မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းနှင့် ထောင်ကျအကျဉ်းသားများ လွတ်လာခြင်းက သမ္မတ ဦးဝင်းမြင့်သည် စနစ်တကျ အလုပ်ကို စလုပ်နေကြောင်း နှစ်သစ်တွင် ပထမဆုံး သတင်းစကား ပါးလိုက်ပုံ ပေါ်သည်။ မိန့်ခွန်းက သမ္မတ တာဝန် လက်ခံသည့် မိန့်ခွန်းလို မူဝါဒရေးရာထက် ပိုသည်။ အသေးစိတ်သည်။
ခြစားမှုဖြင့် အသားကျနေသော အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားကို တဖက်က လုပ်ခလစာနှင့် အကျိုးခံစားခွင့် တိုးမြှင့်ရန် အာမခံရင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး သတိပေးသည်။ ဝန်ထမ်း လစာတိုးရေး တွက်ချက်ခဲ့သည်ဆိုသော်ငြား မည်သည့် ဝင်ငွေဖြင့် မည်မျှသုံးစွဲမည်ကို အသေးစိတ် မတင်ပြပေ။ သို့သော် ယခင် ဝန်ထမ်းလစာတိုးတိုင်း အစိုးရက ဗဟိုဘဏ်ကို ငွေစက္ကူရိုက်နှိပ်စေသောကြောင့် ငွေကြေးဖောင်းပွကာ ကုန်ဈေးနှုန်းတက်တတ်သည့် ဓလေ့ လျှော့ပါးလာနေသည်။ ငွေလဲနှုန်း၊ ရွှေဈေး တည်ငြိမ်နေသည်က ကောင်းသောအချက်ဖြစ်သည်။
လမ်းသစ် ဖောက်လုပ်ရေး၊ ကြိုးတံတားများ အလျင်အမြန် စစ်ဆေးရေးနှင့် ကာလလတ်အတွင်း လျှပ်စစ်မီး ၂ ဆတိုးစေရေးကိုလည်း သမ္မတက အာမခံသည်။ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများ ငွေထုတ်ချေးရာ၌ မြန်ဆန်လွယ်ကူစေရန် Credit Bureau အမြန် ထူထောင်နိုင်ရေး ကတိပေးသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အလေးအနက်ထား ပြောသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို မြှင့်တင်ကာကွယ်ပေးနိုင်ရန် မီဒီယာ၊ အရပ်ဘက် လူထုအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းမည်ဟု လက်ကမ်းသည်။
နိုင်ငံရေးအကျဉ်းသားများကို ယခင်က ဖိအားကြောင့် ဖြစ်စေ၊ စိတ်ကောင်းဝင်၍ ဖြစ်စေ လွှတ်ပေးရာတွင် နှစ်မပြည့်သေးပါက နောင်အခါ ပြန်လည်အဖမ်းခံရလျှင် အမှုကြွေးကို ပြန်လည်ကျခံရန် ပြဌာန်းထားချက်အား ဖျက်သိမ်းသည်။ နိုင်ငံရေး အကျဉ်းသားဟောင်း အများအပြားက ကြိုဆိုကြသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့သည့် သမ္မတသစ်သည် တပ်မတော် အစိုးရဟောင်းက ဖြစ်စေ၊ လတ်တလော မြန်မာ့တပ်မတော်က ဖြစ်စေ နိုင်ငံတော် သစ္စာဖောက်မှု၊ တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု စသော အမှုကြီးများဖြင့် တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ထားသော အကျဉ်းသားများကိုလည်း လွှတ်ပေးသည်။ ၂၀၀၉ ခုနှစ်တွင် မြောက်ကိုးရီးယားနှင့် မြေအောက်လှိုဏ်ခေါင်းများ ပူးပေါင်းတည်ဆောက်နေကြောင်း သတင်းပေါက်ကြားမှုကြောင့် ဖမ်းဆီးခံခဲ့ရသူ ဗိုလ်မှူး ဝင်းနိုင်ကျော်ကို ပြန်လွှတ်ပေးနိုင်ခြင်းက စိတ်ဝင်စားဖွယ် ဖြစ်သည်။
သမ္မတ၏ အထူးလုပ်ပိုင်ခွင့်ကို ကျင့်သုံးခဲ့စေကာမူ ၎င်းကို မြန်မာ့တပ်မတော် ခေါင်းဆောင်များ သဘောမတူဘဲ မဖြစ်နိုင်။ ကာ/လုံ အစည်းအဝေးကဲ့သို့ နိုင်ငံတော် ထိပ်သီးများ စုံညီ တွေ့ဆုံရာတွင် သဘောတူညီခဲ့ပုံ ရသည်။ ယင်းသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပူးပေါင်းခဲ့သောကြောင့် ပြည်ပရောက်ခဲ့ကြရသော တပ်မတော်သားဟောင်းများအပြင် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုဖြင့် တရားရင်ဆိုင်နေရသော ရိုက်တာ သတင်းထောက်များအတွက်လည်း သတင်းကောင်းဖြစ်နိုင်သည်။
၁၉၈၈ နောက်ပိုင်း မြန်မာပြည် မြောက်ဖျား ကချင် လက်နက်ကိုင်နယ်မြေတွင် ကျောင်းသား အချင်းချင်း သတ်ဖြတ်ခဲ့သော “ပါဂျောင်လူသတ်မှု”နှင့် စပ်လျဉ်းသူ ဦးသံချောင်းကို အငြင်းပွားဖွယ် လွှတ်ပေးလိုက်သော်လည်း သူသည် ရှမ်းအဖွဲ့အစည်းများ အစဉ်တစိုက် တောင်းဆိုခံနေရသူ ဖြစ်သည်။ ၎င်း ကျူးလွန်ခဲ့သူများ သက်ရှိထင်ရှားရှိနေသေးရာ ယင်းကိစ္စ သက်ဆိုင်သူများ မည်သို့ ပြန်လည် ရင်ဆိုင်မည်ဆိုသည်က အမျိုးသားရင်ကြားစေ့ရေး အစိုးရက ဦးစားပေးလုပ်ဆောင်နေသည်ဆိုသော လတ်တလော နိုင်ငံရေး ရာသီဥတုအောက်တွင် စိတ်ဝင်စားစရာပင်။
ထို့အပြင် သမ္မတက လွှတ်ပေးသည့်အထဲ ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသတိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို သတင်းပေး ပြုလုပ်ပြီး ထောက်ပံ့ပေးသည်ဟု တပ်မတော်က တရားစွဲဆိုပြီး ထောင်ကျနေသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဘာသာရေးုဆရာ ၂ ဦး ပါဝင်ခဲ့သည်မှာ ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားနယ်မြေတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တရားမျှတမှု မရှိဟု ထင်မြင်ခံစားနေရမှုများကို သမ္မတ လုပ်ပိုင်ခွင့်အတွင်းက ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ် ဖြေရှင်းလာခြင်းလော။
မည်သို့ဆိုစေ နှစ်သစ်တွင် သမ္မတသစ်က ခြေလှမ်းသစ် လှမ်းခဲ့ပြီ။