တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အတွင်း အပစ်အခတ်ရပ်စဲရေး မလုပ်ရသေးသည့် လက်နက်ကိုင်တပ်ဖွဲ့များ အပစ်ရပ်စာချုပ်များအတွက်ညှိနှိုင်း ကြရန် ပြောဆိုထားသော်လည်း သတ်မှတ်ကာလ မပြည့်မီမှာပင် ကိုးကန့်အဖွဲ့ MNDAA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
တပ်မတော်၏ တရားဝင် ထုတ်ပြန်ချက် အရ အပစ်ရပ်ထားသည့် ကာလအတွင်း အပစ် မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်မည် ဆိုထားသော်လည်း တလကျော် ကြာလာချိန် အထိ ထိရောက်သည့် တွေ့ဆုံညှိနှိုင်းမှု မတွေ့ရသေးပေ။
တွေ့ဆုံဆွေးနွေးရေး ယင်းသို့ နှောင့်နှေးမှုများဖြစ်နေချိန် ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့နယ်တွင် ယခုလဆန်းပိုင်းမှစ၍ တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွား လာခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ကိုးကန့်အဖွဲ့အနေဖြင့် ကွမ်းလုံမြို့နယ်အတွင်း တပ်သားသစ်များ အဓမ္မလိုက်လံ စုဆောင်းနေသဖြင့် အရပ်သားများ ရာချီထွက်ပြေး နေရကြောင်း စာရင်းဇယား၊ ဓါတ်ပုံများဖြင့် သတင်းထုတ်ပြန်ပြီး ဖမ်းသွားသည့် အရပ်သားများ လွတ်မြောက်ရေးအတွက်လည်း လိုအပ်သည်များ လုပ်ဆောင်မည်ဟု ဆိုထားသည်။
လူသစ်စုဆောင်းနေမှုများ ရပ်တန့်ရန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အပစ်ရပ်ဆိုင်းမှု ကြေငြာချက်ပါ အရပ်သားများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် လိုက်နာရန် သတိပေးကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်သော်လည်း ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တွင် ကွမ်းလုံမြို့နယ်တွင်း အရပ်သား ၃၂၀ ကျော် ထပ်မံ ထွက်ပြေးလာခဲ့သည်။
အထက်ပါ အခြေအနေများနှင့် ပတ်သတ်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၁၈၊ ဒီဇင်ဘာလ ၂၁ ရက်မှာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးဖို့ ထုတ်ပြန်ချက် ထုတ်ပြီးနောက် ဘာတွေ ဆောင်ရွက်တာ ရှိကြပါသလဲ။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျနော်တို့က အရင်ထုတ်ပြန်ကြေငြာချက် ထုတ်လိုက်တယ်။ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်တွေ အားလုံးကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကူညီပေးတယ်။ ကျနော်တို့ နိုင်ငံရဲ့ တိုင်းရင်းသား ကိစ္စတွေ ကျနော်တို့ က အကူအညီတောင်းတာ သူတို့က ဖြေရှင်းပေးတာပါ။ အဲ့နေ့က အားလုံး သဘောတူပြီး ထုတ်ပြန်ကြေငြာချက် ထုတ်ပြီးမှ ကျနော်တို့က ကောင်းကောင်းလေး ယုံကြည်ပါတယ်။ တရုတ်ပြည်ကို။
