မြန်မာနိုင်ငံတွင် မီဒီယာကဏ္ဍကို ပြုပြင်ပြောင်းလဲနိုင်ရန် လုပ်ဆောင်နေချိန်တွင် သတင်းထောက်များအတွက် စဉ်းစားစရာတွေ အမျိုးမျိုးဖြစ်နေသည်။ သမ္မတဦးသိန်းစိန်၏ အစိုးရကို မထုတ်ဝေခင် ကြိုတင်တင်ပြရသည့် စာပေ စိစစ်ရေးကို ရုပ်သိမ်းပေးလိုက်ခြင်း၊ ထောင်သွင်း အကျဉ်းချထားခြင်း ခံနေရသည့် စာနယ်ဇင်းသမားများကို ပြန်လွှတ် ပေးခြင်းနှင့် နှစ်ငါးဆယ်နီးပါးခန့် ပိတ်ပင်ထားသည့် ပုဂ္ဂလိက သတင်းစာတွေကို ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ခြင်းတို့ အတွက် ချီးကျူးထောက်ခံမှုတွေပြုနေကြချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနက အငြင်းပွားဖွယ်ရာ ပုံနှိပ်ဥပဒေကြမ်းကို မတ်လအတွင်းက လွှတ်တော်သို့ ပေးပို့ထားပြီး အတည်ပြုပြဌာန်းနိုင်ရန် စီစဉ်နေသည်။ ထိုဥပဒေကြမ်းသည် မီဒီယာ ကဏ္ဍကို အစိုးရဖက်မှ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်နိုင်ရန် အတွက်ဖြစ်သည်ဟု ဝေဖန်မှုများလည်းရှိနေသည်။
မီဒီယာ လောကသားများ၏ အကြံဉာဏ်မယူဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့သည့် ပုံနှိပ် ဥပဒေမူကြမ်းကြောင့် အားလုံး အံ့အားသင့်သွားကြသည်။ အသစ်ဖွဲ့စည်းခဲ့သည့် စာနယ်ဇင်းကောင်စီမှ သတင်းထောက်များ၊ အယ်ဒီတာများသည် အစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး မီဒီယာလွတ်လပ်ခွင့် ပိုမိုရရှိနိုင်မည့် ဥပဒေကြမ်းတရပ်ကို ၎င်းတို့ အမြင် ၎င်းတို့ ရှုထောင့်ဖြင့်ရေးဆွဲနေသည့် အချိန်တွင် ယခုလိုထွက်ပေါ်လာ၍ဖြစ်သည်။
အဆိုပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေကို စုံစမ်းရန်အတွက် မတ်လတွင် အမေရိကန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ မီဒီယာစောင့်ကြည့်ရေးအဖွဲ့ကြီး တခုဖြစ်သည့် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (Committee Protect Journalists) မှ အရှေ့တောင်အာရှ ကိုယ်စားလှယ် ရှောင်ခရစ်စပင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အယ်ဒီတာနှင့် စာနယ်ဇင်းသမား ၃၀ ကျော်နှင့် တွေ့ဆုံပြီး စာနယ်ဇင်းလောက၏ တိုးတက်မှုအခြေအနေနှင့် ရေရှည်အလားအလာများကို မေးမြန်းခဲ့သည်။ သူ ရရှိခဲ့သည့် သတင်း အချက်အလက်များဖြင့် အစီရင်ခံစာတစောင်ပြုစုပြီး နောက်ထုတ်ပြန်သွားမည်ဖြစ်သည်။ ယခုဖေါ်ပြမည့် ဧရာဝတီမှ ကိုကျော်စွာမိုး၊ ကိုကျော်ဖြိုးသာတို့နှင့် တွေ့ဆုံမေးမြန်းမှုတွင် သူရှာဖွေတွေ့ ရှိခဲ့သည့် အချက်များကို အကြိုသဘောဖြင့် ဖြေကြားပေးခဲ့ပါသည်။
