[irrawaddy_gallery]
မြန်မာနိုင်ငံရှိ ကိုလိုနီခေတ် အဆောက်အအုံများအနက် ဝိတိုရိယ ဘုရင်မကြီး လက်ထက်တွင် ဆောက်လုပ်ခဲ့သော ခန့်ညားထည်ဝါသည့် စုပေါင်းရုံးကြီး ဖြစ်ပြီး ရန်ကုန် မြို့လည်ခေါင်၌ သံဆူးကြိုးဖြင့် ကာရံထားသည့် အတွင်းဝန်ရုံးသည် သမိုင်းကြောင်းအရ အလွန် အရေးပါသည်။
သိမ်ဖြူလမ်း အမှတ် ၃၀၀ ၌ တည်ရှိသည့် အနီရောင် အဆောက်အဦကြီးအား ကိုလိုနီခေတ်နှင့် လွတ်လပ်ရေး ရပြီးချိန်တွင် အင်္ဂလိပ်- မြန်မာ အစိုးရများ ရုံးထိုင်သည့် ဌာနချုပ်အဖြစ် အသုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခါနီး အချိန် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖေါ်ကိုင်ဖက်များ လုပ်ကြံခံရ သည့် နေရာသည်လည်း ဤ အဆောက် အဦးကြီး အတွင်း၌ ရှိနေသည်။ ၁၉၈၈ ခုနှစ်ထိ မြန်မာအစိုးရအရာရှိများ လုပ်ငန်း တာဝန်ဆောင်ရွက်ခဲ့ကြသည့် နေရာသည်လည်း ဤအဆောက်အဦကြီး ဖြစ်ပါသည်။
“အတွင်းဝန်ရုံးဟာ မြန်မာ့သမိုင်းမှာ အလွန်အရေးပါတဲ့ အဆောက်အဦးကြီး ပါ” ဟု ရန်ကုန် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ကို တည်ထောင်သူ ထင်ရှားသော သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ပြောဆိုသည်။ ရန်ကုန်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့သည် အစိုးရမဟုတ်သော အဖွဲ့အစည်း တခုဖြစ်ပြီး နိုင်ငံအတွင်းရှိ သက်တမ်းရာချီနေသည့် ဗိသုကာလက်ရာ အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ “ဒီ အဆောက်အဦကြီးဟာ အာရှတိုက်မှာရှိတဲ့ အလှဆုံး အဆောက်အဦတွေထဲက တခုပါ” ဟု ဦးသန့်မြင့်ဦးက ပြောဆိုသည်။
ယင်းသို့ သမိုင်းတန်ဖိုး မြင့်မားလှသော အဆောက်အဦ ဝင်းကြီးအတွင်းသို့ လှည့်လည်ကြည့်ရှုရန် ဧရာဝတီက အခွင့်ရခဲ့ပါသည်။
ပျင်းရိနေသော ဘီလူးကြီး
ဂိတ်မကြီးမှ ဝင်ဝင်ခြင်း အတွင်းဝန်ရုံး၏ ပင်မမုခ်ဦးတွင် ပျက်စီးနေသော နာရီစင်တခု တွေ့သည်။ ထိုနာရီစင် ရှိနေသည့် အတွင်းဝန်ရုံးကြီးသည် အနာဂတ် ကာလတွင် အလျှင်အမြန် ပြောင်းလဲလာတော့မည့် မြို့တော်ကြီး၊ အသစ်ကျပ်ချွတ်တင်သွင်းထားသည့် အလန်းစား ကားများ လမ်းပေါ်၌ ပြေးလွှားနေသည့် မြို့တော်ကြီး ကို ပျင်းရိငြီးငွေ့စွာ ထိုင်ငေးနေသည့် နဖူးအလယ် တည့်တည့်တွင် မျက်လုံး တလုံးတည်းသာ ရှိသော ဘီလူးကြီး တကောင်နှင့်ပင် ဆင်တူနေသေးတော့သည်။
