ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ ဒုတိယအကြိမ်ညီလာခံမှာ တပ်ပေါင်းစုကို ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အပါအဝင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ “ဝ” အမျိုးသားအဖွဲ့ချုပ် (WNO) တို့ကို နှုတ်ထွက် ခွင့်ပြုလိုက်ပါတယ်။ တပ်ပေါင်းစု အဖွဲ့ဝင် ၅ ဖွဲ့သာ ကျန်ရှိတော့တဲ့ UNFC အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုသွားမလဲ၊ တပ်ပေါင်းစု အဖွဲ့ဝင် ၄ ဖွဲ့ကို နှုတ်ထွက်ခွင့်ပြုလိုက်တဲ့ အခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ် အချို့နဲ့ပတ်သက်ပြီး UNFC ဥက္ကဋ္ဌ ဖြစ်လာတဲ့ နိုင်ဟံသာ ကို ဧရာဝတီအပါအဝင် ချင်းမိုင်အခြေစိုက် သတင်းထောက်များက မေးမြန်းထားမှုအား စုစည်း ဖော်ပြလိုက်ပါတယ်။
မေး ။ ။ အန်ကယ်ကတော့ လောလောလတ်လတ် ဒီညီလာခံကရွေးချယ်လိုက်တဲ့ ဥက္ကဋ္ဌ ဖြစ်လာတာ ဆိုတော့ အန်ကယ့် လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရော၊ UNFC မှာရော အဓိက စိန်ခေါ်မှှုက ဘာဖြစ်မလဲ။
ဖြေ ။ ။ အဓိက စိန်ခေါ်မှှုက အခုကတော့ UNFC ထဲမှာ အားနည်းသလိုတော့ ဖြစ်သွားတယ်ပေါ့နော်။ အဲဒီအပေါ်မှာ တဖက်က အစိုးရနဲ့ ညှိနှိုင်းတဲ့ အပေါ်မှာ သူတို့ကတော့ အားနည်းချက်အပေါ်မှာ ဂရုမစိုက်သလို လုပ်ရင်လည်း လုပ်လာနိုင်တယ်။ ဒါက တချက်ပေါ့လေ။ ဒါကလည်း အခြေအနေအရ ပေါ့နော်။ တဖက်က အန်ကယ်တို့ လုပ်ပြီးသွားတဲ့ ဒုတိယ ပင်လုံမှာ တချို့ အချက်တွေက သူတို့ ချမှတ်ထားပြီးပြီ။ ဒါတွေ အန်ကယ်တို့ လက်မခံနိုင်တဲ့ အချက်တွေတော်တော် ရှိနေတယ်။ အဲဒါကို ဖြတ်ကျော်နိုင်ဖို့ အတွက်လည်း ဒါကတော့ ကျနော်တို့ ကြိုးပမ်းရမယ်။
မေး ။ ။ UNFC ရဲ့ ဒုတိယ အကြိမ် ညီလာခံမှာ KIO နှုတ်ထွက်ခွင့်ပြုလိုက်တဲ့အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါမှာ ဆက်ဆံတဲ့ ပုံစံပြောင်းသွားနိုင်မလား။
ဖြေ ။ ။ ဒါကတော့ ပြောလို့မရသေးဘူးပေါ့။ KIO/KIA အနေနဲ့က သူတို့ရဲ့ အခြေအနေကြောင့်ပေါ့နော်။ ဒီကနေ သူတို့ နှုတ်ထွက်သွားရတယ်။ ဒါပေမယ့် သူတို့က ဒီ UNFC နဲ့ ဆက်စပ်အဖွဲ့အစည်းအနေနဲ့ အမြဲတမ်းလက်တွဲနိုင်တဲ့ အပိုင်းမှာ သွားဖို့ အဲဒီလို အစီအစဉ်ရှိတယ်ဗျ။ တဖက်က ပြောမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ကျနော်တို့အချင်းချင်း စုစည်းညီညွှတ်မှဘဲ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်အတွက် အထောက်အကူဖြစ်မယ်။ အမှန်ကတော့ သူတို့လည်း မနှုတ်ထွက်ချင်ဘူး။ အခြေအနေအရ မလွှဲမရှောင်သာလို့ ဒီလိုဖြစ်သွားတယ်။ ဒါပေမယ့် သူတို့က ဆက်စပ်နေမှာပါ။ အခုလို သူတို့ဖြစ်သွားတဲ့ အပေါ်မှာ အစိုးရဘက်က ဘယ်လိုသဘောထားမလဲတော့ ပြောလို့မရသေးဘူးပေါ့။
