ရက္ခိုင့် တပ်မတော်(AA) တပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပြုလုပ်၍ လက်နက်ဝယ်ယူ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း အစိုးရ၏ သတင်း ထုတ်ပြန်ချက် အပေါ် AA တပ်ဖွဲ့က တုံ့ပြန် ငြင်းဆိုလိုက်သည်။
AA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က“သူတို့ဖမ်းထားသူတွေထဲမှာ ကျနော်တို့နဲ့ တကယ်ပတ်သက်နေသူတွေပါပေမယ့် သံသယနဲ့ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ အရပ်သားတွေလည်း ရှိပါတယ်၊ မူးယစ်ဆေးဝါး ရောင်းတယ်ဆိုတာကတော့ ကျနော်တို့ကို တမင်စွပ်စွဲပြီး သိက္ခာချတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
AA တပ်ဖွဲ့မှ ဒု ဗိုလ်မှူးကြီး အဆင့်ရှိသူ ကိုအောင်မြတ်ကျော်(ခ) ညီညီစိုး(ခ) မင်းခန့်(ခ) ညီညီ ၂၆ နှစ်အား ဖေဖော်ဝါရီ ၆ ရက်က တာမွေမြို့နယ်တွင် လက်နက် ဥပဒေ ဖြင့် ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းနှင့် ဆက်စပ်နေသူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် လက်နက်တင်သွင်းမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။
ယင်းသတင်း ဖော်ပြချက်တွင် ကိုအောင်မြတ်ကျော်နှင့် အတူနေထိုင်သူ ကိုဝေသာထွန်း(ခ) ကိုမျိုးဇော် ၃၃ နှစ်အား ဆက်လက် ဖမ်းဆီး စစ်ဆေးခဲ့ရာတွင် ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ရှိ နေအိမ်များမှ မူးယစ် ဆေးဝါး နှင့် လက်နက်မျိုးစုံကို ဖမ်းဆီးရမိခဲ့ကြောင်းလည်း ပါရှိသည်။
ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်များအရ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီး ကျေးရွာအုပ်စုအတွင်းရှိ AA တပ်ဖွဲ့ပိုင် ပုစွန် ကန်များအနီးတွင်လည်း လက်နက်မျိုးစုံနှင့် ကျည်ဆန်များကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
AA အနေဖြင့် အစိုးရသတင်းစာပါ အချက်အလက်များနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကိုသာ ငြင်းဆိုခဲ့ပြီး လက်နက် ခဲယမ်းများနှင့် ပတ်သက်၍ ယတိပြတ်ငြင်းဆိုခြင်း မရှိပေ။
လက်ရှိဖမ်းမိထားသူများ၏ စစ်ဆေးဖော်ထုတ်မှုများအရ လက်နက်ခဲယမ်းများကို ပြင်ဦးလွင်၊ ဘားအံ၊ ရန်ကုန်မြို့များမှ စစ်တွေမြို့သို့ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ် ၂ နှစ်အတွင်း စုစုပေါင်း ၁၄ ကြိမ် ပို့ဆောင်ခဲ့ပြီး လက်နက်ငယ် ၃၄၅ လက်၊ လက်နက်ငယ် ကျည်မျိုးစုံ ၈၀,၂၀၀ တောင့်၊ RPG ၁၆ လက်၊ RPG ဗုံးသီး ၂၁၃ လုံး၊ လက်ပစ်ဗုံး ၃၀၀ လုံး၊ TNT ယမ်း ၇၅၀ တောင့်၊ မိုင်း ၄၀ လုံး၊ ဆက်သွယ် ရေး အထိုင်စက် ၂ လုံး၊ လမ်းလျှောက် စကားပြောစက် ၃၃ လုံး၊ ချပ်ဝတ် အစုံ ၁၅၀ နှင့် အခြားဆက်စပ်ပစ္စည်း မျိုးစုံပါဝင်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
အစိုးရ တပ်မတော်နှင့် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ဦးဆောင်သည့် AA တပ်ဖွဲ့များကြား တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း မိုင်တိုင် ၆၃-၆၄ တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း AA တပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနက ပြောသည်။
၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍လည်း အစိုးရက AA တပ်ဖွဲ့ဝင်ဆိုသူ ၂၀ ခန့်ကို မတရား အသင်း ဆက်သွယ်မှု ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ကျောက်တော်တရားရုံးတွင် အမှုရင်ဆိုင်နေဆဲဖြစ် သည်။
AA တပ်ဖွဲ့သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးခြင်း မရှိသည့် အဖွဲ့တဖွဲ့လည်း ဖြစ် သည်။