နိုင်ငံတော်ရဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ဆန္ဒအလျှောက်ကူညီပံ့ပိုးလိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းတွေကို ပြန်လာဖို့ အတွက် ဖိတ်ခေါ်တဲ့စာကို ဂျီနီဗာမြို့မှာရှိတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးက ထုတ်ပြန်တဲ့အပေါ် အမြင်အမျိုးမျိုးနဲ့ အသံပေါင်းစုံ ဆူညံခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်ခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ၊ နိုင်ငံသားဟောင်းတွေကို တိုင်းပြည်ပြန်လာပြီး ကူညီပံ့ပိုးဖို့ ဖိတ်ခေါ်ခဲ့တဲ့အတွက်ကြောင့်မို့ ဂုဏ်သိက္ခာ ရှိစွာ အိမ်ပြန်မှုဆိုပြီး ကြိုဆိုစရာဖြစ်တယ်ဆိုပြီး ဝမ်းသာသူတွေလည်း ရှိပါတယ်။ တဖက်မှာလည်း ဒီလို ဖိတ်ခေါ်မှုပုံစံနဲ့ ပတ်သက်လို့ အားမလိုအားမရဖြစ်တဲ့ အသံလေးတွေလည်း ကြားရပါတယ်။
ဒီလိုမျိုးခေါ်တဲ့စာမျိုးက မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးက ထုတ်ပြန်တာမျိုးအစား၊ နိုင်ငံတော်အစိုးရက ထုတ်ပြန်တာ ပိုဖြစ်သင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံခေါင်းဆောင် တယောက်ယောက်က အလေးထားဖိတ်ခေါ်တဲ့ ပုံစံမျိုးဆို ပိုမိုကျေနပ်ဝမ်းမြောက်မှာကတော့ သေချာပါတယ်။ တချို့ကတော့ ဒီစာမှာ ရေးသားထားပုံက တိုင်းပြည်ကိုပြန်လာပြီး အလုပ်အကျွေး ပြုလိုတဲ့သူတွေ၊ ပညာအတွေ့အကြုံ ရှိတဲ့သူတွေကိုသာ ဖိတ်ခေါ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တိုင်းပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားပြီးတော့ ရောက်ရှိတဲ့နိုင်ငံတွေမှာ ပညာဗဟုသုတ လေ့လာခွင့်မရှိခဲ့တဲ့သူတွေကို လွှမ်းခြုံမှုမရှိဘူးလို့ ထောက်ပြနေပါတယ်။
ကျနော့်အနေနဲ့ကတော့ ဒီလိုမျိုးပြန်လာဖို့ ဖိတ်ခေါ်တဲ့ အပေါ်ကို ကြိုဆိုပါတယ်။ တိုင်းပြည်မှာ လုပ်ဆောင်စရာတွေ အများကြီး ရှိနေဆဲဖြစ်တဲ့အတွက် နိုင်ငံအသီးသီးရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လူသားရင်းမြစ်တွေနဲ့ ဉာဏ ရင်းမြစ်တွေကို ပြန်လည်အသုံးချနိုင်ဖို့ လိုအပ်လှပါတယ်။ ဒါပေမဲ့ ပြန်လာလုပ်ကိုင်ဖို့ ဖိတ်ကြားရုံ သက်သက်နဲ့တော့ အလုပ်မဖြစ်နိုင်ပါဘူး။ ပြန်ဖိတ်ခေါ်တဲ့အစိုးရအနေနဲ့ သတိပြု ပြင်ဆင်စရာတွေ ရှိတယ်ဆိုတာကိုလည်း ထောက်ပြချင်ပါတယ်။
ပထမဆုံး ပြင်ဆင်စဉ်းစားရမယ့် အချက်ကတော့ တိုင်းပြည်အတွက် ပြန်လာပြီး အလုပ်အကျွေး ပြုချင်တဲ့ နိုင်ငံသားဟောင်းတွေကို ဘယ်လိုပုံစံမျိုးနဲ့ ကြိုဆိုမှာလဲ၊ လက်ခံမှာလဲ ဆိုတာကို သေသေချာချာ ပြင်ဆင်ပြီးပြီလားဆိုတဲ့ အချက်ပါ။