မေး ။ ။ KIO အပါအဝင် ၄ ဖွဲ့ကို နှုတ်ထွက်ခွင့်ပြုလိုက်တဲ့ အတွက် UNFC အပေါ်မှာ ဘယ်လိုရိုက်ခတ်မှုတွေရှိနိုင်သလဲ။
ဖြေ ။ ။ တချို့ကတော့ မြင်မှာပေါ့ဗျာ။ UNFC ကတော့ တော်တော်လေးကို ပြိုကွဲကျဆင်းသွားတယ်ဆိုတဲ့ သဘောပေါ့။ အမှန်ကတော့ တဖက်က ပလောင်နဲ့ ကိုးကန့်ကတော့ သူတို့က ဟိုဘက်မှာ တွဲနေတာကြာပြီလေ။ UNFC နဲ့ သူတို့က သီးခြားလို ဖြစ်နေတာတော့ကြာပြီ။ အခုအချိန်မှာ ဝ (WNO) ကတော့ ဝ အဖွဲ့ကြီး (UWSA) နဲ့ ပူးပေါင်းလိုက်တဲ့သဘောပါ။ ကောင်းတဲ့ အလားအလာလို့ အန်ကယ်တို့မြင်တယ်။
KIO ကတော့ သူတို့ဘဝ အခြေအနေကြောင့်ပေါ့ဗျာ။ သူတို့ရဲ့ တည်နေရာ အခြေအနေကြောင့် သူတို့က ဒီလိုမလုပ်ရင် သူတို့ အတွက် အကျပ်အတည်း အများကြီးရှိတယ်။ အဲဒီလိုကြောင့် ဒီလိုလုပ်လိုက်တယ်။ အဲဒီလိုလုပ်လိုက်တဲ့ အပေါ်မှာ တဖက် ကလည်း ဆက်သွယ်ရေး မပြတ်အောင် ပူးပေါင်းဆောင်ရွက် သွားနိုင်တဲ့ အနေအထားမှာ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ သူတို့လူတွေလည်း သူတို့ထားထားတယ်။ ဒါကတော့ တဖက်က နားလည်မှုပေးရမှာပေါ့လေ။
မေး ။ ။ KIO နဲ့ အတူ SSPP ဆိုတာကလည်း မြောက်ပိုင်းက FPNCC တွဲပြီးတော့ ရှိနေတယ်ဆိုတော့ SSPP အနေနဲ့ ဟိုဘက် အခြမ်းမှာ လည်း ရပ်တည်နေတယ်။ UNFC မှာလည်း ပါဝင်နေတယ်။ SSPP ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒီညီလာခံမှာ ဆွေးနွေးမယ်လို့ အန်ကယ် ကျနော်တို့ကို ပြောခဲ့တာရှိပါတယ်။ SSPP နဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဆွေးနွေးဆုံးဖြတ်ခဲ့သလဲခင်ဗျ။
ဖြေ ။ ။ SSPP ကတော့ သူတို့ ဒီဘက်မှာလည်း ပူးပေါင်းသလို ဟိုဘက်မှာလည်းပူးပေါင်းမယ်။ သူတို့ရဲ့ အနေအထားက KIO နဲ့ နည်းနည်းလေး ကွာခြားတယ်။ သူတို့က တကယ့်တရုတ်ပြည်ရဲ့ နယ်စပ်မှာ မရှိဘူး။ အတွင်းပိုင်းမှာ သူတို့ရဲ့ လှုပ်ရှားမှုခွင်ပေါ့။ အတွင်းပိုင်းမှာ အထိုက်အလျောက်ရှိတယ်။ အဲဒီအပေါ်မှာ တဖက်က သူတို့ကတော့ ဒီလို၊ တဖက် ကလည်း ကျနော်တို့သွားနေတဲ့ NCA လမ်းကြောင်းကို သူတို့က ဖြစ်သင့်တယ်။ ဒီလမ်းကြောင်းက မှန်ကန်တယ်ဆိုတဲ့ဟာကိုလည်း သူတို့ နားလည်တယ်။ ဒါပေမယ့် ဘဝ အခြေအနေနဲ့ အကြောင်းပေါ့ဗျာ။ ဟိုဘက်နဲ့ ဒါကတော့ စစ်ဖြစ်နေတဲ့အင်အားစု အချင်းချင်းပေါ့ဗျာ။ မပေါင်းရင်လည်း မဖြစ်ဘူးလေ။ ဒါကြောင့် ဟိုဘက်ကိုလည်း ပေါင်းမယ်။ ဒီဘက်ကိုလည်း ပေါင်းမယ်။ ဒီအပေါ်မှာလည်း သူတို့ရဲ့ ရပ်တည်မှုအပေါ်မှာပေါ့နော် အန်ကယ်တို့ အနေနဲ့ ဝမ်းသာတယ်။ ဒီဘက်က ကျေးဇူးလည်း တင်ပါတယ်။
