မြန်မာပြည်သူများ ရိုးရာအစဉ်အလာ နှစ်သစ်ကူး သင်္ကြန်ရေသဘင်ပွဲတော် နောက်ဆုံးနေ့ကို ကျင်းပနေချိန် ဧပြီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီသည် ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်ဟောင်း၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အတိအကျ မဖော်ပြသည့်နေရာတခုသို့ တိတ်တဆိတ် ရွှေ့ပြောင်းနေသည်။ နေပြည်တော်မှ အသုံးအဆောင်များ ပိုရှိသော အိမ်တလုံးသို့ ရွှေ့ပြောင်းသည်ဟု ယူဆရသည်။
ထိုသတင်းကို ထုတ်ပြန်ကြေညာရာတွင် စစ်ကောင်စီသည် စကားလုံးများကို ဂရုတစိုက် ရွေးချယ်သည်။
“ဒီအကျဉ်းထောင်တွေမှာ ရာသီဥတုအခြေအနေအရ အပူချိန် ပြင်းထန်နေတာတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး သမ္မတဟောင်း ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ကျန်းမာရေးအရ လိုအပ်နေတဲ့ အကျဉ်းသားများ၊ အသက်ကြီးနေတဲ့ အကျဉ်းသားများနဲ့ ပတ်သက်ပြီး အပူဒဏ် သက်သာစေရေးအတွက် နည်းလမ်းများရှာဖွေပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြောင်း သတင်းဌာန လေးခုက ဖော်ပြသည်။
ပဲခူးတိုင်း၊ တောင်ငူထောင်တွင် ဖမ်းဆီးထားခံရသည့် သမ္မတ ဦးဝင်းမြင့်ကိုလည်း နေရာသစ်တခုသို့ ပြောင်းရွှေ့လိုက်သည်။ နေပြည်တော်မှ လေအေးပေးစက် တပ်ဆင်ထားသည့် အိမ်တလုံးသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ပုံရသည်။
သူ၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုတွင် ဖြုတ်ချလိုက်ပြီးနောက် အသက် ၇၈ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် သစ္စာဖောက်မှုမှသည် လာဘ်ယူမှုနှင့် ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုအထိပါဝင်သည့် အမှုအများအပြားဖြင့် ထောင်ဒဏ် ၂၇ နှစ်ချထားသည်။ ထိုစွဲချက်များ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်သည်။
ထိုသို့ စတင်ဖမ်းဆီးစဉ်ကပင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ရာဇဝတ်အကျဉ်းသား တဦးသဖွယ် ဆက်ဆံသည်။ စစ်ကောင်စီသည် ၎င်းတို့အချင်းချင်း ရာဇဝတ်သား အစစ်အမှန်များအနက် အချို့ကို ဒဏ်ခတ်ရန်လိုသည်ဟု ဆုံးဖြတ်သောအခါ စံနှုန်း နှစ်မျိုး ကျင့်သုံးသည်မှာ မထူးဆန်းပေ။
အဂတိလိုက်စားမှုနှင့် နိုင်ငံတော် သစ္စာဖောက်မှုများဖြင့် ၂၀၂၃ ခုနှစ်က ဖမ်းဆီးခံရသည့် ပြည်ထဲရေး ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဟောင်း ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အပါအဝင် ထိပ်တန်းဗိုလ်ချုပ် အများအပြားကို နေပြည်တော်နှင့် အခြားနေရာများမှ ထောင်များသို့ ပို့ဆောင်ခြင်း မရှိပေ။
မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသော်လည်း ၎င်းတို့ကို နေအိမ်အကျယ်ချုပ်အဖြစ် အသုံးအဆောင်များနှင့် ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ပံ့ပိုးပေးထားသည်ဟု အတိုက်အခံအင်အားစုနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ၎င်းတို့သည် ရာဇဝတ်ကောင် အစစ်အမှန်များ ဖြစ်သော်လည်း စစ်ကောင်စီ၏ အလွန်အရေးပါသော (VIP) အကျဉ်းသားများအဖြစ် ဆက်ဆံသည်။ သတင်းများအရ နေပြည်တော် အကျဉ်းထောင်ဘဝသည် ငရဲနှင့်တူသည်ဟု သိရသည်။