ကျော်စွာမိုး။ ။ ရန်ကုန်မှာ စာနယ်ဇင်းသမားတွေနဲ့ စကားပြောပြီးပြီဆိုတော့ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့် နဲ့ ပတ်သက်ပြီး သေချာတဲ့ အလားအလာတွေ များမြင်ခဲ့ရသလား။
ရှောင်ခရစ်စပင်။ ။ ကျနော့် အမြင်ကိုပြောရင် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ အကန့်အသတ်တွေထဲမှာ ရှိနေဆဲပဲလို့ ထင်ပါတယ်။ အစိုးရဖက်က မီဒီယာကို လွတ်လပ်ခွင့်ပိုပေးလာတာတော့ရှိပါတယ်။ နိုင်ငံရေးသတင်းတွေကို မျက်နှာစာမှာ ဖော်ပြခွင့်ရလာတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို သတင်းစာတွေရဲ့ မျက်နှာ ဖုံးမှာ ဖော်ပြနိုင်လာတယ်။ ဒါတွေအားလုံးဟာ လွန်ခဲ့တဲ့ သုံးနှစ် လေးနှစ် လောက်ကဆိုရင် တားမြစ်ထားတဲ့ ကိစ္စတွေပါ။
ဒါပေမယ့် ကျနော်တို့ (CPJ) ရဲ့စိတ်ထဲမှာရော၊ ကျနော် စကားပြောဖြစ်ခဲ့တဲ့ အယ်ဒီတာတွေ သတင်းထောက်တွေရဲ့ ရင် ထဲမှာရော ပြုပြင်ပြောင်းလဲရေးဟာ မပြည့်စုံသေးဘူးလို့ ခံစားနေရတယ်။ ဒီမှာ သတင်းသမားတွေဟာ သူတို့ ရေးလိုက်တဲ့ သတင်းအတွက် အရေးယူခံမှာကို၊ လက်တုန့်ပြန်ခံရတာကို ကြောက်ရွံ့စိုးထိတ်နေစရာမလိုဘဲ မှန်မှန်ကန်ကန် လုပ်နိုင် ရပါမယ်။ ဟိုအရင်က စာနယ်ဇင်းသမားတွေကို တရားစွဲဖို့၊ အကျဉ်းချဖို့ သုံးခဲ့တဲ့ ဥပဒေတွေနဲ့ တခြားအလားတူ ဥပဒေတွေ အသက်ဝင်နေတုန်းပါပဲ။ ဒီဥပဒေတွေကို သတင်းရေးတဲ့အခါ လွတ်လွတ်လပ်ရေးလို့မရအောင် စာနယ်ဇင်းသမားတွေကို ဖိအားပေးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ မဖျက်သိမ်းသေးဘဲ ထားတာလို့ ကျနော် ယုံကြည်ပါတယ်။ ခုအချိန်မှာ စာနယ်ဇင်းသမား တွေကို အရေးယူဖို့ ဒီဥပဒေတွေကို အစိုးရအာဏာပိုင်တွေက မသုံးကြဘူးဆိုပေမယ့် ဒါဟာ နောက်ပိုင်းမှာလည်း မသုံးတော့ဘူး လို့ ဆိုလိုတာ မဟုတ်ပါဘူး။
ကျော်စွာမိုး။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဥပဒေကြမ်းကို ဘယ်လိုမြင်ပါသလဲ။
ရှောင်ခရစ်စပင်။ ။ စာနယ်ဇင်းသမားတွေ ရေးတဲ့သတင်းနဲ့ ပတ်သက်ပြီး အရေးယူ အပြစ်ပေးနိုင်တဲ့ အချက်တွေ အရင်ဥပဒေဟောင်းမှာလို ပါနေတာတုန်းပါပဲ။ ဂျာနယ်လစ်တွေဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး ရေးလို့မရသလို အကြမ်းဖက်ဆူပူမှုတွေ ဖြစ်အောင်လှုံ့ဆော်တာမျိုးလည်း ရေးခွင့်မရှိပါဘူး။ နောက်ပြီး ဖွင့်ဆိုချက်တွေကလည်း ရှင်းလင်း ပြတ်သားမှု မရှိဘူး။ အာဏာရှင်လက်ထက်တုန်းကလည်း ဒီလိုပဲ လိုရာဆွဲပြီး အသုံးချခဲ့ကြပါတယ်။ အခု အစိုးရဟာလည်း ဟိုအရင် ခေတ်ကရရှိခဲ့တဲ့ လုပ်ပိုင်ခွင့်အခြေအနေမျိုး ပြန်လည်ရရှိအောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ယူဆနိုင်စရာတွေ အမျိုးမျိုးကွဲနေပါတယ်။
