One Plus3T ဖုန်းဟာ ပြည်တွင်းမှာ ဆိုရင်တော့ ဈေးနှုန်း ကျပ် ၅ သိန်းခွဲ ဝန်းကျင်ရှိမယ့် မျက်နှာသစ် အမှတ်တံဆိပ် ဖုန်းသစ်ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကမှ ဈေးကွက်ထဲ ဝင်ရောက်လာတာ ဖြစ်ပြီး ရှေ့ထွက် မော်ဒယ် 3 ရဲ့ နေရာမှာ 3T အဖြစ် နောက်ဆက်တွဲ အစားထိုး ထုတ်လုပ်လာတာ ဖြစ်သလို ဈေးကွက် ဝင်လာတာကလည်း တလတောင် မကြာသေး ပါဘူး။ အထူးသဖြင့်တော့ ဘက်ထရီပိုင်း ကြီးမားအောင် ထည့်သွင်း ဖန်တီးထားပြီး အားအချိန်ကြာကြာ သုံးနိုင်အောင် ပြင်ဆင်ထားတာ တွေ့ရပါတယ်။
LTE စနစ်ထိအောင် သုံးနိုင်မယ့် ဖုန်းအမျိုးအစား ဖြစ်ပြီး နောက်ဆုံးထွက် Android Version v6.0 ကို ထည့်ထား သလို သူ့နောက်မှာ သုံးနိုင်မယ့် v7.0 ကိုလည်း Upgrade လုပ်ပြီး သုံးနိုင်အောင် ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဖုန်းက ပြသမျက်နှာပြင် ၅ ဒသမ ၅ လက်မ ရှိပြီး အရွယ်အစားကတော့ ၆ ဒသမ ၀၁လက်မ × ၂ ဒသမ ၉၄ လက်မ× ၀ ဒသမ ၂၉ လက်မ ဖြစ်ပါတယ်။
ဖုန်းရဲ့ အလေးချိန် ၁၅၈ ဂရမ်ဖြစ်ပြီး တန်းတူ အရွယ်အစားတူ ဖုန်းတွေနဲ့ အလေးချိန် သိပ်မကွာလှပါဘူး။ SIM ကတ် နှစ်ကတ် ထည့်သုံးနိုင်မှာ ဖြစ်ပြီး Nano အရွယ်အစားကို ထည့်ရမှာပါ။ နောက်ဖုံး ဖွင့်မရအောင် အသေတပ်ဆင်ထား ပါတယ်။ ထူးခြားချက်ကတော့ ပြသမျက်နှာပြင်မှာ မှန်သားကို Gorilla Glass 4 ကို ထည့်ထားလို့ အကြမ်းခံနိုင်ရည် အားကောင်းတာပဲ ဖြစ်ပါတယ်။
Chipset က Qualcomm MSM8996 Snapdragon 821 ဖြစ်ပြီး CPU မှာက Quad-core ပုံစံ ထိုင်ထားပါတယ်။ GPU အတွက်က Adreno 530 ကို သုံးထားပါတယ်။ Coc Player တွေ အတွက်ကတော့ ရုပ်ထွက် ထစ်ခြင်း မရှိတဲ့ ဂိမ်း ကစားချိန်တွေကို အကောင်းဆုံး ရနိုင်ပါလိမ့်မယ်။ အားနည်းချက် တခု လို့ ဆိုနိုင်တာက Memory Card ထည့်မရတာ ပဲ ဖြစ်ပါတယ်။ iPhone တွေလို ဖန်တီးထားပြီး Internal Memory ကိုပဲ 64 GB ဒါမှမဟုတ် 128 GB သုံးနိုင်အောင် ပြုလုပ်ထားပါတယ်။ RAM အပိုင်းကတော့ 6 GB ဖြစ်လို့ စိတ်ကြိုက် အသုံးပြုနိုင်မှာပါ။
နောက်ဆုံး သဘောကျမိတဲ့ အချက်ကတော့ ကင်မရာပိုင်းပါ။ ဒီနေ့ခေတ် ဈေးကွက်ဝင် ဖုန်းတွေမှာ Primary လို့ခေါ်တဲ့ နောက်ဘက် ကင်မရာကို 15 MP လောက် သုံးပြီး လူကြိုက်များအောင် ဖန်တီးထားတာ တွေ့နိုင်ပြီး ရှေ့ဘက် အလွယ်ဆုံး ကင်မရာကိုတော့ 5 MP ဝန်းကျင်လောက်နဲ့ပဲ သုံးထားတတ် ပါတယ်။ အခု 3T မှာတော့ နောက်ဘက် ပင်မကင်မရာက 16 MP နဲ့ ရှေ့ဘက် အလွယ်သုံး ကင်မရာကပါ 16 MP အားရှိမှာ ဖြစ်ပါတယ်။
One Plus 3T စမတ်ဖုန်းမှာ လက်ဗွေရာ လုံခြုံရေးစနစ် သုံးနိုင်ပြီး ထည့်သွင်းဘက်ထရီက 3400 mAh ပဲ စွမ်းအင် သိမ်းနိုင်တယ် ဆိုပေမယ့် ဗီဒီယို ကြည့်ရှုမှုကို အချိန် ၁၆ နာရီ ကြာအောင် သုံးနိုင်စေမှာ ဖြစ်လို့ ဈေးကွက်ဝင် ဖုန်းတွေထဲမှာ အားအချိန် အကြာဆုံး သုံးနိုင်တဲ့ ဖုန်းတမျိုး ဖြစ်ပါတယ်။