မြန်မာ-ထိုင်း နယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ တရုတ်ကုမ္ပဏီတွေ ဝင်ရောက်လာပြီး မြို့သစ်နဲ့ စက်မှု ဇုန်တွေလို စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေကြပါတယ်။
ဒီလို ဆောင်ရွက်မယ့် တရုတ်ကုမ္ပဏီတွေရဲ့နောက်ကွယ်မှာ ပါဝင် ပတ်သက်နေသူတွေကတော့ တရားမဝင် လောင်းက စားနဲ့ ပတ်သက်တဲ့ တရုတ် ရာဇဝတ်ဂိုဏ်းတွေအပြင် ကမ္ဘောဒီးယားကနေ တိမ်းရှောင်လာတဲ့ တရုတ်ကုမ္ပဏီတွေလည်း ဆက်နွယ်မှု ရှိနေတဲ့အတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်ထား ပါတယ်။
စီမံကိန်းကို ဝင်ရောက်လာတဲ့ တရုတ်ကုမ္ပဏီတွေဟာ ဒေသတွင်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆက် နွယ်မှုတွေ ရှိနေတဲ့အတွက်လည်း အစိုးရနဲ့ တပ်မတော်ဘက်က သတိပေးမှုတွေ ပြုလုပ်ထားရပါတယ်။
USIP ရဲ့အစီအရင်ခံ ထုတ်ပြန်အပြီး ဒေသအတွင်း စိုးရိမ်မှုတွေ ပြန်လည် မြင့်တက်လာပြီး စောင့်ကြည့်ခံနေရတဲ့ တရုတ် စီမံကိန်းတွေနဲ့ ပတ်သက်လို့ လက်ရှိမှာ အကောင်အထည် ဖော်နေတဲ့ ကရင် နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းကို တရုတ်လုပ်ငန်းစုနဲ့ ပူးတွဲ အကောင်အထည်ဖော်နေတဲ့ ချစ်လင်းမြိုင် ကုမ္ပဏီရဲ့ ဒါရိုက် တာတဦး ဖြစ်သူ ဦးစောမင်းမင်းဦးကို ဧရာဝတီ အကြီးတန်း သတင်းထောက်ထွန်းထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။
ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းဟာ တရုတ်လုပ်ငန်းစု Jiliin Yatai ကုမ္ပဏီနဲ့ BGF ရဲ့ ချစ်လင်းမြိုင် ကုမ္ပဏီတို့ ပူးတွဲကာ ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုး အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိကာလမှာ စီမံကိန်း ဆောင်ရွက်မှု အပိုင်းက ဘယ်လို အခြေအနေ ရှိသလဲ။
ဖြေ။ ။ လက်ရှိမှာ တည်ဆောက်ရေး လုပ်ငန်းတွေက အကုန် ရပ်ထားရတာပေါ့၊ ဒါပေမယ့် လမ်းတို့၊ ရေမြောင်းတို့တော့ လုပ်တာလေးတွေ ရှိပါတယ်။ မိုးတွင်းက ရောက်တော့မှာ ဆိုတော့လေ။ အဆောက်အအုံတွေကတော့ မလုပ်ဖြစ်ပါဘူး။
