Miss Universe ပြိုင်ပွဲဟာ ကမ္ဘာ့အလှမယ်တွေ အများကြီး ပါဝင်ယှဉ်ပြိုင်ကြတဲ့ နာမည်အကြီးဆုံးနဲ့ လူကြိုက် အများဆုံး Miss ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ မြန်မာအလှမယ် Miss သွားရောက်ပြီး ယှဉ်ပြိုင်ခဲ့တာ ၂ ယောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် အတွက် Miss Universe Myanmar မိုးစက်ဝိုင်၊ ၂၀၁၄ ခုနှစ်အတွက် Miss Universe Myanmar သျှားထွတ်အိန္ဒြတို့ ဖြစ်ပြီး ဒီနှစ်အတွက် အများစိတ်ဝင်စားတဲ့ Miss Universe Myanmar 2015 ကိုတော့ အောက်တိုဘာ ၃ ရက်နေ့က ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။ ရွေးချယ်ခံ ခဲ့ရသူကတော့ ပရိသတ်နဲ့ မစိမ်းလှတဲ့ မေဘရဏီသော် ဖြစ်ပါတယ်။ အဲဒီလိုပဲ နောက်နှစ် ၂၀၁၆ ခုနှစ်အတွက် Miss Universe Myanmar 2016 ကိုလည်း Miss Universe Organization က တခါတည်း ရွေးချယ်ပေးခဲ့ ပါတယ်။ အဲဒီအတွက် Miss Universe Myanmar ကိုတော့ ထက်ထက်ထွန်းက ရရှိခဲ့ပါတယ်။
ဒီလို ၂ နှစ်စာ ရွေးချယ်ရတာ ကတော့ ၂၀၁၆ ခုနှစ်မှာ သွားရောက် ယှဉ်ပြိုင်မယ့် Miss အနေနဲ့ လေ့ကျင့်ဖို့ တနှစ်တိတိ အချိန်ရစေလိုတဲ့ အတွက်ပါ။ ယခုနှစ် Miss Universe Myanmar ရွေးချယ်ပွဲ အတွက် ပြည်နယ်နဲ့ တိုင်းဒေသများမှ အလှမယ်များကို တဆင့် ရွေးချယ် စေပြီးမှ Miss Universe Myanmar ကို ရန်ကုန်မှာ ပြန်လည် ရွေးချယ်ပေးခဲ့တာ ဖြစ်ပေမယ့် ရွေးချယ်ခံခဲ့ရတဲ့ Miss ၂ ဦးစလုံးကတော့ ရန်ကုန်တိုင်း ဒေသကြီးမှပဲ ဖြစ်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် အတွက် ပေါ်ထွက်လာတဲ့ Miss Universe Myanmar 2015 မေဘရဏီသော်နဲ့ Miss Universe Myanmar 2016 ထက်ထက်ထွန်းတို့ နှစ်ဦးကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ်မေးမြန်း ထားပါတယ်။
Miss Universe Myanmar 2015 မေဘရဏီသော်
မေး။ ။ မေဘရဏီသော် အနေနဲ့ Miss Universe Myanmar ပွဲကို ဝင်ပြိုင်ဖြစ်တဲ့ အကြောင်းကို အရင်ဆုံး သိချင်ပါ တယ်။
