၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လစ်လပ်မဲဆန္ဒနယ်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးနေမျိုးအောင် အရွေးချယ် ခံလိုက်ရသည်။
အဓိက ယှဉ်ပြိုင်ဘက်ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးသန်းထိုက်အောင်ကို ၁၅၆ မဲ အကွာ ဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်ပြီး သူသည် ၂၀၁၀ ရွေးကောက်ပွဲကလည်း ယင်းနေရာတွင်ပင် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံ ခဲ့ရဖူးသည်။ သို့သော် ၂၀၁၅ တွင်မူ NLD ကို ရှုံးနိမ့်ကာ ယခု ကြားဖြတ်တွင် မဲဆန္ဒနယ် လစ်လပ်နေ သည့် အတွက် ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ရာမှ ပြန်လည် ရွေးချယ်ခံရခြင်းဖြစ်သည်။
နိုင်ငံရေးဆိုသည်မှာ အမြဲတမ်း အနိုင်မရှိသလို အရှုံးလည်း မရှိဟု ဦးနေမျိုးအောင်က ဆိုထားပြီး အောက်တိုဘာလ ၃ ရက် ညပိုင်းက ၎င်းအနိုင်ရရှိကြောင်း ခိုင်လုံစေမည့် မဲရေတွက်မှုများအပြီး ဧရာဝတီ သတင်းဌာန အပါအဝင် မီဒီယာ များ၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေဆိုထားခြင်းကို ဖော်ပြလိုက်ပါသည်။
မေး။ ။ အနိုင်ရရှိသွားတဲ့အပေါ် ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ အနိုင်ရရှိတဲ့အပေါ် ကျနော့်အနေနဲ့ ကျေနပ်ပါတယ်။ ဒီနေရာက ကျနော့်ရဲ့ မွေးရာဇာတိ ရပ်ကွက်လည်း ဖြစ်တယ်။ ဒီရပ်ကွက်မှာတင် ကျနော်က ငယ်မွေးခြံပေါက် ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျနော် ၂၀၁၀ မှာ တကြိမ် နိုင်ခဲ့ဖူးတယ်။ ၂၀၁၅ မှာတော့ ရှုံးသွားတယ်။ ရှုံးသွားတဲ့အခါ ယူကျုံးမရဖြစ်တယ်။ ကျနော့်အပေါ်မှာ ကိုယ့်ရဲ့ မွေးရာ ဇာတိ က လူတွေက မယုံကြည်တော့ဘူးလား ဆိုပြီး ကျနော့်ရင်ထဲမှာ တကယ် ခံစားခဲ့ရတယ်။ ကျနော် အမြဲတမ်း ပြောနေကျပဲ။ နိုင်ငံရေးဆိုတာ အမြဲတမ်း အနိုင်မရှိသလို အမြဲတမ်းလည်းပဲ အရှုံးဆိုတာ မရှိနိုင်ဘူး။ ဒီတော့ နောင် တကြိမ် ငါထပ်ပြီးတော့ ပြိုင်ခွင့်ရခဲ့မယ်ဆိုရင် ဆိုတဲ့စိတ်နဲ့ ကျနော် ၂၀၁၅ က တည်းကနေ ပြန်ပြီး ကြိုးစားခဲ့တယ်။ မဲ ဒီနေ့ ရှုံးတယ်။ နောက်တနေ့ကတည်းကနေ စပြီး ပုံမှန်အနေအထားနဲ့ ကြိုးစားခဲ့တယ်။
ကြားထဲမှာလည်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၆) ဆိုတာ ၇ မြို့နယ်ပေါင်းပြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တဦးတည်း ရွေးတာ။ အဲဒီ ၇ မြို့နယ် ဝင်ပြိုင်ခဲ့တဲ့ အထဲမှာ ကျန်တဲ့ ၆ မြို့နယ်မှာ ရှုံးပြီး ကျနော့်မြို့နယ် ၁ မြို့တည်းမှာ ပါတီက အနိုင်ရခဲ့တာပါ။ အဲဒီတော့ ကျနော့်ရဲ့ ပြည်သူ တွေ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ပြီလို့ ကျနော့်ကိုယ် ကျနော် တကယ်ကို ဂုဏ်ယူခဲ့မိပါတယ်။