သမိုင်းကြောင်း အရ အရေးပါသည့် သက်တမ်းအနှစ် ၁၂၀ ရှိပြီဖြစ်သော ဤ အတွင်းဝန်ရုံးကြီး အခြေအနေ ဆိုးဝါးနေပြီ ဖြစ်သည်။ မြေအကျယ် ၁၆ ဧက ပေါ်၌ နေရာယူ တည်ဆောက်ထားသည့် ဤ စုပေါင်းရုံးကြီးသည် နွယ်ပင်များ ပေါက်ရောက် ဖုံးအုပ်နေသည်ကို တွေ့ရ၏။ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဒါဏ်၊ ရာသီဥတုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု မရှိ စည်းမဲ့ကမ်းမဲ့ ဖြစ်သလို ပစ်ထားသည့် ဒါဏ်တို့ကြောင့် အဆောက်အဦ အချို့ ဟောင်းနွမ်းဆွေးမြေ့ ပြိုကျပျက်စီးနေပြီဖြစ်သည်။
သို့ရာတွင် နှစ်ပေါင်း ၅၀ နီးပါး အထီးကျန်နေထိုင်ခဲ့ပြီး မကြာမီကမှ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် တံခါးပြန်ဖွင့်ခဲ့ခြင်းက အတွင်းဝန်ရုံးကြီးကို ပြန်လည်နိုးထ ရှင်သန်လာစေရန် အကြောင်းဖန်စေခဲ့သည်။
ပြန်လည်လှုပ်ရှားလာပြီ
ရုံးကြီး၏ အဆောက်အဦ အားလုံးကို အစိုးရများ အဆက်ဆက်က ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့သဖြင့် ယခုအခါ ဤပရဝုဏ်ကြီးသည် ကမ္ဘာပေါ်၌ ပြုပြင်ထိန်းသိမ်းရန် အလိုအပ်ဆုံးသော ရုပ်ပုံလွှာတခု ဖြစ်လာသည်။
ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ဤအမွေအနှစ် အဆောက်အဦကြီးကို ဦးသိန်းစိန်ဦးစီးသော အရပ်သားအမည်ခံ အစိုးရတက်လာသည့် ၂၀၁၁ ခု နောက်ပိုင်းကာလ ကမ္ဘာလှည့် ခရီးသွား အများအပြား ဝင်ရောက်လာခဲ့ကြသောအခါ မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေး အဖွဲ့က ဟိုတယ်အဖြစ် ပြောင်းလဲပစ်ရန် စိတ်ကူးခဲ့ကြသည်။ သို့ရာတွင် ဤအကြံအစည်ကို ပြည်သူလူထုက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
ယခုအချိန်တွင်မူ အတွင်းဝန်ရုံးကြီးသည် မြန်မာ့ဂုဏ်ဆောင်မည့် အဆောက်အဦကြီးအဖြစ် ဒုတိယအကြိမ် ပြန်လည် ထွန်းပြောင်လာနိုင်မည့် အခါကောင်းကို ကြုံတွေ့လာရပြီ ဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပန်းချီပညာရှင်ူများနှင့် အနုပညာလက်ရာ စုဆောင်းသူများ စုပေါင်း ဖွဲ့စည်း ထားသည့် အဖွဲ့တဖွဲ့ကို လုပ်ပိုင်ခွင့် ချထားပေးခဲ့သည်။ အဆိုပါအဖွဲ့၏ တာဝန်မှာ အဆောက်အဦကြီး၏ ဗိသုကာ အမွေ အနှစ်များကို ထိန်းသိမ်းပြုပြင်ပြီး ရေရှည်တွင် သမိုင်းပြတိုက်နှင့် အနုပညာ ဗဟိုဌာနအဖြစ် ဖွင့်လှစ်သွားရန် ဖြစ်သည်။
သမိုင်းကြောင်းအရ အရေးပါပြီး ဗိသုကာအရ ပညာတန်ဖိုး ကြီးမားလှသည့် ဤကိုလိုနီခေတ် အဆောက်အဦး ကြီးအား “အနော်မာ” အဖွဲ့က ညွှန်ကြားရေးမှူး ဒေါ်လဲ့ရီစိုးက “ အနုပညာ သမိုင်းပြတိုက်နဲ့ စာကြည့်တိုက် တွဲဖွင့်မယ်၊ နောက်ပြီး ရိုးရာလက်လုပ် အနုပညာ လုပ်ငန်းတွေပါ စုစုစည်းစည်းနဲ့ ကြည့်ရှုဝယ်ယူနိုင်တဲ့ နေရာအဖြစ် လုပ်မယ်လို့ စိတ်ကူးထား တယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
အမေ့ခံနှစ်များ
