံ အာဏာရှင် စိတ်ဓာတ်အတွေးအခေါ်တွေနဲ့ “လူမဟုတ်တဲ့ လူတွေ” အကြောင်းတော့ တိုင်းပြည်မှာ ရာစုဝက်ကျော် လက်တွေ့မျက်မြင်ခံစားသိရှိခဲ့ပါတယ်။
အဲဒီလို လူသားပီသမှု တရားတွေ မဲ့နေတဲ့ လူရယ်လို့ မည်ပေမယ့် လူမဟုတ်တဲ့ သူတွေကြောင့်သာ တိုင်းပြည်က မငြိမ်းချမ်း၊ မဖွံ့ဖြိုး၊ မချမ်းသာနိုင်ခဲ့ကြောင်း သိခဲ့ရပြီးပါပြီ။ အဲဒီလို လူတွေကြောင့် အများလူထုခမျာမှာလည်း လူဆိုပေမဲ့ လူတမ်းမစေ့ လူစဉ်မမီ လူ့စည်းစိမ် ပြည့်ပြည့်ဝဝ မခံစားရတဲ့ ဆင်းရဲနုံခြာ ဖွတ်ကျောပြာစု ချုံးချုံးကျ လှုမှု-စီးပွား ဘဝတွေကို လူအများစု ၇၅ ရာခိုင်နှုန်းကျော် ကျောနဲ့ရင်း ခံစားနေရပါပြီ။
ရုက္ခ၊ သတ္တ မြေဆီ မြေလွှာ မိုးလေဝသ ဂေဟစနစ် သဘာဝလောကကြီးပါ မသာယာနိုင် ဖြစ်ခဲ့ရပါပြီ။ တောင်ကုန်၊ တောပြုန်း၊ တောင်ကတုံး၊ ရေကြီး၊ မြစ်လျှံ၊ မိုးခေါင်ရေရှား ဖြစ် လူမနေရ၊ ဆင်မနေရ၊ ခွေးမနေရ ဒုက္ခ သုက္ခရောက် ကပ်ဆိုက်နေတဲ့ တိုင်းပြည်ဖြစ်အောင် လူလို မစဉ်းစား မတွေးခေါ်၊ လူလို နှလုံးသားမရှိ၊ ဆင်ခြင် အသိဉာဏ်မဲ့၊ လူမစစ်တဲ့ သူတွေ၊ လူအရည်အသွေး မပြည့်မီသူတွေက လုပ်ခဲ့တာ မျက်မြင်ထင်ရှား သမိုင်းရှိပါတယ်။
သွေးနှော၊ လူမျိုးနှော လို့တော့ လူလောကကြီး အကျည်းမတန်သလို တိုင်းပြည်လည်းမပျက်ပါ။ ကိုယ့်အမျိုး ကိုယ် ပတ်ယူကြရင်းနဲ့ လူသားဖွံ့ဖြိုးမှုနောက်ပြန်ရင်း မျိုးတုံးသွားတဲ့ လူအုပ်စု သာဓကတွေသာ လူသားသမိုင်းမှာရှိခဲ့ပါတယ်။ တကယ်တမ်းတော့ လူမျိုးဆိုတာ Social Construct လူမှုပုံဖော်သတ်မှတ်တည်ဆောက်ထားချက်မျှသာ ဖြစ်ပါတယ်။
လူမှာ ဘာသာရေး ယုံကြည်မှု အယူဝါဒများအလိုက်ပြောရင် ဗြဟ္မာကြီးလေးပါး ဒါမှမဟုတ် ဖန်ဆင်းရှင်ရဲ့ဖန်တီးခံ အာဒံနဲ့ဧဝ ကဆင်းသက်တဲ့ အမျိုးအနွယ်တူ လူသားမျိုးနွယ်သာ ရှိပါတယ်။ ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်ကလည်း လူကို ရုပ်၊ နာမ် နှစ်ပါးနဲ့သာ ဖွဲ့ထားကြောင်း သင်ကြားပြသခဲ့ပါတယ်။ လူမျိုးမခွဲပါ။
လောကဓာတ်သိပ္ပံ လူသား မျိုးရိုးဗီဇ အရ ဆိုရင် လူသားဟာ ‘Homo Erectus (မတ်မတ်ရပ်နိုင်ပြီးတဲ့ လူသား)’၊ ‘Homo Sapiens (အသိဉာဏ်ရှိလူသား)’ အစရှိသလို စဉ့်ကဲဖြစ်စဉ်သဘောနဲ့ လူ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းတော့ ရောက်ရာပေါက်ရာ သွားလာနေထိုင်ကျင်လည်ရာ ဒေသ၊ ဥတု၊ ဝန်းကျင်ကိုလိုက် အသွင်အပြင်တွေ အသွေးအရောင်တွေ ကွဲပြား အခု တရားသေဆုပ်ကိုင်နေကြတဲ့ လူမျိုးဆိုတာတွေ တည်ဆောက်ယူလာကြတာပါပဲ။
