ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီမှာ သတင်းတပုဒ်ကြေညာ သွားပါတယ်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေး ဝန်ကြီး သူရဦးမြင့်မောင်တို့ နှစ်ဦးကို သူတို့ရဲ့ ဆန္ဒအလျောက် ရာထူးကနေ သမ္မတ ဦးသိန်းစိန်က နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမိန့်စာမှာတော့ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတယ်လို့ ရေးသားထားပေမယ့် သတင်း ထွက်ပေါ်လာချိန်မှာတော့ အွန်လိုင်းစာမျက်နှာတွေ၊ အစိုးရဝန်ကြီးတွေနဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအဝိုင်းမှာတော့ ဝန်ကြီးနှစ်ဦး အဖြုတ်ခံလိုက်ရတာလို့ ပြောဆိုကြပါတယ်။ အဓိကအားဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အမိန့်မနာခံမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
သမ္မတရုံးနဲ့ အလွန်နီးစပ်တဲ့ စီးပွားရေး အသိုင်းအဝိုင်းကတော့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းမှာ ပြစ်ချက်၊ အနာအဆာများပြီး အဓိကအားဖြင့် ဆက်သွယ်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ သမ္မတဆီ တင်ပြမှုမရှိဘဲ လုပ်ဆောင်တာတွေ အပါအဝင် ခြစားမှုတွေကြောင့် ဦးသိန်းထွန်းကို ဝန်ကြီးအဖြစ်ကနေ အနားပေးလိုက်တာလို့ ဆိုပါတယ်။ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်ကတော့ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှုမရှိခဲ့တာတွေ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
နောက်ထပ် ဝန်ကြီး ၃ ဦးလောက် အပြောင်းအရွေ့ ထပ်လုပ်ဖို့ရှိတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဆက်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်သွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာ ကမ္ဘာဇဘဏ်ကနေတဆင့် ဦးသိန်းထွန်းအမည် တပ်ထားတဲ့သူဆီကို ဦးသိန်းဝင်းဆိုသူက ငွေကျပ်သိန်း ၂၅၀၀ တိတိ ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့စွဲနဲ့ ငွေလွှဲစာရွက် ဓာတ်ပုံတပုံကလည်း တွင်တွင်ကျယ်ကျယ် ပျံ့နှံ့နေပါတယ်။
ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အစိုးရ အရာရှိကြီးတဦးကတော့ သဘောထား ပျော့ပျောင်းတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဝန်ကြီးတွေ အပြောင်းအလဲလုပ်တဲ့အခါမှာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်စေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကိုပဲ သုံးစွဲလေ့ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့မှာ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးလွန်းမောင်တို့ကို ရာထူးက ဖယ်ရှားချိန်တုန်းကလည်း မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုသည်ဆိုတဲ့ အသုံးအနှုန်းကိုသာ သုံးစွဲခဲ့တာမို့ ဦးသိန်းထွန်းနဲ့ သူရဦးမြင့်မောင်ကိုလည်း သမ္မတ ဦးသိန်းစိန်က ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာ ထင်ရှားစေတယ်လို့ သူက ဆက်ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ဝန်ကြီးနှစ်ပါး နုတ်ထွက်မှုအပေါ်မှာ မှတ်ချက် မပေးလိုတဲ့အကြောင်း၊ ဝန်ကြီးအပြောင်းအလဲတွေ ထပ်လုပ်၊ မလုပ်ဆိုတာ မသိတဲ့အကြောင်း ပြောပါတယ်။
“ဒါတော့ ကျနော်လည်း မသိပါဘူး။ သူတို့ကတော့ သူတို့ဆန္ဒအလျောက် နုတ်ထွက်တာဖြစ်လို့ သူတို့အပေါ်မှာ ကျနော်တို့က မှတ်ချက်လည်း ပေးလို့မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်လို့လေ။ နောက်ထပ် ဝန်ကြီးတွေ လဲဖို့ရှိတယ် ဆိုတာလည်း ကျနော်တို့ဘာမှ မကြားပါဘူး” လို့ ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုပါတယ်။