လောလောဆယ် အစိုးရကိုလည်း ကျနော်တို့ ယုံပါတယ်။ ဒါပေမယ့် တပ်မတော်ကတော့ ကျနော်တို့ကို အခုထိ ကောင်းကောင်းလေး သဘောမထားဘူး။ အပစ်အခတ်ရပ်စဲရေး ကိစ္စ ရှိလာမယ့် အချိန်မှာ ကျနော်တို့က ငြိမ်ငြိမ်လေး နေနေပါတယ်။ ဒါပေမယ့် တပ်မတော်က ထိုးစစ်တွေက သူတို့ရဲ့ ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြီး နောက်မှာ ကျနော်တို့က အအ နဲ့ အားလုံး ကောင်းကောင်းလေး လုပ်ထားတယ်။ သူကတော့ ထုတ်ပြန်ချက်တွေ မိန့်ခွန်းတွေ ပို့ပြီး ကျနော်တို့ သူငယ်ချင်း ရခိုင်၊ ကျနော်တို့ မဟာမိတ်ဆီကို ထိုးစစ်တွေ ပြင်ဆင်ပြီး တိုက်နေတယ်။ ဘာလို့ တပ်မတော်က ကျနော်တို့ကို မတရား လုပ်တာလဲ။ နိုင်ငံတကာကို သိခိုင်းစေ ချင်တယ်။
ဒီကြားထဲမှာလည်း TNLA တွေနဲ့ ဖြစ်တယ်။ ထိုးစစ်လည်း စီစဉ်နေတယ်။ ၂ လပိုင်း ၄ ရက်နေ့ကစပြီး ကျနော်တို့ MNDAA ကို ထိုးစစ်ဝင်လာတယ်။ ဒီနေ့မှ နည်းနည်း ပြန်ရပ်လိုက်တယ်။ တိုက်ပွဲ ဖြစ်တဲ့ နေရာကတော့ ကျနော်တို့ MNDAA ရဲ့ ဗဟိုဌာန၊ ဟုန်အိုင်ဒေသမှာ ဖြစ်တယ်။ ဒုတိယ ၂ နေရာရှိတယ်။ တခုက သံလွင်မြစ် အနောက်ခြမ်း၊ သိန္နီပတ်ဝန်းကျင်ပေါ့။ အဲ့မှာ ၂ နေရာပါ။ ကျနော်တို့ ပြောချင်တာ တပ်မတော်က ကတိမတည် ပါဘူး။ လုပ်ချင်တာတွေ လုပ်တယ်။ ဖြစ်ချင်တာတွေ ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ ပြည်သူလူထုကို မတရား လာလုပ်ပြီး အိမ်တွေ မီးရှို့တယ်။ ရွာတွေကိုလည်း ရှင်းခိုင်းတယ်။ သူတို့ပဲ လုပ်ပြီး ကျနော်တို့ လုပ်တယ်ဆိုပြီး ပြန်အပြစ်တင်တယ်။ ကြားထဲမှာ ပေါ်လာတဲ့ ကိစ္စက ကျနော်တို့ MNDAA က ရွာသူရွာသားတွေကို သွားပြီး စစ်သားလုပ်ဖို့ စာရင်းကောက်ပြီး လူထုက ထွက်ပြေးရတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ လုပ်လို့ ကျနော်တို့ ပြည်သူတွေ ထွက်ပြေးရတာပါ။
အဲ့တာကို ကျနော်တို့က ပြည်သူလူထုကို ရွှေ့ပေးရတယ်။ ရွှေ့နေတဲ့ကြားထဲမှာ သူတို့ ပြန်ဝင်တိုက်နေတယ်။ ကျနော်တို့ ရဲဘော်တွေ အများကြီး ကျဆုံးတယ်။ ပြည်သူလူထုတွေလည်း ထိတယ်။ အဲ့တုန်းက ကျနော်တို့ ဘယ်လို လုပ်ရမလဲ မသိဘူး ဖြစ်နေတယ်။ နိုင်ငံတကာကို ဒါတွေ သိခိုင်းစေချင်ပါတယ်။
မေး ။ ။ ဟုန်အိုင်ကို တိုက်တယ် ဆိုတာ ဘယ်လို ပုံစံမျိုးလဲ။ ဌာနချုပ်ကို ဦးတည်တိုက်တဲ့ အခြေအနေလား။
သူတို့က ထိုးစစ်က အဘက်ဘက်က ရှိပါတယ်။ ကျနော်တို့ရဲ့ ဗဟိုပတ်ဝန်းကျင်မှာ သူတို့က တလျောက်လုံး ရှိတော့ သူတို့က လက်နက်ကြီးနဲ့ ပစ်တယ်။ ခြေလျင်တပ်ရင်းတွေကလည်း တတ်ပါတယ်။ ဒီနေ့ ကတော့ နည်းနည်း ငြိမ်ပါတယ်။ မနေ့ကလည်း တိုက်ပွဲက ဖြစ်ပါတယ်။ သူတို့ကတော့ ချိန်နေမှာပဲ။ ပြင်ဆင်နေမှာပါပဲ။
မေး ။ ။ တပ်မတော်ကတော့ လူသစ်စုလို့ တိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါက ကျနော်တို့ ဒေသပါ။ ကျနော်တို့ တိုင်းရင်းသားတွေ နေတဲ့ ဒေသပါ။ သူတို့ စွပ်စွဲတာပါ။ အဓိက က သူတို့ လာပြီး ရွာတွေကို မီးရှို့တယ်။ ကျနော်တို့ ပြည်သူလူထုကို တောင်ပေါ်ကနေ ဆင်းခိုင်းတယ်။ အဲ့တာက ကျနော်တို့ ပြည်သူလူထုက မတတ်နိုင်လို့ ကျနော်တို့ရဲ့စစ်တပ်ဘက် ရောက်ပြီး တော်လှန်ရေး လုပ်နေတာပါ။
မေး ။ ။ ကိုးကန့်ဘက်ကနေ စစ်သားစုလို့ ထွက်ပြေးလာတယ်ဆိုပြီး ရာချီ ရောက်လာတာ ရှိတယ်။ ဒီအပေါ်မှာရော ဘာပြောချင်လဲ။