မီဒီယာဥပဒေသစ် တခုပေါ်ပေါက်လာဖို့ အစိုးရနဲ့ စာနယ်ဇင်းသမားတွေ ပူးပေါင်းရေးဆွဲထားတဲ့ ဥပဒေမူကြမ်းဟာ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်သူများနှင့် ထုတ်ဝေသူများဥပဒေကြမ်းကို လွှတ်တော်ကိုတင်လိုက်တဲ့ အခါကျတော့ လျစ်လျူရှုခံလိုက်ရတယ်။ ထွက်လာတာကလည်း ရုတ်တရက် ဗြုန်းစားကြီးဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ (CPJ) နဲ့ ကျနော် စကားပြောဖြစ်ခဲ့တဲ့ စာနယ်ဇင်းသမားတွေ အယ်ဒီတာတွေ အတွက် ဒီကိစ္စဟာ ရိုးသားမှုရှိရဲ့လား၊ အစိုးရမှာ မီဒီယာကဏ္ဍကို တကယ်ပြုပြင်ပြောင်းလဲလိုစိတ်ရှိရဲ့လား လို့ မေးထုတ်စရာ ဖြစ်လာပါတယ်။ အစိုးရ အရာရှိတော် တော်များများဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အတိုင်းအတာတခုအထိပေးနေရတဲ့ လက်ရှိအနေအထားကို သိပ်သဘောတွေ့ကြပုံမပေါ်ဘဲ ဟိုအရင်က ကျင့်သုံးခဲ့တဲ့ အခြေအနေမျိုးကို ပြန်လိုချင်နေသလားလို့ ကျနော် စိုးရိမ် မိပါတယ်။ ခုလိုမျှော်လင့်ချက်တွေရှိနေတဲ့ အနေအထားကနေ နောက်ကြောင်းပြန်လှည့်သွားမယ့် အရိပ်အယောင် တွေလားလို့လည်း စိတ်ပူမိပါတယ်။
ကျော်ဖြိုးသာ။ ။ တခြား အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိပါသလဲ။
ရှောင်ခရစ်စပင်။ ။ ကျနော့် အမြင်ကိုပြောရမယ်ဆိုရင်၊ စနစ်တကျ စစ်တမ်းကောက်ထားတာမဟုတ်တော့ အတိအကျ မှန်မယ်လို့ မပြောနိုင်ပါဘူး။ မြန်မာနိုင်ငံက အောက်ခြေကနေ တိုးထွက်ဖို့ စတင်နေတုန်းပဲ ရှိပါသေးတယ်။ ဗီယက်နမ် နဲ့ လာအို မှာဆိုရင် အာဏာရှင်နိုင်ငံတွေဆိုတော့ အစိုးရက မီဒီယာတွေကို ထိန်းချုပ်ထားပြီးတော့ ဝေဖန်ခွင့်လည်း မပေး ပါဘူး။ အခုဆိုရင် မြန်မာနိုင်ငံက ထောင်တွေထဲမှာ စာနယ်ဇင်းသမားတွေ မရှိတော့ပါဘူး။ အရင်လို အပြည့်အ၀ ထိန်းချုပ် ထားတာမျိုးလည်း မရှိတော့ပါဘူး။ ဒါပေမယ့် သေသေချာချာ ထပ်ပြောမယ်ဆိုရင်တော့ အကန့်အသတ်နဲ့ လွတ်လပ်ခွင့် ပေးထားတယ်လို့ ထင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး တိုးတက်စပြုလာနေ ပါပြီ။ ဒါပေမယ့် မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေလိုမျိုး အလယ်အလတ်အဆင့်ကိုတော့ ရောက်မလာသေးပါဘူး။
မြန်မာအာဏာပိုင်တွေဟာ မလေးရှားမှာ ကျင့်သုံးတဲ့ အနေအထားမျိုးရောက်အောင် ကြိုးစားနေတယ်လို့ ကျနော်ထင် ပါတယ်။ မလေးရှား သတင်းစာတွေဟာ ပုံမှန်အားဖြင့်တော့ လွတ်လပ်မှုရှိပါတယ်။ ဒါပေမယ့် အာဏာရပါတီ ကို ပေါင်းထားဖို့တော့ လိုပါတယ်။ စာနယ်ဇင်းတွေ တနှစ်တခါ လိုင်စင်သက်တမ်းတိုးတဲ့အခါ ပြန်ကြားရေးဝန်ကြီးဌာနက နောက်တနှစ် လိုင်စင်ဆက် ပေးသင့် မပေးသင့် ဆုံးဖြတ်ခွင့်ရှိနေတယ်။ အဲဒါက စာနယ်ဇင်းသမားတွေ ကိုယ့်သတင်း ကိုယ်ပြန်ပြီး စိစစ် ဖြတ်တောက်ရတဲ့ ဆိုးဝါးတဲ့ အလေ့အထ ဖြစ်လာအောင် တွန်းအားပေးသလို ဖြစ်နေပါတယ်။ အစိုးရကို ဝေဖန်မိရင် နောက်တနှစ်မှာ လိုင်စင်ဆုံးရှုံးမယ်ဆိုတာ သိနေကြတယ်လေ။
မြန်မာအာဏာပိုင်တွေဟာ အရင်ပြဌာန်းခဲ့တဲ့ ဥပဒေတွေနဲ့ ဆင်တူတဲ့ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဥပဒေကို ပြဌာန်းနိုင်ဖို့ ကြိုးစားနေကြတယ်လို့ ထင်ပါတယ်။ သတင်းတွေကို မထုတ်ဝေခင် သူတို့စိစစ်ဖြတ်တောက်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်သူတွေက ဘယ်လိုအမြင်နဲ့ ဝေဖန်တယ်ဆိုတာကို သေသေချာချာ စောင့်ကြည့်ပြီး မှတ်သားထားမယ်။ ဒီလို လုပ်ခြင်းအားဖြင့် စာနယ်ဇင်းသမားတွေဟာ သူတို့ရဲ့ ထုတ်ဝေခွင့်လိုင်စင်ဆုံးရှုံးမှာစိုးတဲ့ အတွက် သတင်းတွေကို ကိုယ့်ဖာသာပြန်ပြီး စိစစ်ဖြတ်တောက်ကြရမယ့် အခြေအနေတခုကို သူတို့ဖန်တီးချင်နေပါတယ်။ ဒါက မီဒီယာ ထိန်းချုပ်မှု အစီအစဉ်သစ် တခုပါပဲ။
ကျော်ဖြိုးသာ။ ။ စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ပေးဖို့ အစိုးရကို တိုက်တွန်းနေခဲ့တာကြာပါပြီ။ အခု ဘယ်လိုရလဒ်တွေ မြင်ရပါသလဲ။
ရှောင်ခရစ်စပင်။ ။ ထောင်ချထားတဲ့ စာနယ်ဇင်းသမားတွေကို ပြန်လွှတ်ပေးတာ၊ ပုံနှိပ်ထုတ်ဝေခွင့် မပြုခင်ကြိုတင် တင်ပြဖို့ မလိုတော့တာ ကျနော်တို့ ကော်မတီရဲ့ တိုက်တွန်းမှုကြောင့်လို့ထင်ပါတယ်။ ဒီကိစ္စတွေအတွက် ကျနော်တို့ တွန်း အားပေးခဲ့ပါတယ်။ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။ နှစ်စဉ် နှစ်တိုင်းပါပဲ။ ဒါကြောင့် အောင်မြင်မှုတချို့ရခဲ့တယ်လို့ ထင်ပါတယ်။
ပထမတခုအနေနဲ့ အဖမ်းခံထားရတဲ့ စာနယ်ဇင်းသမားတွေ လွတ်မြောက်လာတယ်။ နောက်တခုက ကြိုတင် တင်ပြရတဲ့ စစ်အစိုးရရဲ့ စီစစ်ရေးမူဝါဒ အဆုံးသပ်သွားတယ်။ ကျနော်တို့ရဲ့တောင်းဆိုမှုတွေကို နားလည် သဘောပေါက် ပြီးတော့ စာနယ်ဇင်းလောက နဲ့ သတင်းလွတ်လပ်ခွင့်ကို ကြမ်းတမ်းစွာချုပ်ကိုင်ထားဆဲဖြစ်တဲ့ တည်ဆဲ ဥပဒေတွေကို ရုပ် သိမ်းပေးမယ်။ အခုလွှတ်တော်ကို တင်ပြထားတဲ့ ပုံနှိပ် နဲ့ထုတ်ဝေသူများဥပဒေကိုလဲ သူသွားသင့်တဲ့ အမှိုက်ပုံးထဲ ပစ်ထည့် လိုက်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျနော်တို့ CPJ အနေနဲ့ ဆက်လက်ပြီးတော့ တောင်းဆိုတိုက်တွန်းပေး သွားမှာပါ။