နောက်ပြီး တရုတ်နှစ်သစ်ကူးတုန်းကလည်း တရုတ်တချို့လည်း ပြန်သွားကြပြီး ကိုဗစ်ရောဂါက ထဖြစ်တော့ သူတို့လဲ ပြန်လာတော့ မရတော့ဘူး။ အဲဒီက စပြီး လုပ်ငန်းတွေ ရပ်ထားတယ်။ အရင်က တရားဝင် ခွင့်ပြုထားတဲ့ ၆၂ ဧကထဲက ၂၅.၅ ဧကမှာ လုပ်တဲ့ အဆင့်မြင့် နေအိမ်လုံးချင်း (Villa) ၅၉ လုံး ဆောက်တာကတော့ ပြီးသလောက် ဖြစ်ပါပြီ။
မေး။ ။ မြဝတီမြို့နယ်မှာ ရှိတဲ့ စီမံကိန်းတွေမှာ တရုတ် ရာဇဝတ်ဂိုဏ်းတွေ ပတ်သက်နေတယ်လို့ USIP က ထောက်ပြ ထားတာ ရှိတယ်။ ဒါနဲ့ ပတ်သက်လို့ ဘာတွေ သိထားလဲ။
ဖြေ။ ။ ဟိုတလော ကမ္ဘောဒီးယားဘက်က ပိတ်ပင်လိုက်တဲ့အခါမှာ အဲဒီက တရုတ်တွေ ဒီဘက်ကိုရွှေ့လာကြတယ်။ နယ်စပ် ဒေသတလျှောက် လုပ်လို့ရမယ့် နေရာတွေမှာ ဝင်ပြီး လုပ်လာကြတော့ ကျနော်တို့က ကနဦး စီမံကိန်းလုပ်တဲ့ သူဆိုတော့ ကျနော်တို့ ခေါင်းပေါ်ပဲ ကျကျလာတယ်။ နာမည် ထွက်နေတယ်။
နောက်ပိုင်း နယ်စပ်တွေမှာက ဒီလို လုပ်တာတွေကတော့ ရှိတာပေါ့။ လုပ်တဲ့အခါကျတော့ သမ္မတရုံးကလည်း သတင်း ထုတ်ထားတယ်မို့လား။ နောက်ထပ် ကုမ္ပဏီ၂ ခုနဲ့ စာချုပ်ချုပ်တာတို့ ဘာတို့။ အဲဒါတွေလည်း ကြားပေမယ့် အတိအကျ တော့ မသိဘူး။ အဆောက်အအုံဆောက်တာတွေ ဘာတွေ။ ဒါပေမယ့် သတင်းတွေက တက်လာရင် ဒီရွှေကုက္ကိုလ်ပဲ လာ ထိတာပဲ။ ဘာလို့လဲဆိုတော့ ဒီမှာက အရင်ကတည်းက ဓာတ်ပုံမှတ်တမ်းတွေ ဘာတွေက ရှိထားတာဆိုတော့။
ကရင် အမျိုးသား အစည်းအရုံး (KNU) နဲ့ ပတ်သက်လို့တော့ ကျနော်တို့ကြားတာတော့ တပ်ဖွဲ့နဲ့လား၊ တဦးတယောက်နဲ့ လား လက်မှတ်ထိုးတာတော့ ကြားတယ်၊ အတိအကျတော့ မသိဘူးပေါ့နော်။ နောက်ပိုင်းကျတော့ KNU ထဲမှာလဲ လုပ်တဲ့ သူက လုပ်ပေမယ့် ဗဟိုကတော့ မလုပ်ဘူးလို့ ပြောတာပဲ။ မကြိုက်ဘူးလို့ ကြားတာပဲ။ အဖွဲ့အစည်းအနေနဲ့တော့ ခွင့်မပြု ဘူးလို့ ကြားတယ်။
မေး။ ။ အခု လက်တွဲလုပ်နေတဲ့ တရုတ်လုပ်ငန်းစုက သူတွေကို ဘယ်လိုသိထားလဲ။