ဖြေ။ ။ ပြိုင်ဖြစ်ဖို့ အတွက် ညီမအနေနဲ့ ဆုံးဖြတ်ရတာ အရမ်းကို ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်နှစ် တုန်းက Miss International ပွဲကို ဂျပန်မှာ သွားပြိုင်ခဲ့ပြီးပြီပေါ့။ Miss တယောက်က ဒီလို ထပ်ပြိုင်ဖို့ ဆိုတာကလည်း ညီမတို့ရှေ့ အရင်တွေမှာလည်း မရှိခဲ့ဘူးလေ။ မရှိခဲ့တော့ ညီမ တော်တော်ကို စဉ်းစားရပါတယ်။ ညီမရဲ့ မိသားစုတွေ နဲ့လည်း တိုင်ပင်တယ်။ သူတို့ရဲ့အားပေး မှုကြောင့်လည်း ညီမ ဝင်ပြိုင် ဖြစ်ခဲ့တာပါ။
မေး။ ။ ပြိုင်ပွဲတလျှောက်နဲ့ Title ဆုတွေပေးတဲ့ အထိ Title ဆုလည်း မရခဲ့တဲ့အခါ ကိုယ့်အတွက် စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ သေးလား။ နောက်ဆုံးချိန်အထိ စိတ်ခံစားချက်က ဘယ်လိုရှိခဲ့ပါလဲ။
ဖြေ။ ။ အဲဒီတုန်းက နည်းနည်းတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံးငါးယောက် ရွေးတဲ့ အထဲမှာ ညီမရယ် မော်လမြိုင်ကိုယ်စားပြု အိဖြိုးသွယ် ရယ်ပဲ Title ဆု မရထားတာ လေ။ ရှေ့က Miss တွေဆိုရင်Title ဆု တဆုလောက်တော့ ရကြတယ်လေ။ ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ စိုးရိမ်နေတယ်။
မေး။ ။ ပြိုင်ပွဲတွေနဲ့ ပတ်သက်ရင် မေဘရဏီသော်က ကံကောင်းတဲ့သူလို့ သတ်မှတ်ကြတယ်။ ကိုယ့်ကိုယ် ကိုယ်ရော ဘယ်လို ထင်ပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ကံဆိုတာ ကလည်း ယုံသင့်တာပေါ့ နော်။ Miss International ပွဲမှာဆိုရင် Winner မဖြစ်ဘဲ သွားပြိုင်ခဲ့ရတယ်။ ရတဲ့ ညီမ ခင်ဝေဖြိုးဟန်က အသက်မပြည့်သေးတဲ့ အတွက်။ ဒါပေမယ့် ကိုယ့်ကြိုးစားမှု ကြောင့်လည်း ပါတယ်လို့ ညီမ ထင်ပါတယ်။ ဒီလိုပွဲ ဝင်ပြိုင်ဖို့ အတွက်လည်း ညီမ အချိန်တွေ အများကြီး ယူခဲ့ရတယ်။ ပြိုင်ပွဲတိုင်းကိုလည်း ညီမ သေသေချာချာ စဉ်းစားပြီးမှ ပြိုင်ခဲ့တာပါ။ အခုချိန် အထိလည်း ညီမ ပြိုင်ခဲ့တဲ့ ပြိုင်ပွဲက သုံးပွဲပဲ ရှိပါတယ်။ Miss International ပြည်တွင်း ပြည်ပပွဲရယ် အခု Miss Universe ပွဲရယ်ပေါ့။
မေး။ ။ မေးခွန်းတွေ ဖြေဆိုမှု အပိုင်းကရော Miss တယောက်ဖြစ်ဖို့ ဘယ်လောက်အထိ အထောက်အကူ ပေးတယ် လို့ ပြောပြချင်ပါသလဲ။
ဖြေ။ ။ ညီမအနေနဲ့ ဆိုရင် ဒီမေးခွန်းဖြေဆိုမှု အပိုင်းက အရမ်း အရေးပါပါတယ်။ အများကြီးလည်း ဖြေဆိုလို့ မရသလို၊ အဓိက Short to the point ပေါ့။ ဖြေတဲ့အခါ ပရိသတ်တွေ အားလုံးလည်း နားလည်သွားဖို့ အရေးကြီး တယ်ပေါ့။ အဲဒါက ပြိုင်ပွဲဝင်တွေကို အမှတ်ပေးသွားတယ်လို့ ထင်ပါတယ်။ သူတို့ ပြောပုံ ဆိုပုံရယ်၊ သူတို့ဖြေတဲ့ မေးခွန်းအပေါ် ဖြေဆိုမှု ဘယ်လောက်အထိ Confidence ရှိလဲ ဆိုတာကို သိပြီး အမှတ်ပေးတာ ပေါ့။ သူတို့ရဲ့ မျက်နှာရယ်၊ သူတို့ရဲ့ ယုံကြည်မှုရယ်ကို ကြည့်တယ်လို့ ထင်ပါတယ်။
