စာရေးဆရာ၊ သတင်းစာဆရာနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ နာယက အဖွဲ့ဝင် ဦးဝင်းတင် ကွယ်လွန်သွားခြင်း အပေါ် ၎င်းကို ချစ်ခင်လေးစားကြသည့် ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ များ အပါအဝင် နိုင်ငံရေးသမားများ၊ အနုပညာသမားများ၏ နှမျောတသ ဝမ်းနည်း ကြေကွဲစွာ ပြောဆိုလျက်ရှိသည်ကို တွေ့မြင်ရသည်။
အာဏာရှင် အစိုးရ အဆက်ဆက်၏ အုပ်ချုပ်မှုအောက်တွင် စာရေးဆရာ၊ သတင်းစာဆရာနှင့် နိုင်ငံရေးသမား ဘဝဖြင့် အမှန် တရားဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည် တိုက်ပွဲဝင်ခဲ့သူ ဦးဝင်းတင် ကွယ်လွန်ခဲ့သည့်အပေါ် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ သမားများ၏ ဝမ်းနည်းခြင်း အမှတ်တရ စကားသံများကို ဧရာဝတီ သတင်းဌာန သတင်းထောက် ကျော်ခက မေးမြန်းပြီး စုစည်း ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
ဒေါ်အေးအေးဝင်း
ရန်ကုန်အခြေစိုက် AP သတင်းထောက်
သူဟာ အင်မတန် သတ္တိရှိပြီး ရဲရင့်ပြတ်သားတဲ့ သတင်းထောက်ကြီးလည်း ဖြစ်တယ်၊ အင်မတန် ကိုယ်ကျင့် တရားကောင်းတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တော့ နောင် ဒါမျိုးရှိဖို့ ဆိုတာ ဒီလိုလူမျိုး နောက်တယောက်ရဖို့ ဆိုတာ သိပ်စဉ်းစားစရာ မရှိတော့ဘူး။ အဲဒီတော့ သတင်းထောက် တယောက်အနေနဲ့ ဆိုလို့ရှိရင်တော့ ဒီလို လူကြီးတွေ ဆုံးရှုံးတာကို နှမျော တသတယ်။ ဝမ်းနည်းတယ်။ လူကြီး တွေ မရှိတော့ ကိုယ့်ရှေ့က မားမားမတ်မတ် ရပ်တည်မယ့် လူကြီးတွေ မရှိတော့သလိုတောင် အားငယ်စရာ ကောင်းပါတယ်။ သတင်းသမားက နိုင်ငံရေးသမား ဖြစ်နေတာက တော်တော့်ကို ရှားရှားပါးပါးပါပဲ။ နိုင်ငံရေးဘက်မှာ ဆိုရင်လည်း သူ့လို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပြောတဲ့လူက ရှားတယ်လေ။ နိုင်ငံရေးဘက်က ကြည့်ရင်လည်း အားကိုး အများကြီး လျော့သွားတယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်ကယ်က အမှန်တရားပေါ်မှာ ရဲရဲဝံ့ဝံ့ မတိမ်းမစောင်း ရပ်တည်တဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ သူနဲ့တွေ့လို့ ရှိရင် အမြဲတမ်း ရဲရဲဝံ့ဝံ့ ပြောတဲ့စကားတွေ အမြဲတမ်း ကြားရတယ်။ ဘယ်အချိန် အင်တာဗျူးလုပ်လုပ် ဘယ်အချိန် တွေ့တွေ့ သူပြောတာကတော့ တိုင်းပြည်မှာ စစ်တပ်ကနေ အုပ်ချုပ်နေတာကိုတော့ ပြတ်ပြတ်သားသား အမြဲတမ်း တခါမှ မပြောင်းလဲတဲ့ ရပ်တည်မှုနဲ့ သူ အမြဲပြောလေ့ ရှိပါတယ်။