ဖြေ။ ။ ကျနော်တို့ ဒီလုပ်ငန်းတွေ စတင် အကောင်အထည် ဖော်မယ်ဆိုကတည်းက ကုမ္ပဏီတွေနဲ့ ကတိကဝတ် လုပ် ထားတာတွေ ရှိတယ်။ အထူးသဖြင့် နိုင်ငံတကာမှာ အမည်ပျက် (Black List) သွင်းထားတဲ့ ကုမ္ပဏီတွေ၊ လူတွေ၊ မူးယစ် ဆေးဝါးနဲ့ ပတ်သက်တဲ့သူတွေ လုံးဝ လက်မခံနိုင်ဘူး။ လုပ်ရင်လဲ တိတိကျကျ အရေးယူးမယ်ဆိုတာ နဂိုကတည်းက ပြော ထားပြီးသားပဲ။ အခုချိန်မှာတော့ ပိုပြီးတော့ စိစစ်ရမှာပေါ့နော်။
မူးယစ်ဆေးဝါးကိုက နဂိုထဲက ဒီဒေသမှာ လုံးဝ လက်မခံပါဘူး။ ရောင်း/ဝယ်ဖို့ မပြောနဲ့ သုံးရင်တောင် ထိထိရောက် ရောက် အရေးယူခဲ့တာပဲ။ ဒီမှာ စိစစ်တာတွေကိုလည်း ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ရဲတွေ၊ ထွေ/အုပ်၊ လဝက အဖွဲ့တွေ ရောပါပြီးမှ ဗီဇာတွေ စစ်တယ်၊ ဗီဇာသက်တမ်း ကုန်ရင်လည်း ထပ်တိုးဖို့ သင်္ကြန်အပြီးလောက်က လုပ် ထားတာတွေ ရှိတယ်။ ထပ်ပြီးတော့လည်း ကျနော်တို့နဲ့ အလုပ်လုပ်တဲ့ ကုမ္ပဏီတွေကို ထပ်ပြီး ပြောထားတယ်။
သူတို့လည်း တခြား ဖိတ်ခေါ်တဲ့ ကုမ္ပဏီတွေ ရှိတာဆိုတော့။ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး သတင်းရရင်တော့ သက် ဆိုင်ရာကို တိတိကျကျ တင်ပြမှာပါ။ ဒီမှာ လောလောဆယ်တော့ ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး မကြားသေးဘူး။ ကုမ္ပဏီတွေ က လောင်းကစားနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေဆိုတော့ မသိတဲ့သူတွေက လက်နက် အားကိုးတယ်ဆိုပြီး ပြောကြတာပေါ့။ နယ်ခြားစောင့်တပ် ဆိုတာက နဂိုကတည်းက ဒေသမှာရှိတဲ့ လုံခြုံရေး အဖွဲ့ပဲ။ တရုတ် ကုမ္ပဏီတွေကိုကူဖို့ ဖွဲ့ထားတာ မဟုတ်ဘူး။ တရုတ်တွေ ဘာမဟုတ်တာ လုပ်မလဲ အရေးယူဖို့ ဖွဲ့ထားတာလေ။ အဲဒါပါပဲ။
မေး။ ။ ပိုပြီး စိစစ်မယ်ဆိုတော့ ဘယ်လို စိစစ်မှာလဲ။
ဖြေ။ ။ ဒါနဲ့ ပတ်သက်လို့တော့ လုံခြုံရေး တာဝန်ယူထားတဲ့ ဗိုလ်ချစ်သူတို့ နယ်ခြားစောင့်တပ်ကနေ သေချာ စိစစ် ကြပ် မတ်မှုတွေ လုပ်မယ်လို့ ထင်ပါတယ်။ ဒါတွေက များလာတဲ့အခါကျရင် ပြဿနာတွေ ဖြစ်လာရင် အကုန်လုံး ပြဿနာ တက်ကြမှာပါ။ အခုက ကိုဗစ်ရောဂါဖြစ်တာက တဖက်နဲ့ဆိုတော့ သူတို့ချိန်ဆပြီး လုပ်ကိုင်သွားမယ်လို့ ထင်ပါတယ်။ တခြား နေရာတွေမှာ တရုတ်တွေနဲ့ ပတ်သက်ပြီး အဆောက်အအုံ အသစ်ဆောက်တာတွေကိုလည်း အစိုးရဘက်က ရပ်ခိုင်း လိုက်တယ်လို့ ကြားပါတယ်။
