လူသားတယောက်အဖြစ် မွေးဖွားလာရင် ပညာသင်ယူခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ တနေရာကနေ တခြားတနေရာကို ခရီးသွားလာခွင့်တွေဟာ အဲဒီသူ နေထိုင်ကြီးပြင်းရာ နိုင်ငံမှာ ရရှိသင့်ပါတယ်။ ဒီလိုအခွင့်အရေးတွေဟာ တနည်းအားဖြင့် လူသားတယောက်ရဲ့ အခြေခံလူ့အခွင့်အရေးဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ မိန်းကလေးတယောက်ဟာ သူ့ရဲ့နိုင်ငံသားဖြစ်ခွင့်မရသေးသလို ကျောက်ဖြူကနေ ရန်ကုန်ကို ခရီးသွားရာလမ်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့သတင်းဟာ အတွေးပွားစရာ ဖြစ်ခဲ့ရပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးဟာ ကျောက်ဖြူမြို့နယ်က ကျောက်တလုံး ဒုက္ခသည်စခန်းမှာ ၂၀၁၂ ခုနှစ်ကတည်းက နေထိုင်ခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် သူမတို့မိသားစုဟာ ကျောက်တလုံးဒုက္ခသည်စခန်းကို ပြောင်းရွှေ့ခံခဲ့ရတာပါ။ မရော်မီ (ခ) မလှဖြူဟာ ၂၀၁၁ မှာ ကျောက်ဖြူ အထက (၁) ကနေပဲ အထက်တန်းစာမေးပွဲ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ စစ်တွေတက္ကသိုလ်မှာ မြန်မာစာဘာသာရပ် အဓိကနဲ့ ပထမနှစ် တက်ရောက်ရမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၂ ပဋိပက္ခက သူမကို တက္ကသိုလ် မရောက်စေဘဲ ဒုက္ခသည်စခန်းကို ရောက်ရှိစေခဲ့ပါတယ်။
မလှဖြူတို့ အဘိုးအဘွားတွေအပါအဝင် မိဘတွေဟာ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေဖြစ်လို့ မလှဖြူဟာလည်း အစ္စလာမ်ဘာသာဝင်တယောက်ပါ။ သူမ အဘိုးအဘွားတွေလက်ထက်တုန်းက မှတ်ပုံတင်ကိုင်ဆောင်ခွင့်ရခဲ့ပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတွေလို့ ဆိုပါတယ်။ မလှဖြူတို့ မိသားစုမှာ အိမ်ထောင်စုလူဦးရေစာရင်းရှိပေမယ့် သူမ မိဘတွေမှာ မှတ်ပုံတင် မရရှိခဲ့ပါဘူး။ ဒါကြောင့် မလှဖြူလက်ထက်မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရဖို့ အခက်တွေ့ခဲ့ရပါတယ်။
ဒီလို အခက်အခဲတွေ့နေသူတွေဟာ ရခိုင်ပြည်နယ်က မွတ်စလင် လူ့အဖွဲ့အစည်းမှာ အများအပြားရှိပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေ ပုဒ်မ ၇(က) အရ နိုင်ငံသားနဲ့ ဧည့်နိုင်ငံသားကနေ မွေးဖွားသူတွေဟာလည်း နိုင်ငံသားဖြစ်ခွင့် ရရမှာပါ။ ဒါပေမယ့် မလှဖြူရဲ့ မိဘတွေဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခွင့်ရတဲ့ မှတ်ပုံတင် ကိုင်ဆောင်ခွင့် မရခဲ့တာကြောင့် လွတ်လပ်စွာ ခရီးသွားလာခွင့်ကိုပါ အဟန့်အတားဖြစ်စေခဲ့ပါတယ်။
ပညာရေးလိုလားသူ မလှဖြူဟာ ကျောက်တလုံးစခန်းမှာ နေထိုင်ရင်း ကလေးငယ်တွေကို လုပ်အားပေးဆရာမအဖြစ် စာသင်ကြားပေးခဲ့သူပါ။ မေလ ၂၃ ရက်မှာတော့ မလှဖြူဟာ သူမ ဘဝအတွက် တိုးတက်ရာ လမ်းစရှာဖွေဖို့ ရန်ကုန်မြို့ကို စွန့်စား ခရီးထွက်ခဲ့ပါတယ်။ သူမရဲ့အမှားကတော့ နိုင်ငံတော်က တရားဝင်ထုတ်ပေးထားတဲ့ NVC သက်သေခံကတ်ပြား သာပါပြီးခရီးသွားခွင့်လက်မှတ်ပုံစံ၄ မပါပဲ ခရီးထွက်ခဲ့ခြင်းပါ။ တောင်ကုတ်မြို့နယ်၊ တောင်ပုံကြီး စစ်ဆေးရေးဂိတ်မှာ သူမစီးနင်းလာတဲ့ မော်တော်ယာဉ်စစ်ဆေးခံခဲ့ရပြီး အသက် ၂၆ နှစ်အရွယ် မလှဖြူ ဖမ်းဆီးခံခဲ့ရပါတယ်။
သူမကို နှစ်ရက်အကြာ မေလ ၂၅ ရက်မှာ တောင်ကုတ်မြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၃) နဲ့ တောင်ကုတ် လဝကကနေ တရားစွဲခဲ့တာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ ဆက်စပ်စဉ်းစားစရာက မလှဖြူဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူတယောက် မဟုတ်သေးပေမယ့် အကြမ်းဖက်သမားတွေနဲ့ ဆက်သွယ်သူ မဟုတ်သလို မူးယစ်ဆေးဝါးရောင်းဝယ်သူ တယောက်လည်း မဟုတ်ဘူးဆိုတဲ့အချက်ပါပဲ။ ထောင်ဒဏ် ၁ နှစ်ဟာ သူမအတွက် များလွန်းနေပြီး သတိပေးရုံနဲ့ မပြီးနိုင်ဘူးလားလို့ စောဒကတက်ကြသူတွေလည်း ရှိပါတယ်။