နိုင်ငံတော်သမ္မတ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးအကြံပေး ကောင်စီက ဦးလှမောင်ရွှေကတော့ သူ့အနေနဲ့ ဝန်ကြီးနှစ်ပါး နုတ်ထွက်ခွင့် ပြုသွားတာကိုတောင် နိုင်ငံပိုင်မီဒီယာက ကြေညာမှ သိရတဲ့အကြောင်း၊ နောက်ထပ် ဝန်ကြီးအပြောင်းအရွေ့ ရှိ၊ မရှိဆိုတာလည်း မသိကြောင်း ပြောပါတယ်။
“ကျနော်က မနေ့ညက သတင်းလာမှ သိတာ။ သိပ်တော့ မသိဘူး။ သတင်းတွေကတော့ ထွက်နေမှာပဲ။ ကျနော်တို့ကတော့ အဲဒီလောက်ကြီးတော့ အလှမ်းမမီဘူး။ နောက်ထပ် ဝန်ကြီးတွေ ထပ်လဲမယ်ဆိုတာလည်း မကြားမိဘူး။ သတင်းတွေကတော့ ထွက်နေမှာပဲ။ မှန်တာလည်းရှိမယ်၊ မှားတာလည်းရှိမယ်။ တခါတလေလည်း မှန်တာတွေလည်း ဖြစ်နိုင်ပါတယ်” လို့ ဦးလှမောင်ရွှေက ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲ ဖြစ်မယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လပိုင်းလောက်မှာ သမ္မတရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထဲကနေ ထွက်ခဲ့တာပါ။
လက်ပံတောင်းသပိတ်စခန်းတွေမှာ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံရပြီးတဲ့နောက် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ရာထူးကနေ နုတ်ထွက်ဖို့၊ အနားယူဖို့ သမ္မတဆီက တရားဝင် ခွင့်ပြုချက် တောင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ချိန်ကတည်းကစပြီး သမ္မတ ဦးသိန်းစိန် အနေနဲ့ ဝန်ကြီးတွေ အပြောင်းအလဲ ထပ်လုပ်ဖို့ သမ္မတရုံးအတွင်းမှာ ဆွေးနွေးမှုတွေ စတင်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်က ဝန်ကြီးတွေ အပြောင်းအလဲလုပ်ဖို့ ကိစ္စတွေကို အဓိကအားဖြင့် ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ နှစ်ဦးနဲ့သာ တိုင်ပင်လေ့ရှိပြီး ဝန်ကြီးတွေ အများစုကလည်း ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို “အဘကြီး” တွေလို့ ခေါ်ဆိုကာ ကြောက်ရွံ့ ရိုသေလေးစား ကြရတယ်လို့ သိရပါတယ်။
ဧရာဝတီသတင်းဌာနနဲ့ ယမန်နှစ်က တွေ့ဆုံခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီးတဦးကတော့ သူ့အနေနဲ့ ဝန်ကြီးဌာန လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ဦးစိုးသိန်းနဲ့ တိုင်ပင်လေ့ရှိပြီး အမှားအယွင်းမရှိစေဖို့ သတိထား လုပ်ဆောင်နေရကြောင်း ပြောပါတယ်။
“ကျနော်ကတော့ အဘ နာယကကြီး (ဦးစိုးသိန်း) နဲ့ အမြဲတိုင်ပင်ပြီးမှ လုပ်တယ်။ အဘ နာယကကြီးကလည်း သမ္မတကြီးက မှာထားတယ်၊ မင်းတို့ ကောင်းအောင်လုပ်ကြ။ မှားရင်တော့ မှားတဲ့သူခံရမယ်ဆိုပြီး ကျနော့်ကို အမြဲသတိပေးပါတယ်” လို့ အဲဒီဝန်ကြီးက ဆိုပါတယ်။
ဒါကိုကြည့်ရင် ပြည်ထောင်စု ဝန်ကြီးတွေအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဆင်ပြေဖို့တင်မက သမ္မတရုံး ဝန်ကြီးတွေနဲ့ပါ အဆင်ပြေဖို့ပါ လုပ်ဆောင်နေရတယ်ဆိုတာ ထင်ရှားပါတယ်။
လက်ရှိအချိန်မှာတော့ နောက်ထပ် ဝန်ကြီး ၃ ဦးလောက် ထပ်ပြီး အပြောင်းအလဲ ဖြစ်ဦးမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်နေတာမို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဘယ်ဝန်ကြီးတွေကို မိမိသဘောဆန္ဒ အလျောက်ဆိုပြီး နုတ်ထွက်ခိုင်းဦးမလဲ ဆိုတာ စောင့်ကြည့်ရမယ့်အပြင် ဘယ်သူတွေကို လစ်လပ်ဝန်ကြီးတွေနေရာ ပေးမလဲဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ဝေဖန်နေကြပါတယ်။