ဒါတောင်မှ မနုဿဗေဒပညာရပ်နဲ့ခွဲရင် မွန်ဂိုလွိုက် (အာရှနဲ့ အမေရိက အင်ဒီးယန်း၊ လက်တင်၊ လူဝါ ၊ လူနီ) ကော့ကဆွိုတ် (ဥရောပ လူဖြူ) ၊ သြစတြေလွိုက် (သြစတြေးလျနဲ့ သမုဒ္ဒရာပိုင်း နေထိုင်သူ)၊ နီဂရွိုက် (အရှေ့အာဖရိက လူမည်း) နဲ့ ကက်ပွိုတ် (တောင်အာဖရိက လူမည်း) အစရှိသလို ပထဝီဒေသအနှံ့အပြားက ကျယ်ပြန့်တဲ့ အုပ်စုလိုက် သဘောရှိပါသေးတယ်။ ဘယ်လိုဆိုဆို အရင်းကတော့ လူဆိုတဲ့ အမျိုးအနွယ် တမျိုးသာ ရှိပါတယ်။
မြန်မာ့ရှေးဦးသမိုင်းမတင်ခင် အကြိုသမိုင်းတွေကိုပဲလေ့လာပါ။ အညာသီယန် ယဉ်ကျေးမှုကိုပဲ ကြည့်ပါ။ အာဖရိကလူ၊ ဂျာဗားလူ၊ ဘေဂျင်းလူတွေနဲ့ အညာသားလူတွေ အကြောင်း၊ ရှေးဦးလူသားတွေ ကမ္ဘာအနှံ့ဖြန့်ထွက်သွားပုံတွေအကြောင်း အမှန်ကိုသိမြင်လိုတဲ့ စိတ်အခံနဲ့ စူးစမ်းလေ့လာကြည့်ပါ။ လူမျိုးခွဲခြားချင်စိတ်တွေ၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး မြှောက်စား အသားပေးလိုစိတ်၊ ကာကွယ်လိုစိတ်တွေ ပျောက်သွားပါမယ်။
ကျနော်သိတဲ့ တိုင်းပြည်၊ လူမျိုးနဲ့ ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ခြင်းကတော့ တိုင်းပြည်ရဲ့ အခြေခံပညာ စာတတ်မြောက်မှုနှုန်း၊ အဆင့်မြင်တက္ကသိုလ်ပညာရေး ရရှိမှုနှုန်း၊ ပျမ်းမျှအသက်ရှည်နှုန်း၊ ကလေးဖွား/သေ နှုန်း၊ လူတဦးချင်းဝင်ငွေ၊ လူတဦးချင်းရဲ့ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြစ်မှု စိတ်ပျော်ရွှင်မှု သုခချမ်းသာ ရှိမှုနှုန်း၊ လာဘ်စားမှုနှုန်း၊ အကျင့်ပျက်ခြစားမှုနှုန်း၊ စာရိတ္တ စံနှုန်း၊ ရာဇဝတ်မှုနှုန်း စတဲ့ လက်တွေ့ချ တိုင်းတာနိုင်၊ နှိုင်းယှဉ်သုံးသပ်ဆင်ခြင်နိုင်တဲ့ နိုင်ငံတနိုင်ငံရဲ့ အထွေထွေပြ စာရင်းဇယားတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
ကျနော်သိတဲ့ စောင့်လေမျိုးနွယ်က လူသားဆန်တဲ့ လူတွေ လူညွန့်မတုံးအောင် စောင့်ရှောက်ခြင်းသာ ဖြစ်ပါတယ်။ ကာကွယ်ရမှာကတော့ လူကို လူလိုမြင်တတ် ခံစားတတ်မှုနဲ့ လူ့ယဉ်ကျေးမှု သမိုင်းပါ။ စောင့်ရှောက်မြှင့်တင်ရမှာက လူသားပီသမှုဝါဒပါ။ တိုးပွားအောင်ကြံဆောင်ရမှာက တရားဓမ္မနဲ့ယှဉ်တဲ့ လွတ်လပ်မှု အတွေးအခေါ်တွေပါပဲ။ တိုင်းပြည်မှာ အမှန်အကန် စည်ပင်ရမှာကတော့ ဉာဏ်ပညာ၊ ချစ်ခြင်းတရားနဲ့ လူသားဆန်မှုတရားများသာဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်ရဲ့ အနာဂတ်မှာ နိုင်ငံသား လူမျိုးဘာသာစုံ လူငယ်လေးတွေ အညွန့်မတုံးအောင်၊ ယုံကြည်ရာ အယူဝါဒအရ ဘာသာသာသနာတွေ ဖွံ့ဖြိုးကာ ဓမ္မစစ် တရားမှန်တွေကျင့်ကြံ၊ စာရိတ္တမဏ္ဍိုင်တွေ ခိုင်မာအောင် အာမခံနိုင်တဲ့ နိုင်ငံရေးစနစ်၊ အစိုးရအဖွဲ့အစည်းတရပ်နဲ့ တရားမျှတသမာသမတ်ကျတဲ့ ဥပဒေများ စိုးမိုးတည်တံ့ခိုင်မြဲ၊ ထူထောင်နိုင်ရေးသည်သာ တခုတည်းသော အမှန်ကန်ဆုံးဖြစ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ခြင်းလို့ ယုံကြည်ပါတယ်။ ဒါတွေကို မျက်ကွယ်ပြုထားသူ၊ စနစ်ဆိုး လူဆိုးတွေကို အကာအကွယ်ပြုနေသူ ရဟန်း၊ သံဃာ တချို့ အပါအဝင် မည်သူမဆို အားလုံးဟာ အမျိုး ဘာသာ သာသနာကို နှောင့်ယှက်ဖျက်ဆီးနေသူ လူထု ရန်သူတွေလို့ သတ်မှတ်နိုင်ပါတယ်။
အနှစ်ချုပ်ရရင် အခုလာမယ့် ၂၀၁၅ နိုဝင်ဘာ ပြည်လုံးကျွတ် ရွေးကောက်ပွဲ အလွန်မှာ တိုင်းပြည်ကို နှစ်ငါးဆယ်ကျော် အတွင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ဆွဲချ အဘက်ဘက်က ချွတ်ခြုံကျစေခဲ့တဲ့ ခေတ်ဆိုး၊ စနစ်ဆိုး၊ မူဆိုး၊ အလုပ်ဆိုး၊ လူဆိုးတွေ အမှန်ကွယ်ပျောက်ဖို့ မရှိမဖြစ်လိုနေပါတယ်။
ဒါကြောင့် မဲစာရင်းအမှား၊ ကြိုတင်မဲ၊ ပြည်ပ အဝေးရောက်မဲ၊ ပိုက်ဆံမဲ၊ မက်လုံးမဲ၊ ခြိမ်းခြောက်မဲ၊ အမျိုး၊ ဘာသာ ဘုန်းကြီးပြ မဲ စတဲ့ ကလိမ်စေ့ငြမ်းဆင် ရုပ်ပျက်လှတဲ့ အလုပ်ဆိုးမျိုးစုံနဲ့ အာဏာထိုင်ခုံမှာ ဖင်မြဲအောင် တွယ်ကပ်နေကြတဲ့ လူတစုကောင်းစားရေး စနစ်ဆိုးကို အသက်ဆက်လိုသူ ‘တောက်တဲ့’ လို လူတွေကသာ ဧကန်အမှန် တိုင်းပြည့်အန္တရာယ်ရန်စွယ် အဖျက်သမားများ ဖြစ်ကြောင်း လူသားသမိုင်းတလျှောက် လူမျိုးစုံ သွေးနှောခဲ့တဲ့ အသိဉာဏ်ရှိသော လူသား ‘Homo Sapiens’ မျိုးဆက် ကျနော် ‘မောင်တောက်ကွက် ငြိမ်းချမ်းအေး’ က လူအများ ဆင်ခြင်သုံးသပ် အသိမှန် အလုပ်မှန်တွေပြ ရွေးချယ်မှုတွေ မှန်ကန်နိုင်ကြစေဖို့ ဧရာဝတီကနေတဆင့် ဆွေးနွေးတင်ပြလိုက်ရကြောင်းပါ ခင်ဗျား။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက်ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် [email protected] သို့ စာရေးနိုင်သည်။)