ဦးခွန်ဆိုင်း
အယ်ဒီတာချုပ်၊ သျှမ်းသံတော်ဆင့် သတင်းဌာန
ဦးဝင်းတင်ဟာ သတင်းစာဆရာ လုပ်နေတဲ့သူတွေ အတွက် စံနမူနာ ယူရမယ့် လူတယောက် ဖြစ်တယ်။
ဟံသာဝတီ တို့၊ ကြေးမုံတို့မှာ (ဦးဝင်းတင်) လုပ်လာတာ အဲဒီတုန်းက မြန်မာ့အလင်းမှာ လုပ်နေတဲ့ ရှမ်းသတင်းစာ ဆရာကြီး ဦးစံအောင် ဆိုတာ ရှိတယ်။ ဦးစံအောင်က အခုအသက် ၉၀ ရှိပြီ၊ သူ့ထက် အသက်ငယ်ပေမယ့် ဦးဝင်းတင်ကို သူက သိပ်လေးစားတယ်။ ကျနော်တို့ကလည်း ဦးဝင်းတင်ကို အဲဒီကနေ တဆင့် သိကျွမ်းခဲ့ပြီးတော့ လေးစားခဲ့တာ။ သူ့ကို နိုင်ငံရေးသမား တယောက် အနေနဲ့ ကျနော်ဘာမှ မပြောလိုပါဘူး။ လူသားတယောက် အနေနဲ့ကတော့ အင်မတန် သတ္တိကောင်းတဲ့လူပဲ။ သူ့လို သတ္တိကောင်းတဲ့ လူတယောက်ဟာ ရှာရခက်တာပေါ့ဗျာနော်။ ကျနော်တို့လို ပြည်ပမှာ နေပြီးတော့မှ လွတ်လွတ်လပ်လပ် ပြောဆို၊ ရေးသား၊ ထုတ်ဝေနေတာထက် သူကတော့ ပြည်တွင်းမှာ ရဲရဲဝံ့ဝံ့ ပြောဆိုရေးသား နေတာဟာ ဒီဥစ္စာ အင်မတန်မှ လူသား တယောက် အနေနဲ့ ကျနော်တို့က အင်မတန်မှ ချီးကျူးရမယ့် လူဖြစ်တယ်။ ဒီလိုမျိုး သတ္တိ ရှိတဲ့လူမျိုး ထပ်ပြီးတော့မှ များများပေါ်လာဖို့ လိုတယ်။
ဦးအေးချမ်းနိုင်
အယ်ဒီတာချုပ်၊ DVB သတင်းဌာန
အထူး ဝမ်းနည်းကြေကွဲ ရပါတယ်။ သူ့ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို အကျဉ်းထောင်ထဲမှာ မတရား နှိပ်စက်ညှဉ်းပန်း ခံပြီးတော့ နှစ် ပေါင်း ၁၉ နှစ်ကျော် နေသွားခဲ့ရတဲ့ အတွက်လည်း တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ ဦးဝင်းတင်က သူ့ရဲ့ ယုံကြည်ချက် ခံယူချက်တွေကို လုံးဝ အရှုံးမပေးဘဲနဲ့ နောက်ဆုံး သူအသက် ထွက်သွားတဲ့ အထိကို ခိုင်ခိုင်မာမာ စွဲကိုင်သွားတဲ့ ပုဂ္ဂိုလ်ပါ။ ကျနော်တို့ နောင်မျိုးဆက်သစ်တွေ အတွက် သင်ခန်းစာယူစရာအဖြစ် ထာဝရ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဦးဝင်းတင်ဟာ အစိုးရ ရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေ၊ လုပ်ပုံတွေကို တချိန်လုံး ထောက်ပြသူ တဦး ဖြစ်ပါတယ်။ NLD ထဲမှာ ဆိုရင်လည်း အရေးပါတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်နေတဲ့ အရေးကြီးတဲ့ ကာလမှာ ဦးဝင်းတင်ကို ဆုံးရှုံးသွားတာ ဟာ တော်လှန်ရေး အတွက်လည်း အများကြီးကို နစ်နာပါတယ်။
ဒေါ်ငြိမ်းရွှေ