အတွင်းဝန်ရုံးကြီးသည် ၁၉၆၂ ခုနှစ်တွက် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဝန်ကြီးများရုံး ဖြစ်လာခဲ့ပြန်သည်။ ၂၀၀၅ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သော စစ်အစိုးရက နိုင်ငံတော် အုပ်ချုပ်ရေး မြို့တော်အဖြစ် ရန်ကုန်မြို့မြောက်ဘက် မိုင် ၂၀၀ အကွာ တွင် နေပြည်တော် အမည်ပေးထားသော မြို့တော်သစ်သို့ ပြောင်းရွှေ့သည့်အထိ ဝန်ကြီးများရုံးအဖြစ် တည်ရှိနေခဲ့သည်။
ရန်ကုန်မြို့တော်၏ ရှေးဟောင်း အမွေအနှစ် စာရင်းတွင် ဤ စုပေါင်းရုံးကြီးအား လွန်ခဲ့သော ၁၅ နှစ်ကျော် ကတည်းက ထည့်သွင်း သတ်မှတ်ခဲ့သော်လည်း မည်သူကမျှ ဂရုစိုက်ခြင်း မရှိဘဲ လျစ်လျူရှု ခဲ့ကြသည်။ ဤအဆောက်အဦကြီးကို အနော်မာအဖွဲ့ကို လွှဲပြောင်းပေး သည့် ၂၀၁၂ ခုနှစ် အထိ လုံခြုံရေး ရဲတပ်ဖွဲ့များ စခန်းချသည့် တပ်စခန်းအဖြစ် အသုံးပြုခဲ့ကြရာ ထမင်း ဟင်း ချက်ရာတွင်၎င်း၊ ဆောင်းတွင်း မီးပုံရှို့ရာတွင်၎င်း သစ်သားချောင်းများကို ချိုးဖျက် သုံးယူခဲ့ကြကြောင်း သိရှိရသည်။
အမွေအနှစ်မို့
ရုံးကြီး၏ အနောက်ဘက်ခြမ်း ဝင်ပေါက်မကြီး အနီးတွင် သမိုင်းဝင် သစ်သားလှေခါး တခုရှိသည်။ လွန်ခဲ့သော ၆၆ နှစ်က လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းအား လာရောက်လုပ်ကြံကြသော လူသတ်သမားများ ထိုလှေခါးမှ တက်လာခဲ့ကြသည်။ လှေခါးထိပ်နှင့် မဝေးသော အခန်းတခန်းအတွင်း မြန်မာ့လွတ်လပ်ရေး ခေတ်ကြိုအစိုးရအဖွဲ့ဝင်များ အစည်းအဝေးထိုင်နေရာ မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ရာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူနှင့်အတူ လွတ်လပ်ရေးခေါင်းဆောင်များ ကျဆုံးခဲ့ရသည်။
ထို အခန်းသည် ဆယ်စုနှစ် ၆ ခု အတွင်း၌ များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နိုင်ငံရေးသမားများအတွက် စားပွဲ၊ ကုလားထိုင်များနှင့် ရုံးခန်းအဖြစ် အသုံးပြုခဲ့သည့် ဤအခန်းကို ဘုရားခန်း အဖြစ် ပြောင်းလဲထားသည်ကို တွေ့ရ၏။ သမိုင်းတွင် ကြေကွဲစရာ ဖြစ်ပျက်ခဲ့သည့် ဤအခန်း၌ အဆိုပါ ဖြစ်ရပ်အား သတိရစရာအဖြစ် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံ တပုံသာ ရှိတော့သည်။
သမိုင်းဝင်အခန်းကို ဘုရားခန်း အဖြစ် ပြောင်းလိုက်ခြင်းသည် မြန်မာ့ထုံးတမ်းစဉ်လာ ယုံကြည်စွဲလမ်းမှုဖြစ်သော ကျဆုံးသူများ၏ ဝိညာဉ်များ ကျွတ်လွတ်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်နိုင်သော်လည်း သမိုင်းဆိုင်ရာ အငွေ့အသက်များကား လုံးဝ ကွယ်ပျောက်လျှက်ရှိသည်။