မေး။ ။ စီမံကိန်းနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က ဘာတွေ ညွှန်ကြားထားသေးလဲ။
ဖြေ။ ။ တပ်မတော်ဘက်ကတော့ အခုချိန်ထိ ကျနော်တို့ကို အမိန့် ထုတ်ထားတယ်။ တရားဝင် ခွင့်ပြုချက် မရဘဲနဲ့ မလုပ် ပါနဲ့ ဆိုတာ။ အခုချိန်အထိ ဒီအတိုင်းပါပဲ။ အခုဆိုလို့ရှိရင် ကိုဗစ်ရော ဖြစ်ပြီးနောက်ပိုင်း တရုတ်တွေ အဝင်/အထွက်များလာ မှာကို စိုးရိမ်ပြီးတော့ တပ်မတော်က လုံခြုံရေး တပ်ရင်း ၁ ရင်း ဒီမှာ လာချထားတယ်။ နဂိုကတည်းကလည်း ဒါက နယ် လှည့် လုံခြုံရေး အဖွဲ့ကတော့ ရှိပါတယ်။
ဒါပေမယ့် အခုက ရွှေကုက္ကိုလ်မှာကို ထိုင်ပြီးတော့ လုံခြုံရေး ယူပေးပါတယ်။ အခုချိန်ထိ တပ်မတော်ကတော့ စီမံကိန်းကို တားတာမျိုးလည်း မဟုတ်ဘူး၊ ဆက်လည်း ဆောက်ခွင့်မပေးဘူး။ ဆောက်မယ်ဆိုရင်လည်း အစိုးရဆီကနေ တရားဝင် ခွင့် ပြုချက်ရတာတွေကိုပဲ လုပ်ဖို့ပဲ ညွှန်ကြားထားပါတယ်။
မေး။ ။ စီမံကိန်း လုပ်ဖို့ကို အစိုးရဘက်က ထပ်ပြီး ခွင့်ပြုပေးတာမျိုး ရှိသေးလား။
ဖြေ။ ။ တရုတ် နှစ်သစ်ကူး မတိုင်ခင် တပ်မတော်ဘက်နေ အစိုးရဆီက တရားဝင် ခွင့်ပြုချက် မရရင် မလုပ်နဲ့ဆိုပြီး ရုတ်တရက် လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့ အခါကျတော့ ဒေသခံတွေရော၊ တခြားဒေသက လာလုပ်တဲ့ အလုပ်သမား တွေရော လူ ၅၀၀၀ လောက် ရှိတယ်။ သူတို့တွေ အခက်အခဲ တော်တော်ကြုံရတယ်။
ကန်ထရိုက်တွေနဲ့ အလုပ်သမားတွေက စာချုပ်တွေနဲ့ လုပ်ကြတော့ လုပ်ငန်းက မပြီးဆိုတော့ လုပ်အားခတွေ မရတာဖြစ် ပြီး ပြဿနာ ဖြစ်ကြတယ်။ ဆန္ဒပြတာတို့ ဘာတို့ ဖြစ်ခဲ့တယ်။ အဲဒီတော့ စီမံကိန်း ကြီးကြပ်စစ်ဆေးရေး ကော်မတီအဖွဲ့က နေ ပြည်နယ်အစိုးရကို တင်ပြတော့ လာပြီး စစ်ဆေးပေးတယ်။
စိစစ်ပြီးတဲ့ အခါကျတော့ လုပ်ထားပြီးသား ဟိုတယ် တလုံးရယ်၊ လုပ်လက်စ ဟိုတယ်၂ လုံးရယ်ကို ဟိုတယ်နှင့် ခရီးသွား ဘက်ကလည်း “ဟိုတယ်ဆောက်တာ မှန်ပါတယ်၊ ဒါကို ခွင့်ပြုရင် ရနိုင်ပါတယ်” ဆိုပြီး တင်ပြတော့ အဲဒီဟိုတယ် ၃ လုံးရဲ့ မြေနေရာကို ပြည်နယ်အစိုးရက ထပ်ချပေးတယ်။ ဟိုတယ်တလုံးကို ၃ ဧကကျော်ကျော် ဆိုတော့ အားလုံး ၁၁. ၈၇ ဧက ရှိတယ်။ အဲဒီ လုပ်လက်စတွေတော့ ထပ်လုပ်ဖြစ်တာပေါ့။ တချို့ အလုပ်သမား ကိစ္စတွေလည်း ပြေလည်သွားတယ်။