အဂတိလိုက်စားမှုနှင့် နိုင်ငံတော် သစ္စာဖောက်မှုများဖြင့် ၂၀၂၃ ခုနှစ်က ဖမ်းဆီးခံရသည့် ပြည်ထဲရေး ဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဟောင်း ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အပါအဝင် ထိပ်တန်းဗိုလ်ချုပ် အများအပြားကို နေပြည်တော်နှင့် အခြားနေရာများမှ ထောင်များသို့ ပို့ဆောင်ခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး၊ “သူ မတူသည့် အကျဉ်းသား” (An Unlikely Prisoner) စာအုပ်ကို ရေးသားသူ ဒေါက်တာ ရှောင်တာနဲလ်က Nikkei Asia သို့ ပြောကြားရာတွင် “ရာသီဥတုက မယုံကြည်နိုင်လောက်အောင် ဆိုးရွားတယ်။ မိုးတွင်းမှာ မိုးအရမ်းရွာတဲ့ အချိန်ကလွဲလို့ အချိန်ပြည့် အရမ်းပူတယ်။ ရွှံ့နွံပြင်မှာ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ကြွက်တွေ၊ ပုရွက်ဆိတ်တွေ၊ ခြင်တွေ၊ ကင်းခြေများတွေ အပြည့်ရှိတယ်။ အရမ်းအရမ်းကို ဆိုးရွားတဲ့နေရာပဲ” ဟု ဖော်ပြခဲ့သည်။
နေအိမ်အကျယ်ချုပ်သို့ မပြောင်းမီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကျဉ်းမြောင်းပြီး အထူးဆောက်ထားသည့် ထောင်အဆောက်အအုံတခုတွင် ထားသည်။ ဒေါက်တာ တာနဲလ်၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်အတွက် လေအေးပေးစက် တပ်ဆင်ပေးရန် ကမ်းလှမ်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခဲ့ပြီး အခြားအကျဉ်းသားများအတွက် လေအေးပေးစက်များ ဦးစွာတပ်ဆင်ပေးပြီး နောက်ဆုံးမှ သူ့အတွက် တပ်ဆင်ပေးရန် ထောင်အာဏာပိုင်များကို ပြောကြားခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် အာဏာရစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လုပ်ကိုင်ခဲ့ဖူးသည့် အဆင့်မြင့် အစိုးရအရာရှိဟောင်းတဦးက ထိုထောင်ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ် ပြန်လည်တွေ့မြင်ရစဉ်က အခြေအနေကို ပြောကြားရာတွင် “သူက နေပြည်တော်က အကျဉ်းသားတွေထဲမှာ အမာကြောဆုံးဖြစ်ပြီး သူ့ရဲ့ သံမဏိစိတ်ဓာတ်က အံ့သြစရာကောင်းတယ်။ ကျနော်တို့နဲ့ တရားရုံးမှာတွေ့တော့ သူက ဟာသတွေတောင် ပြောနေပြီး ကျနော် ဘယ်တော့ လွတ်မယ်ဆိုတာကိုတောင် ကြိုတင်ခန့်မှန်းနေသေးတယ်” ဟု ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုတင်ခန့်မှန်းမှုသည် မမှားပေ။ သူသည် ၂၀၂၃ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
သူ့ကို နေရာရွှေ့ပြောင်းမည်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် ကြိုတင်တွေးတောခဲ့ခြင်း ရှိ၊ မရှိနှင့် ထိုချက်ကို ဂရုစိုက်၊ မစိုက်ကို သေချာစွာ မသိရပေ။
လွန်ခဲ့သောနှစ်တွင် ထိုင်းသတင်းမီဒီယာများသည် မြန်မာစစ်ကောင်စီအတွက် ဝါဒဖြန့်သူများအဖြစ် လုပ်ကိုင်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားသည်ဆိုသည့် စစ်ကောင်စီ၏ ဝါဒဖြန့်သည့်သတင်းများကို ထုတ်လွှင့်ခဲ့ကြသေးသည်။ ထိုသတင်းသည် မှန်ကန်ခြင်း မရှိခဲ့သော်လည်း ထိုင်းမီဒီယာများသည် ထိုအချက်ကို အချက်အလက်မှန်သဖွယ် ဆက်လက်ဖော်ပြကာ စစ်ကောင်စီကို လိုလားသောအမြင်ဖြစ်အောင် မှားယွင်းစွာ ဖော်ပြကြသည်။
စစ်အာဏာသိမ်းမှုဖြစ်ပြီ မကြာမီ ထိပ်တန်းဗိုလ်ချုပ် အများအပြားသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းတွင် သွားရောက်တွေ့ဆိုသည့် ကောလာဟလများလည်း ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ အမှန်တကယ် ဖြစ်ပျက်ခဲ့ပါသလား။
ဒေါ်အောင်ဆန်းစုကြည်သည် အခြားအကျဉ်းသားများနှင့် တရားရုံးတွင် တွေ့ဆုံသောအခါ မည်သူမှ သူ့ကို လာရောက်တွေ့ဆုံခြင်း လုံးဝ လုံးဝ မရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်။