RFA မြန်မာဌာနမှူး
ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့ ဦးတည် လမ်းကြောင်း အတွက် ဖြစ်သင့် ဖြစ်ထိုက်တဲ့ အခြေအနေတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုလေ့ ရှိတဲ့ ဆရာကြီး ကွယ်လွန် သွားတာဟာ မြန်မာနိုင်ငံ အတွက် အစားထိုး မရတဲ့ ဆုံးရှုံးမှု တရပ်ပါပဲ။ မိသားစုများနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲ ရပါတယ်။ ဆရာကြီး ကောင်းရာ သုဂတိ လားပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ဦးကျော်မင်းဆွေ
အယ်ဒီတာချုပ်၊ The Voice သတင်းစာ နှင့် ဂျာနယ်
သတင်းလောကထဲ ရောက်ခါစက ကျနော်တို့မှာ (သတင်းစာပညာ) သင်တန်းကျောင်း မရှိတဲ့ အခါကြတော့ ရှေ့က သတင်းစာ ဆရာကြီးတွေရဲ့ ရေးထားခဲ့တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေ သတင်းစာပညာရပ် ဆိုင်ရာ အတွေ့အကြုံတွေကို ဖတ်ပြီးတော့ ကျနော်တို့က သင်ခဲ့ရတာ။ အဲဒီအထဲမှာ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်လည်း ပါတယ်။ နောက် သူဘာသာပြန်တဲ့ စာအုပ် တွေရော အစပေါ့။ ဟံသာဝတီ ဦးဝင်းတင် အနေနဲ့လည်း ဟံသာဝတီ သတင်းစာမှာ လုပ်ခဲ့တဲ့ သတင်းစာ အဟောင်းတွေ ဖတ်ရတဲ့အခါမှာ ကျနော်တို့က တွေ့ရတယ်။ သတင်းစာဆရာကြီး တယောက် အနေနဲ့ ကျနော်တို့ အင်မတန် လေးစားတဲ့ သတင်းစာ ဆရာကြီးပါ။ “ပြည်သူတို့ရဲ့ စကားပြန်” ဆိုတဲ့ စာအုပ်ဟာ ဆိုရင် အင်မတန်ကို ရှာပြီး ဖတ်ခဲ့ရတဲ့ စာအုပ်ပါ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အဖြစ် လေးစားရတဲ့ သတင်းစာဆရာကြီး ကွယ်လွန်သွားတာကို ကြားရတော့ အင်မတန်ကို ဝမ်းနည်းမိပါတယ်။ နိုင်ငံရေး လောက အတွက်ရော၊ သတင်းစာ လောက အတွက်ရော အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။
ဦးသန်းလွင်ထွန်း
VOA မြန်မာပိုင်း ဌာနမှူး
ဆရာကြီး ဦးဝင်းတင်ကို ကျနော်တို့ ၈၈ ကျောင်းသား လှုပ်ရှားမှုမှာ ကတည်းက ရင်းနှီးခဲ့တာပါ၊ ဆရာ ဦးဝင်းခက်၊ ဆရာ ဦးတင်စိုး၊ ဆရာ မောင်ဝံသ တို့နဲ့အတူ ဘားလမ်း စပယ်ဦး စာပေတိုက်မှာပေါ့။ အရေးအခင်း အတွင်း ကျနော်တို့ ဗကသ သတင်းစာ ထုတ် တော့ ဆရာကြီးက အများကြီး လမ်းညွှန်ခဲ့ပါတယ်။ မတ်လအတွင်း ရန်ကုန်ရောက်တော့ ဆရာကြီးနဲ့ ၂ ကြိမ် တွေ့ပါတယ်။ နောက် ဆုံး တခေါက်က မတ်လ ၁၂ ရက် East West Center International Media Conference ပိတ်ပွဲ Traders