သဘာ၀ သယံဇာတ ကြီးကြပ်ရေးအဖွဲ့ (NRGI) ကထုတ်ပြန်သော အစီရင်ခံစာတခုတွင် မြန်မာအစိုးရအနေဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးရန် တောင်းဆိုလိုက်ပြီး အဆိုပါ လုပ်ငန်းများကို စောင့်ကြည့်မှု မရှိသည့် အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ယခုအတပတ်တွင် ထုတ်ပြန်ခဲ့သည့် NRGI၏ Gilded Gatekeepers (အခွင့်ထူးခံ တံခါးမှူးများ) အမည်ရှိ အစီရင်ခံစာ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍမှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အထူးသဖြင့် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) တို့ကို့ အလေးပေး ဖော်ပြထားပါသည်။
MOGE သည် မြန်မာနိုင်ငံတွင် ရေနံ၊ ဓာတ်ငွေ့ ထုတ်ယူမည့် ကုမ္မဏီများအားလုံးက မဖြစ်မနေ ဖက်စပ်လုပ်ကိုင်ရမည့် အဖွဲ့ အစည်း ဖြစ်သည်။ ထို့ကြောင့် အကျိုးအမြတ် အများအပြားကို အစိုးရ ကိုယ်စား ရရှိနေသည်။ ၂၀၁၂-၁၃ ဘဏ္ဍာရေး နှစ် တွင် အစိုးရ ၏ စုစုပေါင်း ဝင်ငွေ ၏ ၁၆ ရာခိုင်နှုန်းကို ရရှိနေကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
ထူးဆန်းသည်မှာ MOGE မှ ဝင်ငွေသည် အစိုးရ အသုံးစရိတ်၏ ၁၀ရာခိုင်နှုန်းရှိပါသည်။ ထို့ကြောင့် NRGI၏ အစီရင်ခံစာ တွင် MOGE ကဲ့သို့ ှSEE များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ၎င်းတို့ကို ထိန်းသိမ်းခွင့်၊ အသုံးပြုခွင့် ပေးထား သည့် ငွေကြေး ပမာဏအများအပြားတို့ကြား ဆက်စပ်မှုမှာလည်း တိတိကျကျ မရှိကြောင်း ဖော်ပြထားပါသည်။
ထို့ပြင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများသည် ၎င်းတို့ရရှိသည့် အမြတ်ငွေအားလုံးကို အစိုးရသို့ လွဲပြောင်းပေးအပ်ရန် မလိုဘဲ အခြားငွေစာရင်းများသို့ ထည့်သွင်းခွင့် ရရှိထားသည်။ သယံဇာတ ထုတ်ယူရေး ပွင့် လင်းမြင်သာမှုအဖွဲ့ (EITI) ၏ အစီရင်ခံစာအရ ၂၀၁၃ ၁၄ ဘဏ္ဍာရေးနှစ်တွင် MOGE တခုတည်းပင်လျင် သီးသန့် ငွေစာရင်းထဲသို့ အမေရိကန်ဒေါ်လာ ၁ ဒဿမ၄ ဘီလီယံ နီးပါး ထည့်သွင်းစုဆောင်းနိုင်ခဲ့သည်ဟု သိရသည်။
အစီရင်ခံစာကို ပူးတွဲရေး သားသူ ဖြစ်သည့် NRGI ၏ စီးပွားရေးစီမံကိန်းများဆိုင်ရာ ဒါရိုက်တာ Patrick Heller က NRGI ဝက်ဆိုဒ်၌ ရေးသားခဲ့သော ဆောင်းပါးတွင် MOGE အနေဖြင့့် နှစ်ပေါင်းများစွာအတွင်း ၎င်းတို့၏ ကိုယ်ပိုင် ဘဏ် စာရင်း တွင် ငွေကြေးအမြောက်အမြားကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ရေးသားခဲ့ပြီး Myanmar Times ကလည်း အဆိုပါ ဆောင်းပါးကို ဖော်ပြ ခဲ့သည်။
အဆိုပါ ဆောင်းပါတွင် “နှစ်ပေါင်းများစွာ အတွင်း MOGE က တခြားငွေစာရင်းတွေမှာ စုဆောင်းခဲ့တဲ့ စုစုပေါင်းဝင်ငွေ ပမာ ဏ ကို မသိရသေးပါဘူး။” ဟု သူက ရေးသားခဲ့သည်။ နိုင်ငံပိုင် ကုမ္မဏီများ၏ စီမံခန့်ခွဲမှု အပေါ် ပုံမှန် ထိန်းချုပ်ခြင်း အား နည်း ခဲ့သည်ဟုလည်း မှတ်ချက်ချခဲ့သည်။
“အဲဒီငွေတွေနဲ့ MOGE က ဘာလုပ်နေသလဲဆိုတာကို ကျနော်တို့ မသိပါဘူး။ ငွေစာရင်း တခုထဲမှာ ဒီတိုင်းပဲ ထားသလား၊ တခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ အသုံးပြုနေသလား” ဟု သူက မေးခွန်းထုတ်ခဲ့သည်။
