ပတ္တမြားမြေဟု လူသိများထင်ရှားသည့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ မဏိမင်္ဂလာ ရတနာဈေးမှာ မိုးကုတ်မြို့လယ်ရှိ မိုးကုတ်အင်းနံဘေးတွင် တည်ရှိပြီး မိုးကုတ်ဒေသမှထွက်ရှိသည့် ပတ္တမြား၊ ပယင်း၊ မြ၊ နီလာ၊ ဥဿဖရား၊ ဂေါ်မုတ်၊ ကြောင်စသည့် ကျောက်မျက်ရတနာများကို တနှစ်ပတ်လုံး ရောင်းချနေသည့် ရတနာဈေးတစ်ခုဖြစ်သည်။
မိုးကုတ်မြို့မှ ရတနာကုန်သည်များမှာ နံနက် ၇ နာရီအချိန်မှ စတင်၍ မဏီမင်္ဂလာ ရတနာဈေးတွင် မိမိတို့၏ရတနာပစ္စည်းများကို တည်ခင်းရောင်းချလေ့ရှိပြီး မိုးကုတ်မြို့သို့ လာရောက်ကြသည့် ပြည်တွင်းပြည်ပ ဧည့်သည်များနှင့် မိုးကုတ်ဒေသမှ ရတနာ ကုန်သည်များ လာရောက်ဝယ်ယူလေ့ရှိကြောင်း သိရသည်။