Hotel ညစာ စားပွဲမှာပါ။ သူနေမကောင်းဘဲ မောနေလို့ သူ့မိန့်ခွန်းကို ဆရာဖေမြင့်က ဖတ်ပေးခဲ့ ရပါတယ်။ ဒါပေမယ့် “စစ်အာဏာရှင်တွေ ကြီးစိုးနေသေးတဲ့ မြန်မာပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီလို့ သူမမြင်သေးကြောင်း” မာန်အပြည့်နဲ့ ပြောဖြစ်အောင် ပြောသွားခဲ့ပါသေးတယ်။ မြန်မာပြည်ကို အပြောင်းအလဲ လမ်းကြောင်းပေါ် ရောက်နေပါပြီ လို့ အမွှန်း တင်လွန်းနေတဲ့သူတွေကို သတိပေးလိုတဲ့ပုံ ရှိပါတယ်။ ကျနော်တို့ကို တွေ့ရင် အမြဲပြုံးနေတဲ့ ဆရာကြီးကို မြင်တိုင်း သူ့မှာ ထူးခြားတဲ့ ကိုယ်ရောင်တွေ တောက်ပနေတယ်လို့ ကျနော် ခံစားခဲ့ရပါတယ်။ ဆရာကြီး ငြိမ်းအေးရာ ဘဝမှာ အနားရပါစေ။
နန်းဖော့ဂေ
အယ်ဒီတာချုပ်၊ KIC ကရင် သတင်းဌာန
ကျမ အတွက်ကတော့ အဘဦးဝင်းတင်ဟာ အင်မတန် ရှားပါးတဲ့ သူရဲကောင်း တဦးပါ။ ဘက်မလိုက်တဲ့ မီဒီယာအားဖြင့် ဖြစ်စေ၊ အမှန်ကို ပြောရဲတဲ့ နိုင်ငံရေးသမား တဦးအနေနဲ့ ဖြစ်စေ ပြည်သူလူထု အားလုံးက သူ့စိတ်ဓာတ်နဲ့ သူ့လုပ်ရပ်၊ သူ့ပြောစကားတွေကို အတုယူ ကြစေချင်တယ်။ အထူးသဖြင့် တက်သစ်စ မီဒီယာ သမားတွေနဲ့ ကျမတို့လို နုနယ်သေးတဲ့ အယ်ဒီတာတွေလည်း ဦးဝင်းတင်ကို သင်ခန်းစာယူ ကျင့်ကြံ သင့်ပါတယ်။ ဦးဝင်းတင် အခုလို ကွယ်လွန်သွားခြင်းဟာ ဗမာပြည်ရဲ့ မီဒီယာ လောက၊ နိုင်ငံရေး လောက အတွက် မဟာဆုံးရံှုံးမှုကြီး တခုလို့ ပြောချင်ပါတယ်။
ဦးအောင်ဇော်
အယ်ဒီတာချုပ်၊ ဧရာဝတီ သတင်းဌာန
ဆရာကြီးဟာ ပြည်သူတွေဘက်က ရပ်တည်ပြောခဲ့တဲ့ တကယ်ကို ရဲရဲဝံ့ဝံ့ ဘက်လိုက်ရဲတဲ့ သတင်းစာဆရာ၊ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား ဆိုရင်တောင် တကယ့် သူတော်စင် နိုင်ငံရေးသမားလို့ ကျနော် ထင်တယ်။ ဒါပေမယ့် ကျနော့် အမြင် ကတော့ သူဟာ သူရဲကောင်း တဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အမြင်တွေ၊ သူ့ရဲ့ အတွေးအခေါ်တွေ၊ သူ့ရဲ့ အသံတွေကို ကြောက်ရွံ့တဲ့သူတွေကို ကျနော်တို့ သိပါတယ်။ အဲဒီ သူတွေဟာ သူရဲဘောကြောင်တဲ့ သူတွေပါ။ ဒီလို သိုးယောင်ဆောင်တဲ့ မြေခွေးတွေပေါတဲ့ ဒီနေ့ ဒီအချိန် ဒီကာလမှာ ဆရာကြီးရဲ့ ရပ်တည်မှု၊ ဆရာကြီးရဲ့ တန်ဖိုး၊ ပေးဆပ်မှုတွေကို ကျနော် လေးစားတယ်။ ဆရာ့ကို သိခွင့်၊ ကြုံခွင့်၊ လေးစားခွင့်ရတဲ့ အတွက်ကြောင့် ကျနော် ကျေနပ်ပါတယ်။ သူ့ကို အကြီးမားဆုံး ဂုဏ်ပြုသင့်တယ်လို့ ကျနော် ထင် ပါတယ်။