—————————————————————–
အမြင်ကောင်းဖို့ အေးရှားဝေါလ် စလုပ်နေပြီ
မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်နွယ်မှု သံသယများကြောင့် အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ပင်တားမြစ်ထားသည့် စာရင်းတွင် ပါဝင်သော Asia World ကုမ္မဏီက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းပုံရိပ် ကို ပြန်လည်မြှင့်တင့်ရန် ပြင် ဆင် တည်ဆောက်မှုများ ပြုလုပ်နေပါသည်။
Asia World ကုမ္မဏီက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်ချောမွေ့မှုရှိစေရန် လုပ်ငန်းကဏ္ဍအချို့ကို လျှော့ ချ၍ အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် ပိုင်ဆိုင်မှု စသည့် ကဏ္ဍ ၃ မျိုးကို အလေးပေး၍ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ယခုအပတ်အတွင်းတွင် ပြောခဲ့သည်။
Asia World က ပြန်လည်ရုပ်သိမ်းနေသော စီးပွားရေး လုပ်ငန်းများသည် ၎င်းကုမ္ပဏီ၏ အမြင်သာဆုံးနှင့် အညင်းပွား ဖွယ်ရာ အဖြစ်ဆုံး လုပ်ငန်းများ ဖြစ်သဖြင့် ပုံရိပ်ကို ပြန်လည်ပြင်ဆင်နေခြင်း၏ တစိတ်တပိုင်း ဖြစ်နိုင်သည်ဟု ယူဆနေ ကြသည်။ လျှို့ဝှက်မှုများကြောင့် နာမည်ဆိုးဖြင့် သိကြသည့် ကုမ္ပဏီက ၎င်းတို့၏ ဝက်ဘ်ဆိုက်ကို မကြာသေးမီက အလုံး စုံ ပြန်လည်ပြင်ဆင်ခဲ့သလို ကုမ္ပဏီ၏ လူ့အခွင့် အရေးဆိုင်ရာ မူဝါဒကို ဖော်ပြသည့် ရှည်လျားသော မှတ်တမ်းတခုကို လည်းဖြည့် စွက်ခဲ့သည်။ ယခင်က ထုတ်ပြန်ပေးခြင်းမရှိသည့် e-mail လိပ်စာများကိုလည်း မီဒီယာများ စုံစမ်းမေးမြန်း ရန် အတွက် ဖော်ပြပေးခဲ့သည်။
Asia World ကုမ္မဏီကို လော်စစ်ဟန် ၏သားဖြစ်သူ ဦးထွန်းမြင့်နိုင်(ခေါ်) စတီဗင်လော ကဦးဆောင်ပါသည်။ အမေရိကန် က ရှမ်းပြည်နယ်မှ မူးယစ်ရာဇာဟု သတ်မှတ်ခြင်းခံရသည့် လော်စစ် ဟန် သည် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် အ ဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ သ့ိုသော်လည်း အေးရှားဝေါလ်ကုမ္မဏီက ၎င်းတို့၏အောင်မြင်မှုသည် လော်စစ်ဟန်၏ ငွေကြေးနှင့် မသက်ဆိုင်ကြောင်း ငြင်းပယ်ထားခဲ့သည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Asia World၏ ကြေညာချက်တခုအရ အဝေးပြေးလမ်းများတွင် လမ်းကြေး ကောက်ခံသည့် လုပ်ငန်းမှ လုံးလုံးလျားလျား ထွက်ခွာခဲ့ပြီး ရန်ကုန်တွင် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက် ရုံ တည်ဆောက်မည့် အစီအစဉ်ကိုလည်း စွန့်လွှတ်ခဲ့သည်။ Green Luck နာမည်ဖြင့် လုပ်ကိုင်နေသည့် ဓာတ်ဆီဆိုင် လုပ်ငန်း ကိုလည်း ဖျက်သိမ်းခဲ့သည်။
ထူးခြားသည်မှာ ကျောက်စိမ်း လုပ်ငန်း ကဏ္ဍမှလည်း လုံး၀ ထွက်ခွာခဲ့ပြီဟု Asia World က ပြောခဲ့ခြင်း ဖြစ်သည်။ ဒေသ တွင်း ကျောက်တူးသမားများအတွက် အန္တရာယ် ကြုံတွေ့နေရခြင်း၊ အာဏာပိုင်များ၏ အကျင့်ပျက် ခြစား မှု စွပ်စွဲမှုများ နှင့် ကချင်ပြည်နယ်မှ ပြည်တွင်းစစ်ကို ကျောက်စိမ်း လုပ်ငန်းက မီးထိုးပေးနေသည် ဆိုသည့် ယူဆချက် များကြောင့် လက်ရှိ အချိန်တွင်ကျောက်စိမ်း လုပ် ငန်း အပေါ် ဂရုတစိုက် စောင့်ကြည့်မှုများ ရှိနေသည်။