အဲဒီဂုဏ်ယူမှုကိုလည်း ကျနော် အဲဒီမှာတင် ရပ်မထားဘဲနဲ့ ကျနော် ရည်ရွယ်တာတော့ ၂၀၂၀ ကို ရည်ရွယ်ခဲ့တာ။ သို့သော် အခု ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပေါ်လာတဲ့အချိန်မှာလည်း ကျနော့်ဘက်က အမြဲတမ်းပြင်ဆင်ပြီးသား ဖြစ်နေတဲ့အတွက်ကြောင့် အခုလိုမျိုး ရလဒ်ကောင်းလေး တခုကို ပိုင်ဆိုင်နိုင်တယ်လို့ ထင်ပါတယ်။ မျှော်လင့်ထားတဲ့ အတိုင်းပဲ ဒီရလဒ်လေး ထွက်လာခဲ့ပါတယ်။ ကျနော် မဲ ၅၀၀ စွန်းစွန်းလေးကို ရနိုင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တယ်။ ဒါ ကျနော် ကြိုတင်ပြင်ဆင်ထားတဲ့အတွက်ကြောင့်ပါ။
မေး။ ။ ဆိပ်ကမ်းပြည်သူတွေ အတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ ရှိမလဲ။
ဖြေ။ ။ ဘာတွေ လုပ်ဆောင်ပေးဖို့ ရှိမလဲဆိုတော့ နဂိုကတည်းက ဒီက မဲဆန္ဒရှင်ပြည်သူတွေနဲ့ ကျနော်က မိသားစုလို နေခဲ့တယ်။ ညီအစ်ကို မောင်နှမလို၊ ရဲဘော်ရဲဘက်တွေလို နေခဲ့တယ်။ ဒါက ကျနော့်ရဲ့ ဇာတိမြေပါလို့ ပြောထား တယ်။ ဒီမြေကနေ ကျနော် တလက်မမှ မခွာသေးတဲ့အတွက်ကြောင့် ဒီနယ်မြေမှာ ရှိတဲ့လူတွေအတွက် ကျနော် လုပ်ပိုင်ခွင့်ရှိသမျှ လုပ်နိုင်စွမ်းရှိသမျှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးပါ့မယ်လို့ ကျနော် အာမခံပေးထားပါတယ်။
ရွေးကောက်ပွဲကတိအနေနဲ့လည်း အောက်တိုဘာ ၃၀ ရက်မှာ ဒီ (ရဲရိပ်သာ) ရပ်ကွက်မှာ ကတိတွေ ပေးခဲ့ပါတယ်။ ၃၁ ရက်နေ့မှာ မိသားစုရပ်ကွက်မှာ ကတိတွေ ပေးခဲ့ပါတယ်။ အဲဒီကတိတွေကို တကယ်ကို အောင်မြင်လာအောင် လုပ်ပေး ပါမယ်။ ဒါ့အပြင် ကျနော့်မြို့နယ်၊ ကျနော့်ရပ်ကွက်အတွက် ရပိုင်ခွင့်တွေကိုလည်းပဲ လွှတ်တော် ကိုယ်စားလှယ် တယောက် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း ကိုယ့်မြို့နယ်လေး ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးလာအောင် ကျနော် ဆောင်ရွက် ပါမယ်လို့ ပြည်သူတွေကို အာမခံချက် ပေးပါတယ်။
မေး။ ။ ဒီမဲဆန္ဒနယ်မှာ ဘယ်နှကြိမ် ဝင်ရောက် ယှဉ်ပြိုင်ပြီး ဘယ်နှကြိမ် အနိုင်ရရှိခဲ့တာပါလဲ။
ဖြေ။ ။ ၂၀၁၀ တုန်းက ဝင်ပြိုင်ခဲ့တယ်။ ၂၀၁၀ နဲ့ ၂၀၁၅ ကြားထဲမှာ ကျနော်တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက် တလျှောက်လုံးမှာ ဒီနေရာမှာ ဒီရာထူးနဲ့ပဲ ကျနော် ရွေးချယ်ခံရတာပါ။ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ အရွေးချယ်ခံခဲ့ရတာပါ။ ရှုံးသွားတာကလည်း ဒီမြို့နယ် ဒီနေရာလေးမှာ ပဲ။ အခု ပြန်နိုင်တာလည်း ဒီနေရာလေးမှာပဲ။ ဒီနေရာလေးမှာ ကျနော် အနိုင်ရခြင်းသည် ၃ ကြိမ် ပြိုင်တဲ့အထဲမှာ ၂ ကြိမ် အနိုင်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ တိုင်းလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ လွှတ်တော်ထဲ ဝင်ရောက်တဲ့အခါ လက်ရှိ အာဏာရပါတီ NLD က ကိုယ်စားလှယ် အရေအတွက်က များတာမို့ အခက်အခဲတွေ ရှိနိုင်ပါသလား။ ဒါတွေအတွက် ဘယ်လို ကြိုတင် ပြင်ဆင် ထားပါသလဲ။