ဘယ်လူမျိုးထဲမှာ ဖြစ်ဖြစ် အဲ့လို မကောင်းတဲ့လူတွေ ရှိမှာပဲ။ ကျနော်တို့ကို မတရားပြောမှာပဲ မကောင်းတာ တွေကိုလေ။ ကျနော်တို့ဘက်မှာ ကျနော်တို့ ပြည်သူလူထုတွေက တပ်မတော်နဲ့ မသွားပါဘူး။ အခုပေါ်လာတဲ့ကိစ္စက သူတို့ လူစုပြီး ဟန်ဆောင်ပြီး ပြနေတာပါ။
မေး ။ ။ တပ်မတော်က ထုတ်ပြန်တာ MNDAA က လူစုတာ ၉ ကြိမ်ရှိပြီလို့ ကြေငြာထားတယ်။
အဲ့တာတွေက မဟုတ်ပါဘူး။ နယ်စပ်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေ အားလုံးက ကျနော်တို့ရဲ့ သူငယ်ချင်းတွေ ကျနော်တို့ရဲ့ မိတ်ဆွေတွေ ကျနော်တို့ရဲ့ တိုင်းရင်းသား လူမျိုးတွေပါ။ ကျနော်တို့ တိုင်းရင်းသား အားလုံးက စည်းလုံးညီညွတ်တယ်။ ကျနော်တို့ ရဲဘော်တွေ သွားခေါ်စရာ မလိုဘူး။ ဒီအချိန်မှာ တပ်မတော်က လျောက်လျောက် လုပ်နေတဲ့ ကြားထဲမှာ ကျနော်တို့ဆီ ပြေးလာပြီး ရဲဘော်လုပ်ချင်လို့ ဝင်လာတာ။ အဲ့တပ်မတော်ကို ဆန့်ကျင်ချင်တာ။ ၉ ကြိမ်၊ ၁၀ ကြိမ် ၊ အကြိမ် ၁၀၀ သူတု့ိ ပြောမှာပဲ။
မေး ။ ။ ဒီနေ့ထိ ပစ်ကြခတ်ကြတာတွေ ရှိနေသေးလား။ ငြိမ်သွားပြီလား။ ဘယ်လိုရှိပါသလဲ။
ကျနော်တို့က တရုတ်ပြည်ရဲ့ ကူညီချက်ပေါ်မှာ အလေးထားပါတယ်။ သူများက ကျနော်တို့ တိုင်းပြည်ကို လာကူညီပေးတဲ့ အချိန်မှာ ကျနော်တို့က ကတိတည်ရပါမယ်။ အဲ့တာ ပထမ တချက်ပါ။ ဒုတိယတချက်က ကျနော်တို့ အစိုးရ၊ ကျနော်တို့ မြန်မာပြည်အစိုးရက တပ်မတော်ကို ကောင်းကောင်းလေး ထိန်းပေးပါ။ အခုက ကျနော်တို့ ကတိတည်မှာပါ။ တပ်မတော်ဘက်ကိုပဲ အစိုးရက ကောင်းကောင်း ကြည့်ပေးပါ။ နိုင်ငံတကာ ကိုလည်း ကူညီပေးစေချင်ပါတယ်။ ဒီနိုင်ငံမှာ အခုလို တပ်မတော် ဖြစ်တာ ကျနော်တို့ အရမ်း ခံစားချက် အောက်ပါတယ်။ ဒီလို တပ်မတော် ရှိနေတာလေ။ ကိုယ့်လူမျိုးကို သတ်တယ်။ ကိုယ့်တိုင်းပြည်က လူကို သတ်နေတာ ကျနော်တို့ နိုင်ငံမှာပဲ ရှိမယ် ထင်တယ်။
မေး ။ ။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ခေါင်းဆောင်ပိုင်းတွေကို ကမ်းလှမ်းတာ ရှိပြီလား။
ထုတ်ပြန်ထားချက်တွေအရ တပ်မတော်ဘက်မှာတော့ ရှိတယ်။ ကျနော်တို့ဘက်ကတော့ စာရင်းတွေ မထွက်သေးပါဘူး။ အခုထိတောင် ကျနော်တို့နဲ့လာ ဆက်စပ်တာ မရှိသေးပါဘူး။ ကျနော်တို့က အဆင်သင့် စောင့်နေတာ။ သူတို့က ဘာမှ မလာဘူး ဖြစ်နေတာ။
မေး ။ ။ ကိုးကန့်ဘက်ကို အစိုးရဘက်က ဆက်သွယ်တာ မရှိသေးတာလား။
သူတို့က FPNCC ကိုတော့ ဆက်သွယ်တာ ရှိမယ်။ ကျနော်တို့က FPNCC အောက်မှာ နေတာဆိုတော့ FPNCC ရဲ့ အမိန့်ကို စောင့်နေတာပါ။
မေး ။ ။ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးဖို့ MNDAA က တပ်မတော်နဲ့ အစိုးရကို ဘာတွေ ဆွေးနွေးချင်တာ ရှိလဲ။
ရှိပါတယ်။ အဲ့တာတွေက အရမ်းများပါတယ်။ ကျနော်တို့ MNDAA မှာ အဲ့တာ ပြောပိုင်ခွင့် မရှိသေးပါဘူး။ FPNCC ရဲ့ အမိန့်မရရင်လည်း ကျနော် ဘာမှ ပြောလို့ မရပါဘူး။ စိတ်မရှိပါနဲ့ဗျ ။