တိုင်းပြည်ကို ပြန်လာပြီး အလုပ်အကျွေးပြု၊ အလုပ်လုပ်ဖို့အတွက် ဘယ်လို ဗီဇာမျိုးနဲ့လုပ်မှာလဲ၊ ဗီဇာအခက်အခဲ မရှိအောင် ဘယ်လိုမျိုး စီစဉ်ပေးမှာလဲဆိုတဲ့အချက်က ပထမဆုံး အချက် ဖြစ်ပါတယ်။ တခြားနိုင်ငံသားအဖြစ်မဟုတ်ဘဲ ခရီးသွားလာခွင့် (Travel Document) ပဲ ကိုင်ထားတဲ့သူတွေကို မြန်မာပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုတွေ ရှိနေဆဲကာလမှာ ပြန်လာမှာသူတွေအတွက် ပြည်ဝင်ခွင့်ကို အဆင်ပြေအောင် လုပ်ဆောင်ပေးမှသာ ဖြစ်ပါလိမ့်မယ်။
ပြန်လာမယ့် လူတွေနဲ့ ပတ်သက်လို့ ပြည်ဝင်ခွင့်ဗီဇာထက် ပိုမိုရှုပ်ထွေးတဲ့ကိစ္စတခု ကျန်ပါသေးတယ်။ တချို့လူတွေက ပြန်လာအလုပ်လုပ်ဖို့တင်မကဘဲ၊ တိုင်းပြည်မှာပြန်လည် အခြေချ နေထိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံသား အဖြစ် ပြန်လည်လျှောက်လိုတဲ့ သူများလည်းရှိနိုင်ပါတယ်။ အဲဒီလိုလူတွေကော နိုင်ငံသားအဖြစ် ပြန်ဖြစ်ဖို့ အတွက် အစိုးရအနေနဲ့ ဘယ်လိုအစီအစဉ်မျိုးနဲ့ စီစဉ်ဆောင်ရွက်ပေးမှာလဲ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှု ဥပဒေထဲမှာ နိုင်ငံသားတယောက်ကို နိုင်ငံသား အဖြစ်က ပယ်ဖျက်တာလွယ်ကူပေမဲ့ ပြန်လည်လျှောက်ထားမှုကို ဘယ်လိုမျိုးပုံစံနဲ့ လုပ်ဆောင်ရမလဲဆိုတာ တိတိကျကျ ပြဌာန်းထားတာ မရှိသလို၊ လုပ်ငန်းစဉ်ကလည်း ရှင်းရှင်းလင်းလင်းမရှိပါဘူး။
နိုင်ငံသားပြန်လျှောက်မှုဟာ နှစ်ပေါင်းများစွာ ကြာသွားနိုင်သလို၊ ရက်အနည်းငယ် အတွင်းမှာလည်း ဖြစ်သွားနိုင်တယ်။ အဲဒီတော့ နိုင်ငံသားအဖြစ်ပြန်လည်လျှောက်ထားပြီး တိုင်းပြည်ကို ပြန်လည်အလုပ်အကျွေးပြုချင်တဲ့ သူမျိုးဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ နိုင်ငံသားပြန်ပေးမလဲ၊ ဘယ်လိုမျိုး အဆင်ပြေအောင် လုပ်ဆောင်မလဲဆိုတာကိုသိရှိမှ ရှင်းလင်းလွယ်ကူမှာဖြစ်ပါတယ်။
နောက်ထပ်တခုကတော့ အစိုးရက ဖိတ်ခေါ်သည့်တိုင်အောင် အစိုးရရဲ့ ယန္တရားမှာ လက်ရှိ အချိန်အထိ ပါဝင်နေတဲ့ သူတွေအနေနဲ့ ပြည်ပအတွေ့အကြုံတွေ၊ နိုင်ငံတကာ အတွေ့အကြုံတွေရှိတဲ့ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ မြန်မာနိုင်ငံသားတွေကို ဘယ်လိုမျိုးနည်းနဲ့ ကြိုဆိုကြမှာလဲ၊ လက်ခံကြမှာလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။
လက်ရှိအစိုးရအနေနဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ တက်လာခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းပြောင်းလဲမှုကို ဖော်ဆောင်တဲ့အခါမှာတော့ အရင်အစိုးရရဲ့ ယန္တရားဟောင်းရဲ့ ဘက်တော်သားတွေက ပြောင်းလဲမှုကို လက်မခံဘဲ နည်းအမျိုးမျိုးနဲ့ ငြင်းဆန်ခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်။ ပြောင်းလဲမှု အရှိန်အဟုန်ကို အားနည်းချို့တဲ့အောင် လုပ်ဆောင်မှုအမျိုးမျိုးကို လုပ်ဆောင်နေခဲ့တာ၊ လုပ်ဆောင်နေဆဲဖြစ်တာ သိကြမှာပါ။ အခုလက်ရှိ အစိုးရ ကြုံတွေ့နေရသလို ဝန်ကြီးကပြောတဲ့ အချက်တွေကို ဝန်ကြီးဌာနက မလိုက်နာတာ၊ အကောင်အထည် မဖော်တာတွေ ရှိနေဆဲပါ။