တဖက်က စဉ်းစားကြည့်ရင် မလှဖြူဟာ တည်ဆဲဥပဒေကို ချိုးဖောက်သူတယောက်ဖြစ်သွားပါတယ်။ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆(၃)မှာ “သက်သေခံကတ်ပြားနှင့် အထင်မှားစေလောက်အောင် ဆင်တူယိုးမှားပြုလုပ်ထားသော စာရွက်စာတမ်းတခုခုကို လက်ရှိထားလျှင်သော်လည်းကောင်း၊ ထိုသူသည် ဤအက်ဥပဒေအရ ပြစ်မှုကျူးလွန်သည်။ ဤအက်ဥပဒေအရ ပြစ်မှုကျူးလွန်သူတိုင်းကို ပြစ်မှုထင်ရှားစီရင်သောအခါ နှစ်နှစ်ထက် မပိုသော အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ၊ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေငါးရာထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်စလုံးဖြစ်စေ စီရင်ရမည်” ဟု ဖော်ပြထားပါတယ်။
နိုင်ငံသားဖြစ်ခွင့်ရဖို့ ခက်ခဲအောင် ဖန်တီးထားတဲ့အခြေအနေတွေကြောင့် ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေသာမကဘဲ ရန်ကုန်၊ မန္တလေးနဲ့ မော်လမြိုင်တို့လို မြို့ကြီးတွေပေါ်မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေပါ မှတ်ပုံတင်ရဖို့ အလှမ်းဝေးနေရပါတယ်။ နောက်ပြီး “အစ္စလာမ်ဘာသာ” လို့ ဆိုလိုက်တာနဲ့ ဗမာလူမျိုးတွေ ဖြစ်လင့်ကစား ဘင်္ဂ ါလီ၊ အိန္ဒိယ၊ ပါကစ္စတန်သွေးနှောဆိုပြီး ရေးသွင်းခံနေရပါတယ်။ ဘာကြောင့် အဲဒီလိုရေးသွင်းနေသလဲဆိုတဲ့ အကြောင်းရင်းကိုပါ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အရပ်သားအစိုးရလက်ထက် နိုင်ငံသား မှတ်ပုံတင်ပြုလုပ်ရာမှာ လူမျိုး၊ ဘာသာကို အခြေခံပြီး နှောင့်နှေးမှု မရှိစေရဘူးလို့ ဆိုပေမယ့် လက်တွေ့မှာက တခြားစီ ဖြစ်နေတုန်းပါ။
တခါ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာမှာ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး “လုပ်ငန်းစဉ်သည် ရိုးရှင်းလွယ်ကူသည့် ပုံစံဖြစ်သင့်ပြီး လျှောက်ထားသူတိုင်းအား NVC လျှောက်ထားသည့်အချိန်မှာပင် နိုင်ငံသားဖြစ်မှုအတွက် လျှောက်ထားခြင်းကို တချိန်တည်း ပြုလုပ်နိုင်စေရန် ဆောင်ရွက်ပေးထားသင့်ပါသည်” လို့ အကြံပြုထားပါတယ်။ ခရီးသွားလာခွင့်နဲ့ ပတ်သက်ပြီးတော့လည်း “ရခိုင်နှင့် မွတ်စလင် လူ့အဖွဲ့အစည်းနှစ်ရပ်စလုံးမှ အဖွဲ့ဝင်များသည် ခရီးသွားလာခွင့်နှင့်ပတ်သက်၍ ကန့်သတ်ချက်များကို ကြုံတွေ့နေရပါသည်။ IDP စခန်းများမှ မွတ်စလင်များအနေဖြင့် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် အားလုံးနီးပါး ဆုံးရှုံးနေကြရပါသည်” လို့ ဖော်ပြထားပါတယ်။
ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့အတွက် မလှဖြူ စာသင်ပေးနေတဲ့ ကလေးတွေမှာပါ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒါ့အပြင် မလှဖြူအနေနဲ့ တက္ကသိုလ်မှာ ဆက်ပြီး လွတ်လွတ်လပ်လပ် ပညာသင်ယူခွင့်မှ ရှိနိုင်မလားဆိုတဲ့ စိုးရိမ်မှုကိုပါ ပေါ်ပေါက်လာစေပါတယ်။ တကယ်လို့ မလှဖြူမှာသာ နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိနေခဲ့ရင် (ဒါမှမဟုတ်) ခရီးသွားခွင့်လက်မှတ်ပုံစံ ၄ ကို မြန်မြန်ဆန်ဆန် အာဏာပိုင်တွေက ထုပ်ပေးခဲ့လျှင် ပညာလိုလားတဲ့ မိန်းကလေးတယောက် အကျဉ်းထောင်ထဲ ရောက်ရှိမှာမဟုတ်ပါဘူး။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦးဖြစ်သည်။)