မေး ။ ။ အန်ကယ် ဥက္ကဋ္ဌဖြစ်လာပြီဆိုတော့ ဘယ်ကိစ္စတွေကို အလေးပေးပြီးတော့ ဦးဆောင် လုပ်သွားမယ်လို့ စဉ်းစားထားလဲ ခင်ဗျ။
ဖြေ ။ ။ တဖက်ကပြောမယ်ဆိုရင် ဒီ NCA လမ်းကြောင်းကို လိုက်နိုင်ဖို့လည်း ကြိုးပမ်းမယ်။ တဖက်ကလည်း တိုင်းရင်းသားတွေ ကြားထဲမှာ တိုင်းရင်းသားတွေ အခုလက်နက်ကိုင် ၃ စုဖြစ်နေတဲ့ ကြားထဲမှာ အန်ကယ်တို့ UNFC အနေနဲ့ကတော့ ဟိုဘက်ရော၊ ဒီဘက်ရော နီးစပ်တဲ့ အဖွဲ့တွေနော်။ အဲဒီတော့ ဟိုနှစ်ဖွဲ့ကြားမှာလည်း နီးစပ်မှုရှိအောင်လည်း အန်ကယ်တို့ကတော့ ကြိုးပမ်းရမယ့် တာဝန်ရှိတယ်။
နောက်ပြည်တွင်း မှာရှိနေတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး ပါတီထဲမှာလည်း တိုင်းရင်းသားနိုင်ငံရေးပါတီဆိုပြီး အုပ်စု ၂ အုပ်စု လိုဖြစ်နေတာလေ UNA နဲ့ NDF ဆိုပြီးတော့ အဲဒီနှစ်ခု ကြားမှာလည်း အန်ကယ်တို့က နားလည်မှု ရှိရှိနဲ့ တဖက်က ပိုပြီးတော့ နီးစပ်မှုရှိအောင် အဲဒါကိုလည်း ကြိုးပမ်းသွားမယ်။ ဒါတွေက အဓိက တိုင်းရင်းသား အင်အားစုတွေကြားထဲမှာ နီးစပ်မှုနဲ့ နားလည်မှု အကောင်းဆုံးဖြစ်အောင် စည်းလုံးညီညွှတ်မှု အကောင်းဆုံးဖြစ်အောင် ဒါကို အဓိကထားပြီး ကြိုးပမ်းသွားမယ်။
မေး ။ ။ နောက်တခုက ဒီနှစ် သြဂုတ်လထဲမှာ ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတွေ ပါဝင်နိုင်တဲ့ ညီလာခံတခု လုပ်မယ်လို့ ဆိုတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ အင်အားကြီးကြီး စုစည်းမှု ဖြစ်အောင်လုပ်တာလဲခင်ဗျ။
ဖြေ ။ ။ ဒီလိုပါ။ တဖက်က မိုင်ဂျာယန်မှာ ဥပမာ အန်ကယ်တို့ ချမှတ်ထားတဲ့ ကိစ္စတွေလေ။ ဒါကလည်း ပူးပေါင်း လုပ်ဆောင်ဖို့ပါ။ အဓိကပင်လုံလက်စွဲ၊ ပင်လုံစာချုပ်ဘယ်လိုဖြစ်ပေါ်လာရလဲ၊ သူ့ရဲ့ အခြေခံ အကြောင်းအရင်းတွေကို စုစည်းတယ်။ စုစည်းတာဟာ တကယ်တမ်း စကားပြောတဲ့အခါ ဒါဟာ အထောက်အကူ ဖြစ်ဖို့ ဒါက တခု၊ နောက်ပြီး အန်ကယ်တို့ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့ နေရာမှာ အခြေခံအချက်အလက်တွေ တိုင်းရင်းသားတွေ အားလုံးကြားမှာ တူညီတဲ့ အခြေခံ တခုကို ချမှတ်ချင်တယ်။
