ကျိုက်ထီးရိုးရှိ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံ ကာ ကျိုက်ထီးရိုးတောင်တော်ဒေသ၌ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ဥပေဒေလုပ်ထုံးလုပ်နည်း များ ကျော်လွန်ဆောင်ရွက်နေမှုနှင့် တောင်တော်ဒေသ တရားဥပဒေစိုးမိုးရေးလိုအပ်မှုများကို သိမြင်နား လည်၍ လိုက်နာဆောင်ရွက်ခြင်းပြုမည်ဖြစ်ကြောင်း ဝန်ခံကတိပြုခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
လိုက်နာရမည့်အချက်များမှာ
(၁) ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ဒေသတွင် ရိုးရိုးလေးကုမ္ပဏီက ဆောက်လုပ်ထားသော ဟိုတယ်(၇)လုံး၊ အခန်း(၂၄၁)ခန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနက သတ်မှတ်ထား သော စည်းမျဉ်း စည်းကမ်းများနှင့်အညီ သတ်မှတ်ချိန် အတွင်းပြင်ဆင် တည်ဆောက်၍ ဆောက်လုပ် ထားသော ဟိုတယ်ဆောင်များကိုလည်း တည်ဆဲဥပဒေ လုပ်ထုံးလုပ် နည်းများနှင့် အညီဖြစ်စေရေး ဆောင်ရွက်ရန်
(၂) ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဝတ္တကမြေအတွင်း ရိုးရိုးလေးကုမ္ပဏီ တည်ခိုးခန်း အဖြစ် တည်ဆောက်ထားသော ရွှေနန်းကျင်ဓမ္မာရုံ၊ ထောက်လှမ်းရေးဓမ္မာရုံတို့ကို ဘုရားဖူးပြည်သူများ အခမဲ့ တည်းခိုနိုင်ရန် လက်ရှိအခြေအနေအတိုင်း ကျိုက်ထီးရိုးဂေါပက (အသစ်) ထံစနစ်တကျ လွှဲပြောင်းရန်
(၃) ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့နှင့်ချုပ်ဆိုထားသောစီးပွားရေးလုပ်ငန်းဆိုင်ရာ ကန်ထရိုက် စာချုပ် များကို ဖျက်သိမ်းပေးရန်
(၄) ဦးနေထက်သိန်းနိုင်အနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသော အခွန် အရပ်ရပ်ကို တည်ဆဲ ဥပဒေနှင့်အညီ စစ်ဆေးမှုခံယူ၍ ပေးသွင်းပါရန် တို့ကို ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကျိုက်ထီးရိုးဒေသ တရားဥပဒေစိုးမိုးရန်၊ ဘုရားဖူးရဟန်း ရှင်လူ ပြည်သူအများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ဘုရားဖူး နိုင်ရန် ဂေါပကအဖွဲ့ကို ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းကာ ကျိုက်ထီးရိုး ဘုရား ဝတ္တကမြေအတွင်းရှိ ဓမ္မာရုံများ၌ ပြည်သူများ အခမဲ့ တည်းခိုနိုင်ရေး၊ အလှူငွေများနှင့် ပတ်သက်၍ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းကာ ဂေါပကအဖွဲ့ကြီးကြပ်မှုဖြင့် ဝန်ထမ်းများခန့်ထားကာ အလှူခံပုံးသို့ ထည့်သွင်း လှူဒါန်းထိန်းသိမ်းသည့် စနစ်ကိုကျင့်သုံးမည်ဖြစ်ပြီး၊ ကျိုက်ထီးရိုးဆံတော်ရှင် သို့လှူဒါန်းမည့် ရွှေဆိုင်းများ အရည်အသွေးပြည်မီ၍ စျေးနှုန်းမှန်ကန်ရေးကို ကြီးကြပ် လုပ်ဆောင်မည် ဟု သိရသည်။