အမေရိကန်အစိုးရကိုလည်း မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုပြီးတော့ အချိန်မတန်ခင် အားပေးထောက်ပံ့မှုတွေ မလုပ်ဖို့လည်း ဖိအားပေးသွားပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ (၁) ပြုပြင်ပြောင်းလဲမှုတွေဟာ ပြည့်စုံလုံလောက်မှုမရှိသေးပါဘူး (၂) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ပြောသွားသလို မဟုတ်ဘဲ သူတို့က နောက်ကြောင်းပြန်သွားနိုင်သေးတယ်။ မြန်မာအစိုးရက ရှေ့ပြေးပြုပြင်ပြောင်းလဲမှုတွေ၊ ပွင့်လင်းမှုတွေ လုပ်ပြလိုက်တာ နဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလာကြတဲ့ အစိုးရတွေကို ကျနော်တို့ ရှင်းပြရမှာပဲ။ ဖိအားတွေပေး ရဦးမှာပဲ။
ကျော်စွာမိုး။ ။ မီဒီယာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးကို ဘာတွေများ အကြံပေးချင် ပါသလဲ။
ရှောင်ခရစ်စပင်။ ။ မီဒီယာတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ကြန့်ကြာမှုနည်းနည်း ရှိခဲ့ပေမယ့် တချိန်တုန်းက အကျဉ်းချခံရဖူးတဲ့ စာနယ်ဇင်းသမားတွေ ပါဝင် ကူညီပြီး မီဒီယာ ဥပဒေအသစ်ကို ရေးဆွဲကြမယ့် စာနယ်ဇင်းကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တာဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး တခုရှိခဲ့လို့ပဲလို့ ကျနော်တို့မြင်ပါတယ်။
ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ မီဒီယာတွေနဲ့ ညှိနှိုင်းတဲ့ အခါမှာတော့ ယုံကြည်မှု အားနည်း တာကိုတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲရေးရေးအတွက် သူတို့လိုက်နာဆောင်ရွက်နေတယ်လို့ လူတိုင်းကထင်နေတဲ့ လမ်း ကြောင်းတခုကို ပြထားတယ်။ ဒါပေမယ့် နောက်ထပ် လမ်းကြောင်းတခုကနေ သူတို့ဖာသာ ရေးဆွဲထားတဲ့ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေး ဥပဒေကို ထုတ်ပြန်လိုက်တယ်။ ဒါကဘာကိုပြသလဲဆိုတော့ သူတို့ရဲ့ရည်ရွယ်ချက်က ရိုးသားမှု မရှိဘူးဆိုတာ တွေ့ရတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာတွေနဲ့ ညှိနှိုင်းတဲ့နေရာမှာ ယုံကြည်မှုမထားဘူး။ အရင် စစ်အစိုးရနှစ်ပေါင်းများစွာ သုံးခဲ့တဲ့ နည်းဗျူဟာဟောင်းကြီး အတိုင်း ဖွင့်လိုက် ပိတ်လိုက်နဲ့ ကစားချင်တယ်။ စစ်မှန်တဲ့ မီဒီယာလွတ်လပ်ခွင့်ကိုပေးဖို့ ဆန္ဒရှိပုံမရဘူး။ သူတို့က မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှာ ရောက် နေပါပြီဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက သိအောင် မီဒီယာတွေကို အသုံးပြုပြီး ပြချင်တာပဲရှိပါတယ်။ တကယ်တမ်း မှာကျတော့ အခွင့်အာဏာကို သူတို့လက်ထဲမှာ ဆက်လက်ထိန်းချုပ်ထားချင်နေတုန်းပါပဲ။ ။