သူ့အတွေး သူ့အမြင်

အမျိုးသမီးဘဝ လုံခြုံရေး ဖော်ဆောင်ပေးပါ

Want create site? Find Free WordPress Themes and plugins.

အမျိုးသမီးတွေဟာ ကမ္ဘာပေါ်မှာရော၊ မြန်မာနိုင်ငံမှာပါ အရင်တုန်းကနဲ့ စာရင် “အခွင့်အရေး” ပိုရလာတယ်လို့ ပြောနိုင်ပါ တယ်။ ဒါပေမယ့် တိုးတက်မှုတွေ ရှိနေသလိုပဲ တချို့သောနေရာတွေမှာ ခွဲခြားဆက်ဆံခံရတာ၊ အထင်အမြင်သေးခံရတာ တွေလည်း ရှိနေဆဲပါပဲ။ အထူးသဖြင့် ကျမတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အတွက် “လုံခြုံမှု” ရှိတဲ့ လူ့အဖွဲ့အစည်း ဖော်ဆောင်ပေးနိုင်မှု အားနည်းနေပါသေးတယ်။

အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ် လုပ်နေနိုင်ပြီ ဆိုပေမယ့် အကန့်အသတ်တွေ၊ အတားအဆီးတွေ ရှိနေသေးတာ ကို ဘယ်လိုမှ ငြင်းမရပါဘူး။ ခေတ်ရဲ့ အနေအထားအရ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေ ဆိုရင်လည်း လင်ယောက်ျား ဝင်ငွေ တခုတည်းနဲ့ ရပ်တည်လို့ မရတဲ့ အတွက် အပြင်ထွက်ပြီး အလုပ် လုပ်ရပါတယ်။ အိမ်ထောင် မရှိတဲ့ အမျိုးသမီးတွေ လည်း ဂုဏ်သိက္ခာအတွက်၊ မိသားစုဝင်ငွေရဖို့ အတွက် အပြင်ထွက် အလုပ် လုပ်ရတဲ့ အခါ သူတို့ရဲ့ “လုံခြုံမှု” ကို ဘယ်သူတွေက အာမခံနိုင်မလဲ လို့ မေးခွန်းထုတ်စရာ ဖြစ်လာရပါတယ်။

အမျိုးသမီးတွေရဲ့ “လူမှုဘဝ လုံခြုံရေး” လို့ ဆိုရာမှာ သူတို့ အတွက် ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်၊ လူမှုရေးအရ လုံခြုံမှု၊ အလုပ်ခွင်လုံခြုံမှု၊ အိမ်ပြန်ချိန်လုံခြုံမှု၊ မိခင်ဘဝလုံခြုံမှု စတဲ့ အချက်တွေအထိ အကျုံးဝင်တယ်လို့ ပြောချင်ပါတယ်။ ယောက်ျားလေး တယောက်ဟာ ည ၁၀ နာရီ၊ ၁၁ နာရီလောက်မှ အိမ်ပြန်ရောက်တာက လမ်းမှာ လုယက်ခံရနိုင်တာက လွဲလို့ တခြား ပြဿနာ မရှိနိုင်ပါဘူး၊ ဒါပေမယ့် မိန်းကလေးတယောက်ဟာ အလုပ်ရဲ့ သဘောသဘာဝကြောင့် ဖြစ်စေ၊ တခြား အရေးကြီးတဲ့ အကြောင်းကြောင့်ဖြစ်စေ အိမ်ပြန်နောက်ကျခဲ့ရင် “လုံခြုံမှု” က စကားပြောလာပါပြီ။