မေး။ ။ ပြည်ပပြိုင်ပွဲအတွေ့အကြုံလည်းရှိတော့ ကိုယ့်အနေနဲ့ ပြိုင်ပွဲမှာ ဘယ်လို အားနည်းချက်တွေကို ပြင်ဆင်သွားဖို့ ရှိမလဲ။
ဖြေ။ ။ အဓိက ညီမ သူများနိုင်ငံမှာ သွားပြိုင်ရတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ လိုတယ်လို့ ထင်တယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်တွေ ပြင်ဆင်သွားဖို့ အများကြီးလိုတယ်။ အဲဒါတွေ အဓိကထား ပြင်ဆင်သွားမယ်။ ဒါပေမယ့် ဒီနှစ်မှာလည်း ညီမအတွက် ပြင်ဆင်ချိန်က သိပ်တောင်မရတော့ဘူး။
မေး။ ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဆိုတာ ဘယ်လိုမျိုးကို ပြောချင်တာလဲ။
ဖြေ။ ။ စိတ်ပိုင်းဆိုင်ရာဆိုတာ အခု ကိုယ်က သွားရရင် တယောက်တည်း သွားရတော့မှာလေ။ ဂျပန်ကို သွားတုန်းကလည်း ညီမနဲ့တူတူ နေရှင်နယ် ဒါရိုက်တာ ပါပေမယ့် သူနဲ့လည်း တွေ့ခွင့် မရှိဘူး။ ဆိုတော့ အများကြီး ကြိုးစား ရတယ်၊ ပင်လည်း ပိုပင်ပန်းတယ်။ Training တွေကလည်း နေ့တိုင်း ရှိတယ် နေ့တိုင်း နေ့တိုင်း ပြိုင်ပွဲပဲ။ ကိုယ်ရဲ့ လိုအပ်ချက်တွေအတွက် အစောကြီးထပြီး ပြင်ဆင်ရတာတွေ ရှိတယ်။ ကိုယ် အိပ်ရေးပျက်တဲ့အချိန်၊ ပင်ပန်းတဲ့ အချိန်ဆိုရင် စိတ် ဓာတ်က ကျလာတယ်။ အခုတခေါက်တော့ အရင်ထက်ပိုပြီး Strong ဖြစ်အောင် ကြိုးစားဖို့ လိုတယ်လို့ ထင်မိတယ်။
မေး။ ။ ညီမအနေနဲ့ နိုင်ငံရေးနဲ့ပတ်သတ်ပြီး စိတ်ပါ ဝင်စားမှု ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ နိုင်ငံရေးကို အသေးစိတ် မသိရင်တောင်မှ အကြမ်းဖျဉ်း သိဖို့တော့ လိုအပ်မယ်လို့ ထင်ပါတယ်။ Miss တယောက်မှ မဟုတ်ပါဘူး၊ ကိုယ်က ဒီနိုင်ငံမှာ နေတဲ့သူတယောက် ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒီ နိုင်ငံမှာနေတဲ့ နိုင်ငံသား တယောက်အနေနဲ့ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒီနိုင်ငံရဲ့အကြောင်း၊ ဒီနိုင်ငံရဲ့ ကောင်းကျိုးအတွက် လူတိုင်း လူတိုင်းမှာ တာဝန်ရှိတယ်လို့ ထင်တယ်။ လူငယ်တွေ အနေနဲ့လည်း ကိုယ်နိုင်ငံရဲ့ အကြောင်းကို စိတ်ဝင်စားဖို့ လိုအပ် တယ်လို့ ထင်ပါတယ်။ ဒါက နိုင်ငံရေးလုပ်တာ၊ မလုပ်တာနဲ့တော့ မဆိုင်ပါဘူး။