Asia World ကုမ္မဏီက ဖားကန့်ဒေသတွင် ရတနာတောင်တန်း အမည်ရှိ ကုမ္ပဏီ တခုမှ တဆင့် ပါဝင်ပတ်သက်ခဲ့သည်။ ကျောက်စိမ်းကုမ္မဏီဖြစ်သော ရတနာတကောင်းတွင်လည်း ပါဝင်ပတ်သတ်မှုရှိသည်။ ပြီးခဲ့သည့်နှစ်က ထုတ်ပြန် ခဲ့သော အင်္ဂလန် အခြေစိုက် Global Witness ၏ အစီရင်ခံစာအရ မြန်မာ့တပ်မတော်နှင့် KIOမှ ထိပ်တန်း အဖွဲ့ ဝင်တယောက်တို့ လည်း ကုမ္ပဏီ နှင့် ပတ်သက်မှုရှိသည်ဟု သိရသည်။
အဆိုပါ Asia World၏ ထုတ်ပြန် ကြေညာချက်တွင် စီးပွားရေးကို နိုင်ငံတကာအဆင့်မြင့်ရန် ဆန္ဒရှိကြောင်း ကုမ္မဏီ၏ ဥက္ကဌနှင့် မန်နေးဂျင်းဒါရိုက်တာ စတီဗင်လောက ပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။
“Asia World ကုမ္ပဏီက မြန်မာပြည်သူတွေနဲ့ တိုင်းပြည်ရဲ့ အနာဂါတ်အတွက် အမြဲတမ်းပါဝင်ပေးသွားနိုင်ဖို့ ခိုင်ခိုင်မာမာ ယုံကြည်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက ကျတဲ့ နေရာ က ပါဝင် သွားမယ်ဆိုတာ ထပ်လောင်းကတိပြုပါတယ်” ဟု သူကပြောသည်။
“ကျနော်တို့က စီးပွားရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာ အခြေခံ အဆောက်အဦး၊ စွမ်းအင်နဲ့ ပိုင်ဆိုင်မှု စီမံကိန်းတွေ ကို အလေးပေးပြီး ဆောင်ရွက်ခဲ့ပါတယ်။ အရည်အသွေးနဲ့ လုပ်ငန်းထိရောက်မှုဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက် ညီတဲ့ စီမံကိန်းတွေ ကျနော်တို့ ပိုပြီးတော့ ဆောင်ရွက်နိုင်အောင် ဒီနည်းဗျူဟာက အထောက်အကူဖြစ်လိမ့်မယ် လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်က ဆိုသည်။
———————————————————
စတုတ္ထမြောက် လိုင်စင်ရ တယ်လီဖုန်းကုမ္ပဏီမှာ နိုင်ငံခြားကလည်း ပါဝင်ချင်
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးရေး အတွက် ပြည်တွင်း ကုမ္ပဏီ ၁၁ ခုနှင့် ဖွဲ့စည်းထားသည့် အုပ်စုတခုနှင့် ပူး ပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားနေသော နိုင်ငံခြား ကုမ္ပဏီ ၇ ခုရှိသည်ဟု ရိုက်တာ သတင်းတပုဒ်ကဆိုသည်။
လုပ်ကိုင်ခွင့် ၁၅ နှစ် သက်တမ်းဖြင့် ချထားပေးမည့် အဆိုပါ လုပ်ငန်းလိုင်စင်သည် မြန်မာနိုင်ငံတွင် တတိယမြောက် အနေ ဖြင့် ပုဂ္ဂလိက သို့ ချထားပေးခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ်မှ စ၍ မြန်မာနိုင်ငံတွင် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီနှင့် နော်ဝေနိုင်ငံမှ Telenor ကုမ္ပဏီတို့က မိုဘိုင်းဖုန်း ဝန်ဆောင်မှုများ စတင်လုပ်ကိုင်ခဲ့ကြသည်။ ယခင်က တယ်လီဖုန်းလုပ်ငန်းကို လက်ဝါးကြီး အုပ်ထားခဲ့သည့် မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်း (MPT) နှင့် စစ်တပ်ပိုင် MecTel တို့ကလည်း ကိုယ်ပိုင်ကွန်ရက်များ ရှိနေကြသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးချစ်ဝေက တင်ဒါ တင်သွင်းရန် စိတ်ဝင်စားမှုရှိကြောင်း လျှောက်လွှာ တင်ထားသည့် နိုင်ငံခြား ကုမ္ပဏီ ၇ ခုရှိသည်ဟု ရိုက်တာ သတင်းဌာန သို့ ပြောသည်။