လမ်းမှာ ထိကပါး ရိကပါး အပြောခံရနိုင်သလို ဒီထက် အဆင်မသင့်ရင် ယောက်ျားတွေရဲ့ အဓမ္မပြုကျင့်တာထိ ခံရနိုင်ပါတယ်။ လူကျပ်နေတဲ့ ဘတ်စ်ကားပေါ်မှာ မိန်းကလေးတွေ မဖွယ်မရာ ပြုခံရတဲ့ သတင်းတွေ မကြာခဏ ကြားသိနေရတာပါ၊ ဟုတ်ပြီ ဘတ်စ်ကားမစီးဘဲ တက္ကစီငှားမယ် ဆိုရင်ရော “လုံခြုံမှု” ရှိ၊ မရှိ ဘယ်သူမှ အာမ မခံနိုင်ပြန် ပါဘူး။ အနည်းဆုံးတော့ လိင်ပိုင်းဆိုင်ရာအရ စော်ကားခံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ကိုယ်ထိလက်ရောက် စော်ကားတာမျိုး မဟုတ်ပေမယ့် ခရီးသည် အမျိုးသမီးကို ညစ်ညမ်းကားကို မြင်အောင်ပြသတာမျိုး ဖြစ်ပါတယ်။ ခရီးလမ်းကြောင်းကို ရှည်အောင်မောင်းပြီး ပစ္စည်းလုယူတာလည်း ဖြစ်နိုင်ပါတယ်။

သိပ်မကြာသေးမီကပဲ ကျမနဲ့ ခင်မင်တဲ့ မိန်းကလေးတယောက်ဟာ YBS (၇၇) ပေါ်မှာ ခါးပိုက်နှိုက်ခံခဲ့ရပါတယ်။ ပါသွားတဲ့ ပိုက်ဆံက ၅၀၀၀ ကျပ် ဝန်းကျင်ပဲ ရှိပေမယ့် တွေးကြည့်ရင် ဘတ်စ်ကားပေါ်က မိန်းမတယောက် အတွက် လုံခြုံမှု မရှိတာကို သက်သေပြနေတာပါ။ YBS ယာဉ် အများစုက စပယ်ယာ မထားတော့ ပေမယ့် ၇၇ ယာဉ်လိုင်းမှာ စပယ်ယာ ပါနေဆဲ ပဲ လို့ သူက ကျမကို ပြောပြပါတယ်။

ဘယ်လောက်ပဲ YBS စနစ်ကို တိုးတက်မှုတွေ ရှိလာအောင် ပြောင်းလဲနေတယ် လို့ ပြောနေသေးပေမယ့် ရုံးတက်ရုံးဆင်း အချိန်တွေမှာ ဘတ်စ်ကားတွေက ကျပ်မြဲ ကျပ်နေဆဲ ပါ။ ကျမ မိတ်ဆွေ မိန်းကလေးက ခါးပိုက်နှိုက်ဘယ်သူ ဆိုတာ ရိပ်စားမိလို့ ဒရိုင်ဘာနဲ့ စပယ်ယာကို ရဲစခန်းကို မောင်းစေချင်ပါတယ်။ ဒါပေမယ့် သူတို့က မမောင်းခဲ့တဲ့ အပြင် မိန်းကလေးကိုတောင် ဒီလောက် ပိုက်ဆံလေးနဲ့ အလုပ်ရှုပ်တယ် ဆိုပြီး အပြစ်တင် ပြောဆိုပါသတဲ့။ ဒါမျိုးကိစ္စတွေဟာ ရန်ကုန်လို မြို့ပြမှာ နေထိုင်ရတဲ့၊ ဘတ်စ်ကားကိုလည်း မလွဲှမကင်းသာ စီးနေရတဲ့ အမျိုးသမီးတွေ တွေ့ကြုံနေရတာမို့ “လုံခြုံမှု” ဖန်တီးပေးဖို့ မဖြစ်မနေ လိုအပ် နေပါပြီ။

တဖက်မှာလည်း အမျိုးသမီးအများစုဟာ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်ပါ အပြည့်အဝ မရသေးတာကို တွေ့ရပါတယ်။ အလုပ်ခွင် ထဲမှာ အလုပ်ရှင်ရဲ့ ထိကပါးရိကပါး အပြောခံရတာမျိုးတွေ ရှိနေဆဲဖြစ်သလို တချို့အလုပ်တွေမှာ အမျိုးသမီး ဖြစ်နေလို့ ဘယ်လောက်ပဲ တော်တော် ခွဲခြားဆက်ဆံခံရတာ မျိုးလည်း ရှိနေပါတယ်။ မြို့ပြမှာ နေထိုင်စရိတ်က တော်တော်လေးကြီး မြင့်တဲ့ အတွက် အိမ် ငှားရမ်းနေထိုင်ရတဲ့ အမျိုးသမီးတွေ အတွက် “အိမ်လခ” ဟာလည်း စိန်ခေါ်မှုတခု ဖြစ်နေဆဲပါ။