မေး။ ။ နိုင်ငံရဲ့Miss တယောက်အနေနဲ့ရော ကိုယ့်နိုင်ငံရဲ့ ဘယ်လိုလှုပ်ရှားမှုအပိုင်း မြှင့်တင်ပေးမှု အပိုင်းမှာ ပါဝင်လှုပ်ရှားချင်ပါသလဲ။
ဖြေ။ ။ Miss တယောက်အနေနဲ့ သူ့နိုင်ငံအတွက် ပါဝင်ပေးဖို့က အများကြီးလိုအပ်တယ်။ ပထမဦးဆုံး အနေနဲ့က ငြိမ်းချမ်းမှု လိုအပ်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အပိုင်းကလည်း အများကြီး လိုအပ်တယ်။ ပြည်တွင်းမှာ ငြိမ်းချမ်းမှု မရှိဘဲ၊ ကိုယ့်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး အပိုင်းတွေက ဘယ်လိုမှ မြှင့်တင်လို့ ရမှာ မဟုတ်ဘူး။ ဒါကြောင့် အရေးကြီးတာက ကိုယ့်နိုင်ငံရဲ့ ငြိမ်းချမ်းမှု ကိုယ့်နိုင်ငံ အတွက် တကယ့်ကို စစ်မှန်တဲ့ စည်းမျဉ်း ဥပဒေတွေ လိုအပ်တယ်။ ခေါင်းဆောင်ကောင်း တယောက်ရှိဖို့ လိုအပ်တယ်။ ဒီနိုင်ငံကို ကောင်းကောင်း Control လုပ်နိုင်မယ့်၊ စီမံခန့်ခွဲနိုင်မယ့် ခေါင်းဆောင်ကောင်း တယောက် ရှိဖို့ လိုအပ်တယ်။ အဲဒီခေါင်းဆောင် ကလည်း ကိုယ့်နိုင်ငံကို ချစ်ပြီး ကိုယ်နိုင်ငံရဲ့ အကျိုးကို ပိုပြီး လိုလားတဲ့ ခေါင်းဆောင်ကောင်း တယောက်ဖြစ်ဖို့ လိုအပ်ပါတယ်ရှင့်။ အဲဒါကတော့ အဓိကအကြောင်း ရင်းပေါ့။ ကျန်တဲ့ အကြောင်းရင်းတွေလည်း အများကြီး ရှိပါတယ်။
Miss universe Myanmar 2016 ထက်ထက်ထွန်း
မေး။ ။ အခု ရွေးချယ်ပြီးခဲ့တဲ့ Miss Universe Myanmar ပြိုင်ပွဲကို ထက်ထက်ထွန်း ဝင်ပြိုင်ဖြစ်ခဲ့တာကစပြီး သိချင်ပါတယ်။
ဖြေ။ ။ ဒီပွဲကို ပြိုင်ဖြစ်တာက ညီမက မနှစ်က Miss World ကို ပြိုင်တယ်၊ ဒါပေမယ့် Miss မရခဲ့ဘူး။ ကိုယ်က International Miss တယောက် ဖြစ်ချင်တဲ့အခါ ကျတော့ နောက်ပြီး Miss World ထက်မြင့်တာက Miss Universe တခုပဲ ရှိတယ်လေ။ ဒါနဲ့ ဒီပွဲကို ဦးတည်ပြီး ပြိုင်မယ် ဆိုပြီး ဆုံးဖြတ်လိုက်တာက ပြီးခဲ့တဲ့ Miss World ပြီးကတည်းက ပါ။
မေး။ ။ ဒီပွဲ Final တုန်းက စင်ပေါ်မှာ ယှဉ်ပြိုင်ခဲ့စဉ်တုန်းက စိတ်ခံစားချက်က ဘယ်လိုရှိခဲ့လဲ။ အတွေ့အကြုံ တွေက ဘယ်လိုရှိခဲ့လဲ။
ဖြေ။ ။ Miss Universe ရတယ်လို့ ကြေညာတော့ အရမ်းအံ့ဩပါတယ်။ တခြားTitle ဆုကတော့ မှန်းပါတယ်။ အများဆုံးတော့ ၂ ခုလောက်ပဲ မှန်းပါတယ်။ တခြားသူတွေကိုလည်း Title တွေ ရသွားစေ ချင်ပါတယ်။ ကိုယ်က ၂ ခုရပြီး ၃ ခုရတဲ့ အချိန်မှာ အံ့ဩသွားတယ်။ လှေကားကိုတောင် လှလှပပ မဆင်းနိုင်ဘူး ဖြစ်သွားတယ်။ ပဲများဖို့ မေ့သွားတယ်။