ထိုသို့ဆိုလျှင် စစ်ကောင်စီသည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းရန် မည်သည့်အတွက် ဆုံးဖြတ်သနည်းဟု မေးရမည်ဖြစ်သည်။
စစ်ကောင်စီသည် မကြံစဖူးပြင်းထန်သည့် လက်နက်ကိုင်ဆန့်ကျင်မှု၊ ပြည်တွင်းစစ် အဆင့်မြင့်တက်လာခြင်းနှင့် အဓိကကျသည့် တော်လှန်ရေး အင်အားစုများက ညှိနှိုင်းတိုက်ခိုက်ခြင်းကို ရင်ဆိုင်နေရသောကြောင့် ပိုမိုများပြားသည့် နယ်မြေများ၊ တရုတ်၊ ထိုင်းနိုင်ငံတို့နှင့်အရေးပါသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများကို လက်လွတ်ဆုံးရှုံးရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မကြာသေးမီက တိုက်ပွဲများတွင် စစ်တပ်၏အင်အားသည် ချိနဲ့လာပြီး အရာရှိနှင့်စစ်သား ရာပေါင်းများစွာ လက်နက်ချကြသည်။
စစ်အာဏာသိမ်းမှုဖြစ်ပြီ မကြာမီ ထိပ်တန်းဗိုလ်ချုပ် အများအပြားသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်းတွင် သွားရောက်တွေ့ဆိုသည့် ကောလာဟလများလည်း ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ အမှန်တကယ် ဖြစ်ပျက်ခဲ့ပါသလား။
စစ်ကောင်စီတပ်များ အကြီးအကျယ် အရေးနိမ့်နေသည် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ပွဲများတွင် ကြားဝင်စေ့စပ်ပေးရန် စစ်ကောင်စီက တရုတ်ကို တောင်းဆိုသောကြောင့် ဒီဇင်ဘာလ ပထမပတ်အတွင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် စစ်ကောင်စီ ဒု ဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဦးသန်းဆွေနှင့် ဘေဂျင်းတွင် တွေ့ဆုံသည်။
“မြန်မာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်မှ နိုင်ငံရေး အသွင်ကူးပြောင်းမှု အမြန်ဆုံး ဆက်လက်လုပ်ဆောင်နိုင်မည်ဟု တရုတ်က မျှော်လင့်သည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ကြေညာချက်တစောင်တွင် ပြောသည်။
လွန်ခဲ့သော နှစ်ပတ်အတွင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သူ၏လက်ထောက် ဦးမောင်အေးနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ သံရုံး၏ ထုတ်ပြန်ကြေညာချက်တစောင်အရ ထိုသို့တွေ့ဆုံစဉ်အတွင်း မစ္စတာ ချန်က တရုတ်သည် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားတိုးတက်ရေး၊ အသက်ဝမ်းကြောင်းများ တိုးတက်ရေးတို့ကို ဆက်လက် ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
နေပြည်တော်တွင် မစ္စတာ ချန်သည် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရေတပ် ဦးစီချုပ်ဟောင်း၊ လက်ရှိတွင် အမျိုးသားလုံခြုံရေးအကြံပေး ဦးမိုးအောင် အပါအဝင် လက်ရှိစစ်ကောင်စီ ဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။
ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ်တွင် စစ်တပ်မှ တရားဝင် ထွက်သွားသော်လည်း တရုတ် အဆင့်မြင့် ဧည့်သည်များ သူ့ကို သွားရောက်တွေ့ဆုံသည်မှာ စိတ်ဝင်စားစရာကောင်းသည်။ သူ၏ နေပြည်တော်နေအိမ်သို့ သွားရောက်သည့် တရုတ်အဆင့်မြင့်အရာရှိများတွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲဟောင်း မစ္စတာ ဆွန်ထောင်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ချင်ကောင်းနှင့် ပါတီ၏ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဖုန်ရှိုဘင်တို့ ပါဝင်သည်။