မေး။ ။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အခြေအနေကို အစိုးရကိုရော၊ တပ်မတော်ကိုရော တင်ပြနေတာလား။
ဖြေ။ ။ တပ်မတော်ကတော့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာမှ မဝင်စွက်ဖက်ဘူး။ သက်ဆိုင်ရာ အစိုးရဖွဲ့ကိုပဲ တင်ပြတာပေါ့။ အခု လုပ်ထားပြီးတဲ့ ဟိုတယ်၊ စားသောက်ဆိုင်တန်းတွေ၊ ရုံးတွေ၊ KTV ပါတဲ့ နေရာကို ပြည်ထောင်စု အစိုးရကိုတော့ တင် လိုက်တာပေါ့။ အဲဒါက အားလုံး၂၀၁ ဧက ရှိတယ်။ ဟိုတလောက မြေစာရင်းက လာတိုင်းထွာသွားတာ။ တရားဝင်တော့ မကျသေးဘူး။ အခုထိ တရားဝင် ခွင့်ပြုချက် ကျထားတာက အရင်က ၆၂ ဧကနဲ့ ဟိုတယ် ၃ လုံးအတွက် ထပ်ချပေးတဲ့ ၁၁.၈၇ ဧက အဲဒါပဲ ရှိပါသေးတယ်။
မေး။ ။ လက်ရှိမှာရော စီမံကိန်းထဲမှာ တရုတ်လူမျိုး ဘယ်လောက်ရှိနေလဲ။
ဖြေ။ ။ အခု တရုတ်လူမျိုး အင်အား ၂၀၀၀ ကျော်လောက်တော့ ရှိတယ်။ အခုက သူတို့ ပြန်လို့လည်း မရတော့ဘူးပေါ့။ အစပိုင်းကတော့ မဖြစ်မနေ ပြန်ရမယ့်သူတွေကျတော့ လဝက ဘက်ကနေ စိစစ်ပြီး သူတို့ကို မူဆယ်ဘက်ကို ပို့ပေးတယ်။ အဲဒီကနေ ပြန်သွားတာတွေလဲ ရှိတယ်။ ဒီက စာရင်းတွေကို လဝက၊ ရဲ၊ ထွေအုပ်၊ တပ်မတော်ကရော ပါဝင်ပြီးမှ စိစစ် ထားတာ။ ဗီဇာ သက်တမ်းကုန်တဲ့သူတွေလည်း သက်တမ်းတိုးဖို့ သူတို့ လာ ဆောင်ရွက်ထားပါတယ်။
မေး။ ။ လက်ရှိ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ ရွှေကုက္ကိုလ် ရှိတဲ့ တရုတ်တွေထဲမှာ ပိုးတွေ့ လူနာတဦး ရှိတယ်လို့ သတင်း ကြားမိသေးတယ်။ ဘယ်လို အခြေအနေရှိလဲ။
ဖြေ။ ။ အခု ရွှေကုက္ကိုလ်လည်း Lockdown လုပ်ထားတယ်။ အဝင်/အထွက်တွေ သိပ်ပေးမလုပ်ဘူး။ လူနာသတင်းက တော့ အဲဒါတွေက တချို့ မြဝတီက လူတွေက သူတို့မှာ နေရတာ အဆင်မပြေလို့၊ ရွာမှာနေတဲ့သူတွေနဲ့လည်း အသိရှိ တယ်ဆိုပြီးတော့ သင်္ကြန် မတိုင်ခင်လောက်က ခွင့်တောင်းတော့ လူ၂၀၀ လား ၃၀၀ လောက် လာနေကြတယ်။ သူတို့ အကုန်လုံးကို ကန့်သတ် စောင့်ကြည့် Quarantine ထားတာပေါ့။ သူတို့ ကုမ္ပဏီကလည်း ကရင်ပြည်နယ် အစိုးရအတွက် လှူတာတွေက ရှိတယ်လေ။
အဲဒီမှာ သွေးဖောက်ပြီးတော့ စစ်တဲ့ Test လေးတွေ ပါတယ်။ အဲဒါနဲ့ ရှိတဲ့ လူ ၃၀၀ လောက်ကို စစ်လိုက်တော့ တ ယောက်က ကိုဗစ် Positive ဖြစ်နေရော။ အဲဒါနဲ့ ဒါကို မထုတ်ပြန်နဲ့ဦး။ ဒီအဖြေက အတည်ပြုလို့ မရသေးဘူး။ နောက် တော့ ခရိုင် ကျန်းမာရေးမှူးကို အကြောင်းကြားလိုက်တယ်။ ပြီးတော့ သူတို့လာပြီး အာခေါင်က တို့ဖတ်တွေ ဘာတွေယူပြီး ပြန်စစ်လိုက်တော့ ပိုးမရှိပါဘူး၊ Negative ပါပဲ။ အဲဒီ တခါလေးပါပဲ။ တခြားဖြစ်တာ မရှိပါဘူး။ ဒီမှာလည်း Quarantine ကို ၂၁ ရက်ထား၊ နောက်ထပ်လဲ ၇ ရက် ထပ်ထားပြီးမှ ဆောင်ရွက်တာမျိုးတွေ လုပ်နေတာ ရှိပါတယ်။
မေး။ ။ အရင်က စီမံကိန်းမှာရှိတဲ့ တရုတ်တွေ အွန်းလိုင်း လောင်းကစားဂိမ်းတွေ လုပ်တာလဲ ရှိခဲ့တယ်။ အခုရော ရှိသေး လား။
ဖြေ။ ။ ဟိုတုန်းကတော့ နည်းနည်းပါးပါး လုပ်တာ ရှိတယ်။ ဒါကိုလည်း တချို့ကို တပ်မတော်က လာပြီး အရေးယူသွား တာတွေ ရှိတယ်။ ပြဿနာ စဖြစ်တဲ့အချိန်က တပ်က လာဆင်း စစ်ပြီးတော့ လူတွေက ပြန်သွားကြပြီဆိုတော့ ပစ္စည်းတွေ သိမ်းဆည်းတာတွေ ဘာတွေ လုပ်တာပေါ့။ အခုတော့ ကျနော်တို့ဆီမှာ လုပ်တာ မရှိတော့ပါဘူး။ ဒါပေမယ့် မြဝတီဘက်မှာ အိမ်တွေ၊ ဟိုတယ်တွေ ငှားပြီး လုပ်တာတွေ၊ ပြုတာတွေပေါ့နော်။ အဲဒါတွေကိုတော့ နည်းနည်း စိစစ်ပေးဖို့ပေါ့။
နယ်စပ်ဒေသ ဖြစ်တော့ ဒါတွေကို နယ်ခြားစောင့်တပ်က အခကြေး ငွေယူပြီး လုပ်နေကြတယ်။ ဌာနဆိုင်ရာတွေလဲ တား လို့ မရဘူး၊ ဒေသခံတွေလည်း ပြောလို့မရဘူး ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုတင်ပြတာတွေနဲ့ ပတ်သက်ပြီး စိစစ်ပေးဖို့ တပ် မတော်ကရော၊ ပြည်နယ် အစိုးရကရော ညွှန်ကြားထားတယ်လို့ ကြားတယ်။ ပြီးခဲ့တဲ့ရက်ကလည်း မြဝတီဘက်မှာ ဝင် ဖမ်းတာတွေ ကြားမိမှာပေါ့။
မေး။ ။ ရွှေကုက္ကိုလ် စီမံကိန်းကို တဖက်မှာ ဝေဖန်တာတွေ ရှိနေတော့ ဘာဆက်လုပ်ဖို့ ရှိလဲ။