မေး။ ။ Title ဆုတွေကလည်း သုံးဆုတောင် ရထားခဲ့ ပြီးပြီဆိုတော့ ကိုယ့်အနေနဲ့ ဒီဆုနဲ့ ပိုပြီးနီးလာတယ် လို့ရော မခံစားမိခဲ့ဖူးလား။
ဖြေ။ ။ Title ဆု ရထားပြီးတဲ့ အချိန်မှာ တခုက ကိုယ်က ဆုတွေအများကြီး ရထားပြီးပြီဆိုတော့ မဖြစ်နိုင် တော့ဘူးလား လို့ ပေါ့။ ပြိုင်ပွဲမပြိုင်ခင်က ကိုယ်က ဆုလိုချင်လို့ ပြိုင်ခဲ့တာပေါ့ နော်။ ကိုယ့် အရည်အချင်းကိုလည်း ကိုယ်က ယုံကြည်မှု အပြည့်ရှိတော့ တခုခုတော့ရမှာပဲ ဆိုတဲ့စိတ်တော့ ရှိတယ်။ အဲဒါက ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့စိတ်ပေါ့။ ဒါပေမယ့် Title ဆုတွေ အများကြီး ရပြီးတဲ့အခါမှာ ငါ ဒီလောက်နဲ့ပဲ ထိုက်တန်တယ်၊ ပြီးသွားပြီ လားမသိဘူး ဆိုတဲ့ စိတ်ကတော့ ဝင်လာတယ်။
မေး။ ။ ဒီနှစ်ပွဲမှာ Miss Universe ကရွေးချယ်ခဲ့တာ ရန်ကုန်ပဲ နှစ်ယောက်ဆိုပြီး ပြောစရာတခု ဖြစ်ခဲ့ တယ်။ အဲဒီအပေါ်ကိုရော ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ အဲဒါက နယ်ကလူတွေကလည်း သူတို့နယ်မှာ အဆင့်ဆင့်ကြိုးစားပြီး လာပြိုင်ကြတာဆိုတော့ ရစေချင်ကြ တာပေါ့နော်။ ရစေချင်ပေမယ့်လည်း ရမှ မရနိုင်တာပဲလေ။ ဒါက ကိုယ်ဖြစ်စေချင်သလို ဖြစ်လို့ မရတဲ့ကိစ္စပေါ့။ အခု ရန်ကုန်ရတဲ့ နှစ်ယောက်က Experience ရှိတဲ့သူ၊ နောက်ပြီး သူတို့ကလည်း အချိန်ပေးပြီး ဒီလို အတွေ့အကြုံတွေ ရလာခဲ့တာပေါ့။ သူတို့လည်း ကြိုးစားကြတယ်။ အဲဒါကြောင့် မို့လည်း First runner up ၊ Second runner up တွေ ရတယ်လို့ ထင်ပါတယ်။ ဒါက သူတို့ရဲ့ ပထမဆုံးပွဲ၊ ပထမဆုံးခြေလှမ်းပဲ ရှိသေးတယ်လေ။ ဒီလောက်ထိ နေရာရခဲ့တာ ကို သူတို့ကို အရမ်းကို ချီးကျူးတယ်။ ဒီထက်လည်း အများကြီး ဖြစ်လာဖို့ နောက်ထပ် ပွဲတွေ အများကြီး ရှိပါသေးတယ်။ ဖြစ်လာဦးမှာပါ။
မေး။ ။ ဒါဆို ထက်ထက်ထွန်း အတွက်က ရှေ့က ပြိုင်ခဲ့တဲ့ပြိုင်ပွဲတွေက ကိုယ့်အတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့တယ်လို့ ဆိုလိုတာပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်၊ ပေးပါတယ်။ ကံ၊ ဉာဏ်၊ ဝီရိယ လိုအပ်သလိုပါပဲ၊ အတွေ့အကြုံကလည်း အများကြီးလိုအပ် တယ်။ ရိုးရိုးပြီးသွားမှာ မဟုတ်ဘဲ နိုင်ငံတကာ ထိသွားမှာ ဖြစ်တဲ့ အတွက်ပါ။ ညီမက အနုပညာအလုပ်ကို လုပ်လာတာ ငါးနှစ်သက်တမ်း ရှိပါပြီ၊ အဲဒီငါးနှစ်ဆိုတဲ့ သက်တမ်းကရော ပြိုင်ခဲ့တဲ့ပွဲတွေကရော ညီမကို ၇၀ ရာခိုင်နှုန်းလောက် အထောက်အကူ ပေးပါတယ်။