တကယ်လို့များနိုင်ငံတကာရဲ့ အတွေ့အကြုံနဲ့ နိုင်ငံတကာရဲ့ အမြင်တွေကို သယ်ဆောင်လာပြီး တိုင်းပြည်ကိုအကျိုးပြု လုပ်မယ့်သူတွေ ရှိတဲ့တိုင်အောင် ဒီယန္တရားဟောင်းက လူတွေက ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆတွေ၊ ပြောင်းလဲမှုကို လက်မခံတဲ့ စိတ်ထားတွေရှိရင် ပြောင်းလဲမှုကို ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။
ပညာတွေ ဘယ်လောက်တတ်တတ်၊ အတွေ့အကြုံတွေ ဘယ်လောက်ပဲရှိရှိ ပြန်လာသူတွေအနေနဲ့လည်း တိုင်းပြည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုမှ ကူညီဖန်တီးနိုင်မှာလည်း မဟုတ်ပါဘူး။
ပြန်လာမယ့်သူများဘက်ကလည်း သတိထားဖို့အချက်တွေရှိပါတယ်။ ကျနော်တို့တိုင်းပြည်က ယခုအချိန်ထိ အခက်အခဲမျိုးစုံ ကြုံတွေ့နေရလို့ပါပဲ။ ပြီးပြည့်စုံပြီးတော့ နိဗ္ဗာန်ဘုံလိုမျိုး အရာရာပြည့်စုံတဲ့ရွှေခေတ်ကို မရောက်သေးပါဘူး။ ပြန်လာပြီး အလုပ်အကျွေးပြုလိုတဲ့ဘက်ကရော ဒီလိုအခြေအနေမျိုးမှာ ကြုံတွေ့ရမယ့် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား၊ တိုင်းပြည်ကောင်းကျိုးအတွက် အချိန်ကာလတခုကို ဖြတ်သန်းကျော်လွှားဖို့အတွက် အဆင်သင့်ဖြစ်ပြီလား ဆိုတဲ့ အချက်ဟာလည်း အရေးကြီးလှပါတယ်။
ပြန်လာတဲ့သူတွေအနေနဲ့ ငါသာတတ်တယ်၊ ငါသာပညာရှင်ဆိုတဲ့ ပုံစံနဲ့ မဆက်ဆံဖို့ အရေးကြီးလှတဲ့အချက် တချက်ဖြစ်ပါတယ်။ ငါသိငါတတ်ဆိုတဲ့ပုံစံနဲ့ လက်တွေနဲ့ကင်းကွာနေမယ်၊ ကိုယ့်ကိုသာ ကျေးဇူးရှင်လိုသတ်မှတ်ပြီး ကျန်တဲ့သူတွေ အားလုံးကို အထင်သေးတဲ့ပုံစံမျိုး ဖြစ်လို့ရှိရင်လည်း ဘယ်လိုမှ လက်တွေ့မှာ လုပ်ဆောင်လို့ မရနိုင်လောက်ပါဘူး။
ပြန်လာတဲ့သူတွေ၊ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးပြုနိုင်ဖို့နဲ့ ပြန်လာသူတွေကို တန်ဖိုးရှိရှိ လက်ခံနိုင်ဖို့အတွက် နားလည်မှုကို နှစ်ဖက်စလုံးက တည်ဆောက်ဖို့လိုအပ်သလို တိုင်းပြည်ကောင်းကျိုးကို ရှေ့ရှုလုပ်ဆောင်ဖို့ လိုအပ်လှပါတယ်။
(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)
You may also like these stories:
လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ညှင်းပမ်းမှုကို လက်ခံသလား
ကလေးသူငယ်အခွင့်အရေးဥပဒေ မူကြမ်းထဲက ကလေးမွေးစားခြင်း