ဦးသန်းရွှေသည် စစ်အုပ်စုကို ခေါင်းဆောင်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို အင်းလျားကန်ဘေး နေအိမ်တွင် နှစ်ပေါင်းများစွာ ဖမ်းဆီးထားပြီး ၎င်း၏ စစ်အုပ်စု နိုင်ငံတကာဖိအားခံရတိုင်း သေနင်္ဂဗျူဟာကျကျ မကြာခဏ ပြန်လွှတ်ပေးကာ ဖမ်းလိုက်လွှတ်လိုက်လုပ်သည့် ကစားနည်းကို တွက်ချက်လုပ်ကိုင်သည့် စစ်တုရင် အကွက်ရွှေ့သမားအဖြစ် မြင်ကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်သည် အထူးသံတမန်ကို မြန်မာသို့ အကြိမ်ကြိမ် စေလွှတ်သည်။ ထိုအထူးသံတမန် တရားဝင် ပြောဆိုဆွေးနွေးသည့် အကြောင်းအရာတခုမှာ ဒေါ်အောင်ဆန်းစုကြည် အဆင်ပြေ ကျန်းမာရေးကိစ္စဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ၎င်းက တောင်းဆိုသော်လည်း အောင်မြင်ခြင်း မရှိပေ။
အာဏာရနေစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို မှန်မှန် တည်ဆောက်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာသို့ လာရောက်ခဲ့ပြီး ထိုခရီးစဉ်သည် တရုတ်ခေါင်းဆောင်အဖြစ် မြန်မာသို့ သူပထမဆုံး လာရောက်သည့် ခရီးစဉ်လည်းဖြစ်ခဲ့သလို ၁၉ နှစ်အတွင်း တရုတ်သမ္မတတဦး မြန်မာသို့ ပထမဆုံးလာရောက်ခြင်းလည်း ဖြစ်သည်။
တရုတ်သည် မြန်မာတွင် ဒေါ်လာဘီလီယံချီတန်သည့် အခြေခံအဆောက်အအုံ စီမံကိန်းများရှိသည်။ သမ္မတ ရှီ လာရောက်သည့်အချိန်က တရုတ်အရာရှိ အများအပြားက ၎င်းတို့သည် အကျင့်ပျက် မြန်မာဗိုလ်ချုပ်များထက် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း မြန်မာမိတ်ဆွေများကို ပြောကြားခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်သည် အထူးသံတမန်ကို မြန်မာသို့ အကြိမ်ကြိမ် စေလွှတ်သည်။ ထိုအထူးသံတမန် တရားဝင် ပြောဆိုဆွေးနွေးသည့် အကြောင်းအရာတခုမှာ ဒေါ်အောင်ဆန်းစုကြည် အဆင်ပြေ ကျန်းမာရေးကိစ္စဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ၎င်းက တောင်းဆိုသော်လည်း အောင်မြင်ခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်ကို နေရာသစ်သို့ ရွှေ့ပြောင်းသည့် သတင်းနောက်ပိုင်းတွင် တရုတ်သံအမတ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးမည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများကို မြန်မာအတိုက်အခံ အုပ်စုများအကြား မျှဝေကြသည်မှာ စိတ်ဝင်စားစရာကောင်းသည်။
မည်သို့ဆိုစေ အဖမ်းဆီးခံ အရပ်သား ထိပ်တန်းခေါင်းဆောင်များကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းပေးသည်ဆိုသည့် သတင်းကို ဖုံးဖုံးဖိဖိ လုပ်ရန် စစ်ကောင်စီ၏ အားထုတ်မှုများနှင့် ထိုခေါင်းဆောင်များ အပူဒဏ်မခံရစေရန် ကာကွယ်ပေးနေသည်ဆိုသည့် တရားဝင်ပြောဆိုချက် ရှိသော်လည်း ထိုလုပ်ရပ်တွင် တရုတ် ပါဝင်ပတ်သက်မှုကို နိုင်ငံရေးလေ့လာသူအများအပြား မြင်ကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Why Has the Myanmar Regime Moved Suu Kyi to House Arrest? ကို ဘာသာပြန်သည်။)
You may also like these stories:
ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ပြန်ထားရန် စစ်ကောင်စီ အစီအစဉ်ရှိ
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့
ရှမ်းပြည်တွင် တိုက်ပွဲများပြန်စချိန် စစ်ကောင်စီကို တရုတ်သံအမတ် တွေ့
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
အာဏာရှင်အသစ်၊ ကစားကွက်အဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်