ထိန်းသိမ်းစောင့်ရှောက်မှုမဲ့ ရုံးကြီး၏ ပြိုပျက်နေသည့် မျက်နှာကျက်အောက် လမ်းလျှောက်သွားမည်ဆိုပါက အနံ့အသက် မကောင်းသော အုတ်ကျိုး အုတ်ပဲ့များ၊ ဆွေးမြည့်နေသည့် သစ်တိုသစ်စများက စိတ်မချမ်းမြေ့ဖွယ်ရာ ဆီးကြိုနေသည်။ ကော်ရစ်ဒါ တလျှောက်မှာလည်း ခိုချေးများ အနှံ့။ ဆွေးမြေ့နေသော သစ်သားလှေကားများကလည်း ဖုံအလိမ်းလိမ်းနှင့်။
မျှော်
ပေါင်းမြက်များ ထူနေသည့် ရုံးဝင်းအလည်၌ တထပ် အဆောက်အဦ တခုရှိသည်။ ဤအဆောက်အဦးငယ်သည် မြန်မာနိုင်ငံ၏ ပါလီမန်ဖြစ်ခဲ့သည်။ နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦးနှင့် ယှဉ်ပါက တဲငယ်တလုံးမျှသာ ဖြစ်နေသည် ဟု ဆိုရမည်။
“ရုံးကြီးရဲ့ တောင်ဘက် အဆောင်ကို စပြင်ဖို့ ကျမတို့ အနော်မာအဖွဲ့က စီစဉ်ထားပါတယ်။ အခု လောလောဆယ်မှာ တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ရဲ့ အတည်ပြုချက်ကို ကျမတို့ စောင့်နေပါတယ်” ဟု ဒေါ်လဲ့ရီစိုးက ပြောဆိုသည်။ ပြုပြင်ထိန်းသိမ်းရေး ပထမအဆင့် အဖြစ် ရုံးကြီး၏ တောင်ဘက်အဆောင်၊ ပါလီမန် အဆောက်အဦနှင့် အခြားအဆောင် ၂ ခုကို ပြင်ဆင်ရန် အချိန် ၁ နှစ်ခွဲခန့် ယူရမည် ဟု သူက ပြောဆိုသည်။
ထို့ပြင် ရန်ကုန် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့နှင့်လည်း ပူးပေါင်း ဆောင်ရွက်မည်ဟု သိရသည်။ “နိုင်ငံတကာက ပညာရှင်တွေကို ကျနော်တို့ အကူအညီ တောင်းရမယ်၊ မြန်မာနိုင်ငံက ကျွမ်းကျင်သူတွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ အရာရှိ အရာခံ တွေရဲ့ စွမ်းရည်တွေကို အခြေခံရယူပြီး အနော်မာအဖွဲ့ရယ် တခြားအဖွဲ့တွေနဲ့ အနီးကပ် ညှိနှိုင်း တိုင်ပင် လုပ်ကိုင်သွားမှာပါ” ဟု ဦးသန့်မြင့်ဦးက ယခုနှစ် ဇန်နဝါရီလ နှောင်းပိုင်း၌ ပြောဆိုသည်။
စီမံကိန်းသည် တဆင့်ပြီးတဆင့် ဆောင်ရွက်ရသည့် လုပ်ငန်း ဖြစ်ခြင်းကြောင့် ပြတိုက်နှင့် အနုပညာ ဗဟိုဌာန ဖွင့်လှစ်မည့် နေ့ရက်ကို အတိအကျ မပြောနိုင်သေးသော်လည်း ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်မှန်းထားကြောင်း ဒေါ်လဲ့ရီစိုးက ဆိုသည်။ “ကျမတို့ရဲ့ ပထမ ဦးစားပေးလုပ်ငန်းက ပြတိုက်ဖွင့်နိုင်ဖို့ပါ။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်း ရုံးခန်းပါမယ်၊ ဗိုလ်ချုပ် လုပ်ကြံ ခံခဲ့ရတဲ့ အခန်းပါမယ်။ ဗိုလ်ချုပ် ရုံးခန်းနဲ့ ဗိုလ်ချုပ် လုပ်ကြံခံခဲ့ ရတဲ့ အခန်းကို နဂိုမူလ အခြေအနေ အတိုင်းဖြစ်အောင် ကျမတို့ ပြန်ပြင်မယ်၊ ပြီးရင် ထိန်းသိမ်း စောင့်ရှောက်မယ်၊ ပြခန်းကို နောက်နှစ်မှာ ဖွင့်နိုင်မယ်လို့ ကျမတို့ မျှော်လင့်ထား ပါတယ်” ဟု ဒေါ်လဲ့ရည်စိုးက ပြောဆိုသည်။
၂၀၁၃ ဧပြီ ၁၉ ရက်နေ့က ဖော်ပြခဲ့သည့် “အသက်ပြန်ဝင်လာမည့် အတွင်းဝန်ရုံးကြီး” ဆောင်းပါးကို ၆၆ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။