ဖြေ။ ။ များခြင်း နည်းခြင်းသည် အဓိက မကျပါဘူး။ ကျနော့်ကို ဒီမြို့နယ်က မဲဆန္ဒရှင်တွေက ရွေးချယ်ပေးလိုက်တာ၊ ယုံကြည်လို့ တာဝန်ပေးလိုက်တာ။ အဲဒီ ပေးလိုက်တဲ့တာဝန်ကို ကျနော်က ပြည်သူတွေအတွက် ကျေပွန်အောင် လွှတ်တော်ထဲမှာ တင်ပြမယ်၊ တောင်းဆိုမယ်၊ အဆိုတွေတင်သွင်းမယ်၊ မေးခွန်းတွေ စဉ်ဆက်မပြတ် မေးသွားမယ်၊ ဒါက လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ပဲ။ အောင်မြင်ခြင်း မအောင်မြင်ခြင်း၊ အစိုးရက ကျနော်မေးတဲ့ မေးခွန်းတွေ ကို ပြန်ဖြေခြင်း မဖြေခြင်း၊ ကျနော် မေးတဲ့အဆိုတွေ တင်တဲ့အဆိုတွေကို အကောင်အထည်ဖော်ခြင်း မဖော်ခြင်းသည် ဘယ်သူ့ တာဝန်ဖြစ်မလဲ။ သက်ဆိုင်ရာ လွှတ်တော်နဲ့ သက်ဆိုင်ရာ အစိုးရ တာဝန်သာ ဖြစ်တယ်။
ကျနော့်တာဝန်ကတော့ လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ မေးခွန်းတွေ၊ အဆိုတွေတင်ပြီး ကျနော့်ပြည်သူ ကို အခုထက်ပိုပြီး လူနေမှုအဆင့်အတန်းတွေ မြင့်အောင် ကျနော် စွမ်းဆောင်နေမှာပဲ။
ဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ တာဝန်သည် လွှတ်တော်ထဲမှာပဲ ရှိတာ မဟုတ်ပါဘူး။ ဘယ်မှာ လည်း ရှိလဲဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့လည်းပဲ သင့်တော်အောင် ပေါင်းစပ်ပြီး ယခင် ၂၀၁၀-၂၀၁၅ ဘဝမှာ လည်းပဲ ကျနော့်မြို့နယ်အတွက် ကျနော် ကလေးတယောက်လို တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ သွားပြီး ချွဲပြီး နွဲ့ပြီး “အဘရယ် ကူညီပါ။ ကျနော့်မြို့နယ်မှာ ရေရှားနေပါတယ်။ အဘ မဖြစ်မနေ ကူညီပါဆိုပြီး” ဒီလိုလေးတွေ။ ကျနော် ဟိုဘက်ခေတ် က မြို့တော်ဝန်ကြီး (ဦးလှမြင့်) ကို ကျနော့်မြို့နယ်မှာ ရှိနေတဲ့ ရေရဖို့အရေးကို လွှတ်တော်မှာ တင်လို့ မဖြစ်နိုင်မှန်း သိတဲ့ အတွက်ကြောင့် ကျနော် မြို့တော်ဝန်ကြီး (ဦးလှမြင့်) ကို “အဘ ကျနော့်ကို ကူပါ” သွားပြီးတော့၊ ကလေး တယောက်လို နွဲ့ဆိုးဆိုးပြီးတော့ ကျနော့်လုပ်ငန်းလေးတွေ တောင်းခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့လည်း အောင်မြင်မှု ရတာ။