ဖြေ။ ။ ကျနော်တို့က နဂိုကတည်းက တရားဝင် လုပ်ဖို့ပဲ ရည်ရွယ်ထားတာပါ။ နောက်ပိုင်းကျတော့ တရုတ်တွေက ပိုများ လာတော့ တခြား ဒေသခံတွေလဲ ပြောစရာ ဖြစ်လာတာပေါ့။ ဒီမှာကြီးပဲမဟုတ်ဘဲ မြဝတီတောင် ဘက်ခြမ်းတွေမှာလည်း များလာတဲ့အခါကျတော့ ဒေသခံတွေ စိုးရိမ်မှု ဖြစ်လာတာပါ။
အခုချိန်မှာတော့ ကျနော်တို့ လုပ်ထားပြီးသားဟာလေးတွေ ခွင့်ပြုချက် တင်ပြီး ရရင်ဆက်လုပ်မယ်၊ မရရင်တော့ လုံးဝ ရပ် ထားမယ်လို့ စိတ်ကူးထားပါတယ်။ ခွင့်ပြုချက် မရရင်တော့ ဆက်လုပ်ဖို့က အဆင်မပြေဘူး။ တခုခုဖြစ်ခဲ့ရင် ရင်းနှီးမြှုပ်နှံသူ အတွက်လည်း မကောင်းဘူး။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ တလွဲစီ ဖြစ်နေတာကိုလည်း မဖြစ်စေချင်ဘူး။
တရားဝင် ခွင့်ပြုချက် ရအောင် ကြိုးပမ်းနေတယ်။ တရားဝင် ခွင့်ပြုချက် မရဘဲနဲ့လည်း ကုမ္ပဏီကို လုပ်ခွင့်မပေးတော့ဘူး လေ။ သူတို့မှာ တခြားလုပ်ချင်တဲ့ စိုက်ပျိုးရေးတို့ ဘာတို့ ရည်ရွယ်ထားတာလေးတွေလည်း ရှိတယ်။ အစီအစဉ်လဲ ရှိပါ တယ်။ ကုမ္ပဏီကိုလည်း စိုက်ပျိုးရေးဘက်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အကြံပြုထားတာလည်း ရှိတယ်။ အခုက မိုးကျတော့ မှာဆိုတော့ ဒီဒေသမှာက စိုက်ပျိုးရေး လုပ်ကြတော့မှာလေ။ အခု အဲဒါကို လုပ်ဖို့ အစီအစဉ် ဆွဲနေကြတာ ရှိပါတယ်။ ခွင့်ပြုပေးဖို့လည်း ပြည်နယ် အစိုးရကို တင်ပြထားတာပေါ့။
တခုတော့ ရှိတာပေါ့။ နောက်ပိုင်းမှာ ရွှေကုက္ကိုလ်ကိုလည်း မြို့အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ အခြေအနေဖြစ်အောင် လုပ်နေပြီ။ မြို့အဖြစ် သတ်မှတ်ပေးနိုင်ဖို့ ထပ်ပြီး တင်ပြနေပါတယ်။ အရင်ကလည်း သူတို့လာပြီး စစ်ဆေးထားတာ ရှိပေမယ့် အခု ထပ်ပြီး စစ်ဆေးပေးဖို့ပေါ့။ တကယ်လို့ မြို့အနေနဲ့ သတ်မှတ်လိုက်ရင်တော့ ဌာနဆိုင်ရာတွေလည်း လာပြီးလုပ်ငန်းတွေ ဆောင်ရွက်၊ ကျနော်တို့လည်း သက်ဆိုင်ရာ အုပ်ချုပ်မှုအောက်မှာပဲ လုပ်ငန်းတွေ လုပ်ချင်ပါတယ်။
ကျနော်တို့ချည်းပဲဆို တချို့က အမြင် မရှင်းကြဘူး။ ဘာတွေလုပ်နေလဲ ဆိုတာလည်း တိတိကျကျ မသိကြဘူး။ အဲဒီလို တရားဝင်ဖြစ်လာဖို့ ရည်ရွယ်ချက် ရှိတယ်။ အစိုးရဘက်ကတော့ ဆောင်ရွက်ပေးမယ်လို့ ပြောထားတာ ရှိပါတယ်။