သို့သော်လည်း လိုင်စင်သစ်အတွက် လုပ်ငန်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ကုမ္ပဏီ အုပ်စုတွင် ပြည်တွင်း ကုမ္ပဏီ ၁၁ ခု ပါဝင်နေပြီး အဆိုပါ ကုမ္ပဏီ အုပ်စုက လုပ်ငန်းလိုင်စင် အတွက် ရှယ်ယာအများစုကို ထိန်းချုပ်ထားသည်ဟု ရိုက်တာ က ဆိုသည်။ ၎င်းတို့သည် လူသိနည်းသည့် ကုမ္ပဏီများ ဖြစ်ကြပြီး ဆက်သွယ်ရေး သို့မဟုတ် IT ကဏ္ဍတွင် အတွေ့အကြုံမရှိ သည့် အသွင်မျိုးလည်း ရှိနေသည်ဟု သိရသည်။
“ကုမ္ပဏီတွေရဲ့ အနေအထားကို အသိရခက်မှုက မြန်မာနိုင်ငံမှာ အလားအလာရှိတဲ့ ပြဿနာတခုကို ဖော်ပြနေပါတယ်။ အဖွဲ့အစည်း တချို့နဲ့ စီးပွားရေး လုပ်ငန်းရှင် အချို့က အမေရိကန် အစိုးရရဲ့ အရေးယူပိတ်ဆို့မှု စာရင်းမှာ ပါဝင်နေဆဲ ဖြစ် ပါတယ်။ စစ်တပ်နဲ့ ဆက်သွယ်မှုရှိတာက သမရိုးကျလို ဖြစ်နေပြီးတော့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စွန့်စားရမှုတွေကလဲ မြင့် မားနေဆဲဖြစ်ပါတယ်” ဟု ရိုက်တာ သတင်းက ဆိုသည်။
——————————————————-
ထိုင်း Samitivej ဆေးရုံ မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ရန် စီစဉ်နေ
ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍ အတွက် နောက်ထပ် ဖွံ့ဖြိုးမှုတခုမှာ ထိုင်းနိုင်ငံမှ Samitivej ဆေးရုံက မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့ ရန်စီစဉ်နေကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာက ဘန်ကောက် အခြေစိုက် သတင်းစာတစောင်သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Samitivej Plc ၏ မန်နေးဂျင်း ဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် ဒေါက်တာ Chairat Panthuraamporn က ရန် ကုန် တွင် ၎င်းတို့ လက်ရှိဖွင့်လှစ်ထားသည့် ဆေးခန်းတခုမှ တဆင့် ဖက်စပ်လုပ်ငန်းကို တိုးချဲ့ရန် ဆန္ဒရှိကြောင်း The Nation သတင်းစာသို့ ပြောကြားခဲ့သည်။ အာဆီယံ စီးပွားရေး အသိုက်အဝန်း စတင်လာသည့် အချိန်၌ အရှေ့တောင်အာရှတွင် Samitivej Plc ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေရန် အားထုတ်ခြင်း၏ တစိတ်တပိုင်း ဖြစ်ပါသည်။
“ကျနော်တို့က မြန်မာနိုင်ငံက ပါရမီ ဆေးရုံနဲ့ လက်တွဲပြီးတော့ Samitivej International Clinic ကို ရန်ကုန်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကထဲက ဖွင့်လှစ်ထားတဲ့ပါတယ်” ဟု ဒေါက်တာ Chairat Panthuraamporn ကပြောသည်။
“ဒီနှစ် ဧပြီလထဲမှာ ကျနော်တို့ ချည်းပဲ ဖွင့်လှစ်တဲ့ ဆေးခန်းတခုကို မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁.၄ သန်း အကုန် အကျခံပြီးတော့ ဖွင့်လှစ်သွားမှာ ဖြစ်ပါမယ်။ နိုင်ငံခြားသားတွေ ကိုရော ပြည်တွင်းက လူတွေကို ကုသပေးမှာ ဖြစ်ပါတယ်။ ဆေးခန်းရဲ့ ရှယ်ရာ ၈၀ ရာခိုင်နှုန်းကို Samitivej ဖြစ်ပြီးတော့ ၁၀ရာခိုင်နှုန်းကို ပါရမီနဲ့ နောက်ထပ် ၁၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေက ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ဆေးခန်းက တနေ့ကို လူနာ ၁၀၀ ကုသပေးနိုင် မှာ ဖြစ်ပါတယ်။” ဟု သူကပြောသည်။
Samitivej Plc သည် ဘန်ကောက်မှ Dusit Medical Services ကွန်ရက်၏ အစိတ်အပိုင်းတခု ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဆေး ရုံ ၅ရုံ ဖွင့်လှစ်ထားသည်။