နောက်လုံခြုံရေးနဲ့ ကာကွယ်ရေးပိုင်း အနာဂတ်မှာ တပ်ကို ဘယ်လိုဖွဲ့စည်းမလဲ၊ တိုင်းရင်းသားတွေ အားလုံး အတွက်လည်း လုံခြုံမှု ရှိအောင်၊ နိုင်ငံ အတွက်လည်း လုံခြုံမှု ရှိအောင် တဖက်က တပ်ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့ ကိစ္စ နောက်ပြီး တပ်နဲ့ အတူပေါ့ဗျာ၊ တဖက်က တို့ နိုင်ငံလုံခြုံဖို့နဲ့ တည်ငြိမ်ဖို့ အတွက်ပေါ့လေ။ ကာကွယ်ရမယ့် အပိုင်းတွေကလည်း တာဝန်ရှိတာကိုး။ ဒါတွေကိုလည်း ညှိနှိုင်းပြင်ဆင်ဖို့ပေါ့လေ။ ဒါတွေလည်း လိုတယ်။
နောက်တခြားကိစ္စ ဥပမာဆိုပါစို့။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထဲမှာ၊ အန်ကယ်တို့ကြားထဲမှာ နားလည်မှုရှိရှိနဲ့ ရပ်တည်မှုတူညီအောင်ပေါ့နော်၊ အားလုံး ညှိနှိုင်းလက်တွဲနိုင်ဖို့က အရေးကြီး နေတယ် ဆိုတော့ အဲဒီပွဲမှာ အန်ကယ်တို့ ဟိုးအရင်က ညှိနှိုင်းထားတဲ့ ကိစ္စတွေကို ပိုပြီးတော့မှ နားလည်မှု တည်ဆောက်နိုင်အောင်ပေါ့၊ ခိုင်မာတဲ့ မူတွေကို ချမှတ်နိုင်အောင် ရည်ရွယ်ချက်နဲ့ ချမှတ်ထားတာ ဖြစ်တယ်။
မေး ။ ။ အန်ကယ် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တဲ့ အခါမှာ ပထမဦးဆုံးအနေနဲ့ ငြိမ်းချမ်းရေး အတွက် ဘာရဖို့ ရည်မှန်းထားလဲ။
ဖြေ ။ ။ အန်ကယ်တို့ကတော့ တဖက်က NCA ကို လက်မှတ်ထိုးနိုင်ဖို့ပေါ့နော်၊ ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်နိုင်ဖို့ အတွက်က အန်ကယ်တို့က တင်ပြထားတဲ့ အချက် ၉ ချက်ကို နားလည်မှု ရအောင် အန်ကယ်တို့က ကြိုးပမ်းသွားမယ်။
မေး ။ ။ ဒီညီလာခံရဲ့ ဆွေးနွေးချက်တွေဟာ အခုဆိုရင် KIO တို့ ဘာတို့လည်း မပါတော့ဘူး ဆိုတော့ အစိုးရနဲ့ ဆွေးနွေးမယ့်အခြေ အနေနဲ့ NCA လက်မှတ်ထိုးနိုင်ရေး အခြေအနေတွေဟာ ပိုပြီးတော့များ ချောမွေ့လာစေမယ့် အခြေအနေမျိုးလို့ ပြောလို့ရမလား။
ဖြေ ။ ။ ဒါက အစိုးရအပေါ်မှာ အများကြီး မူတည်တယ်။ သူတို့ကတော့ NCA မှာ ပိုပြီးတော့ ကောင်းလာအောင်၊ ပြည်စုံလာအောင် အဲဒီလို ဦးတည်ချက်မျိုးနဲ့ ပိုပြီးတော့ လမ်းဖွင့်ပေးလာမယ်ဆိုရင်တော့ ပိုပြီးတော့ နီးစပ်သွားမယ်။ ဒါမှ မဟုတ်ရင် ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားတွေ လက်မှတ်ထိုးတဲ့ အဖွဲ့တွေ အင်အားတောင့်လာရင် သူတို့အတွက်က ဖြတ်ကျော်ရတာ ခက်မယ်ဆိုတဲ့ အမြင်မျိုးနဲ့ ဆိုပြီးတော့ပေါ့လေ သူတို့က တဖက်ကလည်း UNFC က အားနည်းသွားပြီ ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ အကြပ်ကိုင်နေမယ်ဆိုရင်တော့ ဒါကလည်း သူတို့ အပေါ်မှာ မူတည်တယ်လေ။
မေး ။ ။ လာမယ့် တတိယအကြိမ် ၂၁ တရာစု ပင်လုံညီလာခံမှာ မြင်တွေ့ရနိုင်ဖွယ်ရှိလား။
ဖြေ ။ ။ ဒါတော့ အပြတ်တော့ ပြောလို့မရသေးဘူးဗျ။ အခုဆွေးနွေးနေတဲ့ ၈- ၉ ချက်က မပြေလည်သေးဘဲကိုး။