မေး။ ။ အတွေ့အကြုံရှိတဲ့သူနဲ့ ယှဉ်ရင် ကျန်တဲ့သူတွေက ကျန်ခဲ့မှာပေါ့လို့ ဆိုလာကြမယ့် အပေါ်ကိုရော ဘယ်လို ပြောချင်မလဲ။
ဖြေ။ ။ အတွေ့အကြုံ ရှိတဲ့သူတွေ ဝင်မပြိုင်ရဘူး ဆိုရင် သူတို့ရော ဘယ်တော့မှများ ပြိုင်ခွင့်ရမှာလဲ။ သူတို့လည်း အတွေ့အကြုံနဲ့ ဝင်ပြိုင်ရင်း လုပ်ယူရမှာလေ။ အတွေ့အကြုံ ရှိတဲ့သူတွေက ယှဉ်ပြိုင်ရင်းနဲ့ပဲ အတွေ့အကြုံတွေကို ပိုရလာမှာ လေ။ မဟုတ်ရင် မရှိလို့ မလုပ်ဘူး၊ မလုပ်လို့ မရှိဘူး ဖြစ်သွားမှာပေါ့။ ဝင်ပြိုင်ရဲတဲ့ သူတွေကိုလည်း လေးစားတယ်၊ မှန်ကန်တယ် လို့လည်း ယူဆတယ်။ ဒီတပွဲပြိုင်တယ်၊ မရဘူး။ တပွဲ မရရင်လည်း အားမလျှော့စေချင် ဘူး။ ဘာလို့လဲ ဆိုတော့ ညီမတို့ ကိုယ်တိုင်လည်း ဒီပွဲမှာ ဆုရခဲ့တယ် ဆိုတာက တပွဲပြိုင်၊ တပွဲရခဲ့တာ မဟုတ်ဘူး လေ။ ငါးနှစ်လုံးလုံး အချိန်ပေးထား တာပါ။ ပြောဖြစ်ပါတယ်၊ အခုနောက်ပိုင်း Miss တွေက အရမ်းတော် ပါတယ်လို့၊ အဲဒီတော့ နင်တို့လောက်တော့ ဘယ်တော်မလဲ ဆိုတော့ မဟုတ်ဘူးလေ။ ညီမတို့က ငါးနှစ်လောက်မှ ဒီလောက် ဖြစ်တာလို့၊ သူတို့က ဒီလိုအချိန် တလ နှစ်လအတွင်းမှာ ဖြစ်တာ၊ အရမ်းမြန်ပါတယ် လို့။ ညီမတို့ထက် တော်ပါတယ်လို့၊ အတွေ့အကြုံ ဆိုတာက ယုံကြည်မှု တည်ဆောက်သလို ပါပဲ။ ကိုယ့် အရည်အချင်းနဲ့ အတွေ့အကြုံဆိုတာ ဒီလိုပဲ လုပ်ယူ ရတာပါ။
မေး။ ။ ဆုငွေကလည်း ကျပ်သိန်းတရာ ရခဲ့တယ်။ ဘယ်လိုနေရာတွေမှာ ပြန်အသုံးချဖို့ စီစဉ်ထားလဲ။
ဖြေ။ ။ အဓိကကတော့ ညီမမိဘနှစ်ပါးကို ကန်တော့မယ်။ ပြီးရင် ပုံမှန် ညီမ ပရဟိတလုပ်နေတာရှိတယ်။ အဓိကက တိရစ္ဆာန်တွေ အတွက် ကယ်ဆယ်တဲ့ ပရဟိတလေးကို လုပ်ဖြစ်သွားမှာ ပါ။ တိရစ္ဆာန်လေးတွေ အတွက် ဘယ်လို ကူညီပေးနိုင်မလဲ။ ပုံမှန် ခွေးလေးတွေကို လတိုင်းလတိုင်း အစာသွားကျွေးတယ်။ ညီမအသိ အဘွား တယောက် ရှိတယ်။ သူက အဲဒါ လေးတွေ လုပ်တာ။ သူ့ဆီကို ပုံမှန်သွားလှူဖြစ်တယ်။ ကိုယ်တိုင် မကျွေးနိုင်ရင် ကျွေးပေးနိုင်တဲ့ သူတွေဆီကို သွားသွားလှူပေးတာပါ။ ။