မေး။ ။ တရုတ်စီမံကိန်းအပေါ် လူတွေ အာရုံစိုက်နေကြတယ်။ အခုလည်း ထပ်ပြီး တရုတ် ရာဇဝတ်ဂိုဏ်းတွေ ပတ်သက် နေတယ်လို့ ထောက်ပြတာတွေပါ ရှိလာတော့ စီမံကိန်း တာဝန်ရှိသူအနေနဲ့ ဘာများ ပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ကတော့ နဂိုရည်ရွယ်ချက်က ဒေသဖွံ့ဖြိုးရေးကိုပဲ အဓိကထားတာပါ။ ဖြစ်လာတဲ့ ကောင်းကျိုးတွေ၊ ဆိုး ကျိုးတွေက ရှိလာတဲ့ အခါကျတော့ ကျနော်တို့က အတတ်နိုင်ဆုံး ကိုယ့်ဒေသကို အကျိုးရှိတဲ့ဟာပဲ ဆက်လုပ်ဖို့ ရည်ရွယ်ပါ တယ်။ အစက ကုမ္ပဏီဘက်က တင်ပြထားတာကတော့ တရားဝင် ခွင့်ပြုချက်ရရင် လောင်းကစား ကာစီနိုတွေ ဘာတွေ လည်း လုပ်မယ် ပြောတာပေါ့။ အခုလည်း ကျနော်တို့ဆီမှာတော့ ဖွင့်ထားတာ မရှိပါဘူး။ ခွင့်ပြုချက် မရရင်တော့ ကျနော် တို့က ဘာတခုမှ ဆက်ပြီး လုပ်မှာလည်း မဟုတ်ဘူး။ သူတို့ကိုလည်း လုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ဆုံးဖြတ်ထား တယ်။
နဂို ရည်ရွယ်ချက်အတိုင်း လုပ်ရင်တော့ ကျနော်တို့နဲ့ ဆက်ပြီး လက်တွဲလို့ ရမှာပေါ့။ ခွင့်ပြုချက်မရဘဲ လောင်းကစားတွေ ပါလာမယ် ဆိုရင်တော့ ဒီလုပ်ငန်းတွေက ဆက်လုပ်ဖို့ အခက်အခဲ ရှိမှာပဲ။ လူတွေကတော့ လာနေကြတာပဲ၊ သတင်းတွေ လဲ ကြားနေရတာပဲ။ နိုင်ငံတကာက Black List လုပ်ထားတဲ့ ကုမ္ပဏီတွေကို လက်မခံဖို့ကိုလည်း ပြောထားသလို အခုထိ လဲ လက်ခံတာတော့ မတွေ့သေးဘူး။
ဒီမှာရှိတဲ့ လူတွေအားလုံးကလည်း လစဉ် ဌာနဆိုင်ရာတွေက စိစစ်နေပါတယ်။ သတင်းတွေ ထွက်နေသလို တိကျတဲ့ အချက်အလက် အထောက်အထားတွေ ရရင် အစိုးရ အဖွဲ့နဲ့ လက်တွဲပြီးတော့ လုပ်မှာပါ။ ကျနော်တို့က ကိုယ့်ဟာကို တစင်ထောင်ပြီး လုပ်တာမျိုး မဟုတ်ပါဘူး။ လုပ်ချင်တာ လုပ်မယ် ဆိုတာမျိုး မလုပ်ပါဘူး။
ဆက်စပ်ဖတ်ရှုရန်
တရုတ် ရာဇဝတ်ဂိုဏ်းများကိစ္စ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု စီမံကိန်း တာဝန်ရှိသူပြော
ခြေလွန်လက်လွန် ဖြစ်သွားတဲ့ မြဝတီက တရုတ်မြို့သစ် စီမံကိန်း ဘာဆက်ဖြစ်မလဲ