မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း နေဝင်းမှ စတင်ကာ ဗိုလ်ချုပ်မှူးကြီးဟောင်း (အငြိမ်းစား) သန်းရွှေအထိ နှစ်ပေါင်း ၅၀ ခန့် စိုးမိုးခဲ့သည်။ တိုင်းပြည်ကို အာဏာရှင်တွေ ဖျက်ခဲ့တာဟု အားလုံးက လွယ်လွယ်ပြောခဲ့ကြသည်။ ဒီစကားက ယေဘုယျအားဖြင့်တော့ မှန်သည်။
သဘာဝအားဖြင့် စစ်ဗိုလ်များသည် တိုင်းပြည်ကို အုပ်ချုပ်ရန်၊ အများပြည်သူကို စီမံခန့်ခွဲရန် မဟုတ်ပါ။ တိုင်းပြည်ကို ပြည်ပရန်မှ ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝဘေး အန္တရာယ် ကျရောက်သောအခါ အရေးပေါ်ကူညီ ကယ်ဆယ် စောင့်ရှောက်ရန် ဖြစ်ပါသည်။ အာဏာသိမ်း စစ်ခေါင်းဆောင်များသည် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ သံတမန်ရေး စသည်တို့ကို စီမံအုပ်ချုပ်ရာတွင် အရည်အချင်း လုံးဝမရှိသူများသာ ဖြစ်သည့်အတွက် တိုင်းပြည်သည် ကမောက်ကမဖြစ်ကာ လမ်းမှားရောက်ခဲ့သည်။
ထို့ထက် ပိုဆိုးသည်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေသည် တိုင်းရင်းသားသူဌေးများကို မွေးရမည်ဆိုသည့် ပေါ်လစီတခုကို ချမှတ် အကောင်အထည် ဖော်ခဲ့ခြင်းပင်။ ထိုပေါ်လစီ အတိုင်း မွေးထုတ်ခဲ့သည့် ခေတ်ပျက်သူဌေးများကို ယခုခေတ်တွင် အများက ခရိုနီတွေဟု ခေါ်ကြသည်။ ထိုသူတို့သည် စစ်အစိုးရလက်ထက် အစိုးရဝန်ကြီးဌာနများကို ဘတ်ဂျက်တင်ပြီး နိုင်ငံတော်၏ ဘဏ္ဍာနှင့် အများစုမှာ ကြီးပွားလာကာ တချို့မှာ ဘီလီယံနှင့် ချီချမ်းသာသွားပြီး ဘီလီယံနာများအထိ ဖြစ်သွား ကြသည်။
၎င်းတို့သည် သမာအာဇီ၀ စီးပွားရေး လုပ်ငန်းတခု သို့မဟုတ် စွန့်ဦးတီထွင်သော စီးပွားရေးလုပ်ငန်းများနှင့် ကြွယ်ဝချမ်းသာလာသူများ မဟုတ်ကြပါ။ အငှားချစနစ်ဖြင့် ချပေးသော စီမံကိန်းများ၊ နိုင်ငံတော်စီမံကိန်းများတွင် လုပ်ကိုင်ပြီး တိုင်းပြည်က ပိုင်ဆိုင်သော မြေနှင့် ဘဏ္ဍာကို အရင်းအနှီးပြုကာ ကိုယ်ကျိုးရှာ ချမ်းသာလာသူများက အများစုဖြစ်သည်။ ထို့အပြင် တိုင်းပြည်၏ သယံဇာတ သဘာဝအရင်းအမြစ်နှင့် သစ်များကိုပါ အဆင်ခြင်မဲ့ ရောင်းစားခဲ့သောကြောင့် တိုင်းပြည်နှင့် လူမျိုး နစ်နာခဲ့ရသည်။
ထို ခရိုနီသူဌေးများက ဗိုလ်ချုပ်ကြီးများနှင့် သူ၏ မိသားစုဝင်များကိုပါ ပူးပေါင်းစီးပွားရှာစေသောအခါ အားလုံး ပုလင်းတူ ဘူးဆို့ စီးပွားရေးပါတနာများ ဖြစ်သွားကြပြီး တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီး အုပ်ကာ ဖျက်စီးကြတော့သည်။ ထို့သို့ ဆယ်စုနှစ် ၂ ခုကျော် ဖြတ်သန်းကြုံတွေ့ပြီးနောက် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျသွားပြီး ၎င်းတို့သာ သားစဉ်မြေးဆက်ထိ ချမ်းသာကြွယ်ဝသွားခဲ့တော့သည်။
၁၉၆၀ ခုနှစ်ဝန်းကျင်က အရှေ့တောင်အာရှမှာ ပညာရေး၊ စီးပွားရေး ရှေ့အလားအလာ အလွန်ကောင်းသည့် အာရှရဲ့ ကျားတကောင်ဖြစ်လာမည်ဟု ဟောကိန်းထုတ် အထင်ကြီး မော့ကြည့်ရသည့် မြန်မာသည် ယခုအခါ မီးမရှိသော တဲကုတ်အဆင့်မှ မတက်နိုင်ခဲ့ရသည့် နောက်ခံသမိုင်းကို မေ့မပစ်ရန် လိုသည်။ ယနေ့တိုင်းပြည်ကို ဦးဆောင်နေသော NLD အစိုးရ၏ စီးပွားရေး ပေါ်လစီ ဘာလဲဆိုတာကို မေးခွန်းထုတ်ဖို့ လိုသလို အရင် အစဉ်အဆက် တိုင်းပြည်ဘဏ္ဍာ ကိုယ့်ဟာမှတ်ပြီး အလွဲသုံးစားခဲ့သူများ၊ မောင်ပိုင်စီးခဲ့သူများကို မမေ့ဖို့တော့ လိုသည်။
တိုင်းပြည်ကို မွဲပြာကျအောင် ဖျက်ခဲ့သူတွေထဲတွင် ရှေ့ဆုံးတန်းက ထိုင်နေသူများမှာ ခရိုနီ သူဌေးများလည်း ပါသည်ဟု ပြောလျင် မြေကြီးလက်ခတ် မလွဲပေ။