အိမ်လခ မတတ်နိုင်လို့ အဆောင်တွေမှာ ငှားရမ်း နေထိုင်ရတဲ့ အမျိုးသမီးတွေမှာလည် “လုံခြုံမှု” အပြည့်အဝ မရှိပါဘူး၊ အဆောင်မှာ နေတယ် ဆိုပြီး သွေးတိုးစမ်းချင်တဲ့ ယောက်ျားတွေ ရှိသလို ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးမှုတွေလည်း တချို့နေရာတွေမှာ ရှိပါတယ်။ ကျမ ကိုယ်တိုင်အဆောင်တွေမှာ နေထိုင်ခဲ့ဖူးတဲ့ အတွက် ငွေရဖို့ပဲ ကြည့်ပြီး မျက်နှာလွှဲခဲပစ် လုပ်နေတဲ့ အဆောင်ပိုင်ရှင်တွေကို တွေ့ခဲ့ဖူးပါတယ်။

မြို့နဲ့ဝေးတဲ့ နေရာတွေမှာ တက္ကသိုလ်တွေကို ပြောင်းရွှေ့လိုက်တဲ့ အတွက် တက္ကသိုလ်ကျောင်းသူလေးတွေဟာ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို အပြည့်အဝ မခံစားရဘဲ ကျောင်းသွား၊ ကျောင်းပြန်နဲ့ပဲ အချိန်ကုန်နေရပါတယ်။ ဒီထက် ပိုဆိုးတာက တက္ကသိုလ်၊ ကောလိပ်တွေနဲ့ မနီးမဝေးမှာ အလုံပိတ်တဲတွေ၊ အလုံပိတ် ကော်ဖီဆိုင်တွေမှာ ထိုင်ရင်း မဖြစ်သင့် တာတွေပါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးရှိနေပါတယ်။ အလုံပိတ်တဲတွေကို ဖျက်ပစ်သင့်သလို အကောင်းဆုံးကတော့ အရင်က အတိုင်း မြို့နဲ့နီးတဲ့ တက္ကသိုလ်တွေမှာ ပြန်လည် ပညာသင်ယူဖို့ ခွင့်ပြုပေးသင့်ပါတယ်။

အပြင် ထွက်နေရတဲ့ အမျိုးသမီးတွေသာ မဟုတ်ပါဘူး၊ အိမ်ထဲမှာနေနေရတဲ့ အမျိုးသမီးတွေ အတွက်လည်း “လုံခြုံမှု” လိုအပ်နေ ပါတယ်။ အထူးသဖြင့် တချို့အမျိုးသမီးတွေဟာ သူတို့ခင်ပွန်းတွေ ကျူးလွန်တဲ့ “အိမ်တွင်း အကြမ်းဖက်မှု ဒဏ်” ခံစားနေရလို့ပါပဲ။ သောက်သောက်စားစား ယောက်ျားတွေ ဆိုရင်တော့ မူးလာရင် စကားနာထိုးတာက အစ ရိုက်နှက်တာ အဆုံး အကုန်ဖြစ်နိုင်ပါတယ်။ ဘေးပတ်ဝန်းကျင်ကလည်း လင်မယားစကားများတာပဲ ဆိုပြီးပဲ သဘောထားကြမှာပါ။ ဒါပေမယ့် နေ့စဉ်ရက်ဆက် (ဒါမှမဟုတ်) မကြာခဏ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ မလုံမခြုံ ခံစားလာရပြီး ဘဝမှာ ပျော်ရွှင်မှာ မဟုတ်တော့ပါဘူး။

