ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားများတွင် အချို့ဧည့်သည်များက ဘုရားဆင်းတုတော် ပေါ်တွင် အကြည်ညိုပျက်စေသည့် အပြုအမူများဖြင့် ဓာတ်ပုံရိုက်ကြသည်ကို တွေ့မြင်ရသည်။ သီတင်းကျွတ်၊ တန်ဆောင် တိုင်မှ စတင်ကာ ပုဂံဒေသရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေစည်းခုံ၊ အာနန္ဒာ၊ အလိုတော်ပြည့်ဘုရားပွဲတော်များ ဆက် တိုက်ကျင်းပကြရာ ပြည်တွင်းသာမက ပြည်ပ ခရီးသွားများလည်း စိတ်ဝင်တစားလာရောက်လည်ပတ်ကြသည်။
ထိုသို့လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားအချို့တွင် ဒေသ၏ရိုးရာယဉ်ကျေးမှုနှင့် မဆီလျော်သည့် အပြုအမူ များအား တွေ့မြင်ရကြောင်း ပုဂံဒေသခံနှင့် ဧည့်လမ်းညွှန်များထံမှ သိရသည်။
“ရုပ်ပျက်ဆင်းပျက်ဆိုရင်တော့ ကျနော်တို့ ဧည့်လမ်းညွန်တွေအနေနဲ့ ကန့်ကွက်ပါတယ်၊ သက်ဆိုင်ရာ တာဝန်ရှိဌာနက စောင့်ကြည့်သင့်တာ၊ အဲလိုပြုမူတာတွေကို ရအောင်ဖမ်းပြီး အရေးယူတာတွေ လုပ်သင့်တယ်” ဟု ပုဂံဒေသ သို့ ရောက်ရှိ နေသည့် ဝါရင့်ဧည့်လမ်းညွှန်တဦးဖြစ်သူ ဦးသောင်းနိုင်ဦးက ပြောသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပုဂံဒေသသို့ လာ ရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွား တဦးလျှင် ဇုန်ဝင်ကြေး ၁၅ ဒေါ်လာ ကောက်ခံပြီး ပုဂံအမျိုးသား ပြတိုက်မှ အပ ပုဂံရှိ ဘုရားစေတီများအား သွားရောက်လေ့လာခွင့်ပြုထားသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိကြီး တဦးက “ရောမရောက်ရင် ရောမလို ကျင့်ရမယ်ဆိုတာ သိရမယ်လေ၊ နေရာတကာ သတိ လိုက်ပေးနေရင်လည်း
တန်ဖိုးလျော့တယ်၊ ဒါနဲ့ ပတ်သက်ပြီး ထပ်ပြီး အသိပေး၊ သတိပေးတာမျိုးတော့ မလုပ်တော့ပါဘူး” ဟု ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပုဂံရှိ ဘုရားစေတီများတွင် သတိပေးစာများ ထားရှိခြင်း ၊ဧည့်လမ်းညွှန်များအား ဆက် သွယ်အသိပေးခြင်းတို့ ပြုလုပ်ရန် အစီအစဉ်မရှိသေးဟု ၎င်းက ပြောသည်။
ဒေသထုံးတမ်းစဉ်လာယဉ်ကျေးမှုများအား နိုင်ငံခြားသားများ သိရှိလိုက်နာစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက စည်းကမ်း တင်းကျပ်စွာ ထုတ်ပြန်သင့်ပြီး စည်းကမ်းမလိုက်နာပါက တိကျစွာ အရေးယူရန် လိုအပ်ကာ ထိုမှသာ ဧည့်လမ်းညွှန်များ အနေဖြင့်လည်း နိုင်ငံက လက်မခံနိုင်သည့် အပြုအမူများအား ခိုင်ခိုင်မာမာ ပြောဆိုတားမြစ်နိုင်မည်ဟု ဧည့်လမ်းညွှန်များ က ပြောသည်။
ပုဂံဒေသတွင် တန်ခိုးကြီးဘုရားများကိုသာ တာဝန်ရှိဌာနများက ဂရုပြုစောင့်ကြည့်သော်လည်း အချို့ဘုရားစေတီဟောင်း ရင်ပြင်ပေါ်တွင် ခရီးသွားများက လျှပ်စစ်ဆိုင်ကယ်များ ဖြတ်သန်းသွားလာခြင်း၊ ဖိနပ်စီးခြင်းတို့ ပြုလုပ်သည်ကို တွေ့မြင်ရ ကြောင်း ပုဂံဒေသခံများထံမှ သိရသည်။
မန္တလေးနန်းတွင်းရှိ မင်းတုန်းမင်းတရားကြီး ရုပ်တုအနီး မြန်မာအမျိုးသမီး တဦးက မဖွယ်မရာ ပြုလုပ်သည့်ပုံအား ၂၀၁၃ ခုနှစ်က ဖေ့ဘုတ်လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနက ၎င်းနေရာအား မဝင်ရ ကန့်သတ်ခဲ့သည်။