ဒါ့အပြင် ကျနော့် ပြည်သူ့တွေ အခက်အခဲ တစုံတရာ ဖြစ်လာတဲ့အချိန်မှာလည်း သူတို့ရှေ့ကနေ လွှတ်တော် ကိုယ်စား လှယ် တယောက်အနေနဲ့ မားမားမတ်မတ် ရပ်ပေးနိုင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ တာဝန် ကျေပွန်ပါလိမ့်မယ်။ လွှတ်တော်ထဲမှာ ကျနော့်အဆို မအောင်နိုင်ဘူးဆိုပြီးတော့ ကျနော် မတင်ရင် လွှတ်တော် ကိုယ် စား လှယ် တာဝန်မကျေတာပါ။ ငါ့မေးခွန်းကို ဖြေမှာ မဟုတ်ဘူး၊ အောင်မှာမဟုတ်ပါဘူး ထင်နေရင်တော့ ဒါသည် လွှတ်တော်ကိုယ်စားလှယ် တာဝန်မကျေတာပါ။ ကျနော်ကတော့ အဲဒီလိုမျိုး သဘောမထားဘူး။
ကျနော်လုပ်ရမယ့်တာဝန်ကို ကုန်အောင်ကျေပွန်အောင် လုပ်မှာပါ။ ကျနော့်မှာလည်းပဲ ခိုင်မာတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ အဲဒီအတွေ့အကြုံတွေနဲ့ ကျနော်ကတော့ ကျနော့်ပြည်သူတွေ မျက်နှာမငယ်ရအောင် နောင်တမရအောင် အစွမ်းကုန်ကြိုးစားနေမှာပါ။
ဒီအချိန်မှာ ကျနော့်အတွက် အခက်အခဲကတော့ တကယ်ကို ရှိပါတယ်။ ဘာလို့ဆို ကျနော်က ခါးလယ်က ဖြတ်ဝင်ရ တဲ့ လူတယောက်ဖြစ်တဲ့အတွက်ကြောင့် အခက်အခဲ အများကြီးရှိနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။ သို့သော် အဲဒီ အခက်အခဲကို ကျနော်က မဖြစ်ဖြစ်အောင် ကျနော့်ပြည်သူတွေအတွက် အံကြိတ်မာန်တင်းပြီးတော့ ကျော်ဖြတ်သွားမှာ ပါလို့ ပြောချင်ပါတယ်။
မေး။ ။ အခုလို အနိုင်ရရှိခြင်းက ၂၀၂၀ အတွက် လမ်းစလို့ ပြောနိုင်မလား။
ဖြေ။ ။ သေချာတာပေါ့။ ကျနော် ၂၀၁၅ မှာ ရှုံးခဲ့တယ်။ ဒါပေမယ့် ကျနော့်ရဲ့လုပ်ငန်းကို ပါတီရဲ့လုပ်ငန်းနဲ့ လွှတ်တော် ကိုယ်စားလှယ် တယောက်ရဲ့ လုပ်ငန်းဆိုပြီး နှစ်ပိုင်းခွဲပြီးတော့ ကြိုးစား ဆောင်ရွက်ခဲ့တယ်။ လူပုဂ္ဂိုလ်အပေါ်မှာ လည်း ပဲ ယုံကြည်မှုကို တည်ဆောက်ခဲ့တယ်။ ပါတီပေါ်မှာ ယုံကြည်မှုတဝက်၊ ကျနော့်ရဲ့လူပုဂ္ဂိုလ်အပေါ်မှာ ယုံကြည်မှု တဝက် ဒီအတိုင်းကို တည်ဆောက်ပြီးတော့မှ ကြိုးစားခဲ့တယ်။ ကြိုးစားခဲ့တဲ့အတွက်ကြောင့်လည်း ၂၀၁၇ မှာ နိုင်ခဲ့ တယ်။ ၂၀၁၇ နိုင်ခဲ့တာသည် အခုအတွက် လမ်းစဖြစ်သလို အခု နိုင်ခြင်းသည်လည်း ၂၀၂၀ အတွက် လမ်းစ အခြေခံ အုတ်မြစ် ဆိုတာ မလွဲဧကန်ပါပဲ။
မေး။ ။ မဲဆန္ဒရှင် ပြည်သူတွေကို ဘာများ ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ ကျနော့်ပြည်သူတွေ ကျနော့်ကို ယုံကြည်စွာနဲ့ လာပြီး မဲပေးကြလို့ ကျနော် ဒီအဖြေကို ရတာ။ ကျနော့်ရဲ့ ပြည်သူတွေ ကျနော့်ကို ချစ်ခင်တဲ့ ယုံကြည်တဲ့သူတွေ လာမဲမပေးရင် ကျနော်မရဘူး။ ပြီးတော့ ကျနော့်ကို ချစ်ခင်မြတ်နိုးလို့ လာပြီး ယုံကြည်စွာနဲ့ မဲပေးတဲ့သူတွေကို အရမ်းကြီးကို ဝမ်းမြောက်ဝမ်းသာ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်ပေးထားတဲ့ ကတိတွေကိုလည်း တည်အောင် ကြိုးစားပါ့မယ်လို့ ကျနော့်ရဲ့ မဲဆန္ဒရှင်တွေကို ပြောချင်ပါတယ်။ ။