တဦးချင်းဝင်ငွေ နည်းပါးမှုကလည်း အမျိုးသမီးတွေ အတွက် စီးပွားရေး အရ မလုံခြုံမှုကို ဖြစ်ပေါ်စေပါတယ်။ အထည်ချုပ် စက်ရုံတွေမှာ အလုပ် ဝင်လုပ်နေရတဲ့ အမျိုးသမီး အလုပ်သမားတွေဟာ တနေ့မှာမှ လုပ်ခလစာ (၃၆၀၀) ကျပ်ပဲ ရရှိပါတယ်။ ဒါဟာ အလွန်နည်းပါးတဲ့ ပမာဏဖြစ်ပြီး အသင့်အတင့် အဆောင်တခုမှာ ငှားနေရင်ပဲ အဆောင်လခက တလမှာ ၄၀၀၀၀ ကျပ်ထိ ရှိပါတယ်။ ဒါကြောင့် တနေ့အတွက် လုပ်ခလစာကို ၅၀၀၀ ကျပ်ကျော်အထိ တိုးပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အလားတူ အရောင်းစာရေးမလေးတွေဆိုရင်လည်း တလမှာ ၁ သိန်းကျပ်က ၁သိန်း ၅ သောင်းကျော် အထိပဲ လစာရရှိပါတယ်။ တဦးချင်း ဝင်ငွေနည်းပါးလို့ လူတန်းစေ့အောင် နေနိုင်ဖို့ မနည်းရုန်းကန်ရမယ့် အနေအထား ဖြစ်နေတာ အမှန်ပါ။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်အရ အမျိုးသမီး ဦးရေက ၂၆၆၆၁၆၆၇ ဦးရှိပြီး၊ အမျိုးသား ဦးရေက ၂၄၈၂၄၅၈၆ ဦး ရှိတာကြောင်း အမျိုးသမီးဦးရေ ပိုမိုများပြားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုပိုင်းတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်း ပါဝင်လာနိုင်မယ် ဆိုရင်…၊ တန်းတူညီမျှတဲ့ အခွင့်အရေးနဲ့ အခွင့်အလမ်း ရရှိမယ် ဆိုရင်၊ စိတ်ပိုင်း ရုပ်ပိုင်း လုံခြုံမှု ရှိမယ် ဆိုရင် အမျိုးသမီး တွေရဲ့ ပါဝင်အားနဲ့ မြန်မာနိုင်ငံ၊ မြန်မာ့ လူ့အဖွဲ့အစည်းဟာ ပိုမို အားကောင်းလာမယ်၊ ဖွံ့ဖြိုးတိုးတက်လာမယ် ဆိုတာ သေချာပါတယ်။

အမျိုးသမီးများကို ဆန့်ကျင်ခွဲခြား သတ်မှတ်မှုပုံစံ အားလုံးကို ဖယ်ရှားမှု သဘောတူညီချက် (CEDAW) မှာ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။ အမျိုးသမီးတွေအပေါ် သက်ရောက်နေတဲ့ ဖိအားတွေ ရှိနေသရွေ့ သူတို့ရဲ့ လူမှုဘဝမှာ လုံခြုံမှုရှိမှာ မဟုတ်ပါဘူး။ လူမှုဘဝ လုံခြုံမှု မရှိသေးသရွှေ့ ကာလပတ်လုံး အမျိုးသမီးတွေကို လူ့အဖွဲ့အစည်းက ဆန့်ကျင်ခွဲခြားသတ်မှတ်မှု၊ ခြိမ်းခြောက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေဦးမှာပါပဲ။

ဒါကြောင့် ကျမတို့ နိုင်ငံကို ငြိမ်းချမ်းသာယာဖွံ့ဖြိုးတဲ့ နိုင်ငံအဖြစ် ဖန်တီးတည်ဆောက်မယ် ဆိုရင် အမျိုးသမီးတွေ အတွက် “လူမှုဘဝလုံခြုံရေး” ကို မဖြစ်မနေ ဖန်တီးပေးပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးချိုးဖောက်သူ မှန်သမျှကို ဥပဒေအရ အရေးယူရမှာ ဖြစ်သလို သူတို့အတွက် အခွင့်အလမ်းကောင်းတွေကိုပါ ရရှိလာအောင် အာမခံပေးနိုင်ရမှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသား လိုက်ရပါတယ်။ ။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading