မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ကူမဲအုပ်စု ဘိုတဲရပ်ကွက်အတွင်း တရားမဝင်လာရောက်၍ အိမ်ငှားနေထိုင်နေကြသည့် တရုတ်နိုင်ငံသား ၄ ဦးနှင့် စကားပြန် ၁ ဦးကို နိုဝင်ဘာ ၃၀ ရက် ညပိုင်းက မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတို့ ပူးပေါင်းရှာဖွေတွေ့ရှိ၍ စစ်ဆေးနေကြောင်း သိရသည်။
မန္တလေးတိုင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးဝင်းမြင့်က “လောလောဆယ် ဖမ်းထားတာတော့ မဟုတ်သေးဘူး။ စစ်ဆေးနေတာပါ။ တရုတ်နိုင်ငံသားတွေဆိုတာ ဟုတ်တယ်။ အိမ်ငှားနေကြတာ၊ ဖရဲသခွား စိုက်နေတယ်၊ သူတို့က လဝကကို သတင်းမပို့ထားကြဘူး” ဟု ပြောသည်။
ထိုတရုတ်နိုင်ငံသားများသည် မြစ်သားမြို့နယ်၊ လမ်းခွကျေးရွာ အုပ်စုပိုင်၊ ပေတောရွာတွင် မြေ ၁ ဧကလျှင် ကျပ် ၂၃၀,၀၀၀ ဖြင့်ငှားရမ်းပြီး ဖရဲသခွား စိုက်ပျိုးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့လက်ရှိနေထိုင်နေကြသည့် ယခုနေအိမ်ကို ၁ လလျှင် ကျပ် ၁ သိန်းခွဲဖြင့် ငှားရမ်းနေထိုင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ၎င်းက ဆိုသည်။
မန္တလေးတိုင်းအတွင်း တရုတ်နိုင်ငံသားများ ဝင်ရောက်နေထိုင်ပြီး မြေငှား၍ ဖရဲသခွား စိုက်ပျိုးနေမှုကို မြစ်သားမြို့နယ် သာမက ကျောက်ဆည်၊ နွားထိုးကြီး၊ ငါန်းဇွန်၊ မြင်းခြံ၊ တံတားဦး၊ စဥ့်ကိုင်မြို့နယ်များတွင်လည်း ဒေသခံတောင်သူနှင့် ဖက်စပ် အကျိုးတူစနစ်၊ အငှားစနစ်များဖြင့် ဖရဲ၊ သခွားမွှေး သီးနှံများကို စိုက်ပျိုးနေကြသည်ဟု တံတားဦးမြို့ခံ ဖရဲစိုက်တောင်သူ ဦးသက်နိုင်က ပြောသည်။
ယခုစစ်ဆေးတွေ့ရှိရသည့် တရုတ်နိုင်ငံသား ၄ ဦးကို တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ကူမဲအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ကူမဲနယ်မြေ ရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြစ်သားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဝန်ထမ်းများ ပူးပေါင်းမှုဖြင့် ဝင်ရောက်ရှာဖွေတွေ့ရှိ၍ ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။
“ခုလိုစစ်ဆေးတော့ အိမ်ငှားနေတယ်ဆိုတာကို တွေ့ရတယ်။ ဘယ်ကိုမှလည်း သတင်းပို့ မထားဘူး။ သတင်းပို့ ပျက်ကွက်တော့ အရေးယူခံရမယ်။ သတင်းပို့ ပျက်ကွက်အတွက် နိုင်ငံခြားသားကို အရေးယူမှာ မဟုတ်ဘူး။ အိမ်ရှင်နဲ့ ငှားတဲ့တာဝန်ခံ အရေးယူခံရမယ်။ နိုင်ငံခြားသားကိုတော့ ပြည်နှင်ဒဏ်ပေးရမှာ” ဟု ဦးဝင်းမြင့်က ဆိုသည်။
မြန်မာနိုင်ငံ၏ တည်ဆဲ လ.ဝ.က ဥပဒေများ၌ နိုင်ငံခြားသားများ နေအိမ်ငှားရမ်း နေထိုင်ခွင့် မရှိသော်လည်း နေထိုင်ခွင့်ရရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းသို့ ကြိုတင်အသိပေးရမည် ဖြစ်ကြောင်းနှင့် ခရီးသွားဗီဇာဖြင့် လာရောက်ပါက သတ်မှတ်ထားသော ဟိုတယ်များ၌သာ တည်းခိုရမည်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။
ယခုစစ်ဆေးနေသည့် တရုတ်နိုင်ငံသားများသည် လ.ဝ.က စည်းကမ်းများကို ဖောက်ဖျက်ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများထံ လွှဲပြောင်းပေးအပ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ဦးဝင်းမြင့်က ဆက်ပြောသည်။
မန္တလေးတိုင်းအတွင်းရှိ လယ်ယာမြေများကို ငှားရမ်း၌ ဖရဲ၊ သခွားမွှေးများ လာရောက်စိုက်ပျိုးနေသည့် တရုတ်နိုင်ငံသားများနှင့် ပက်သက်၍ မန္တလေးတိုင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျင်မောင်က “တောင်သူတွေ ပိုင်ဆိုင်တဲ့ မြေပေါ်မှာ နိုင်ငံခြားသားက အကျိုးတူ လာရောက်လုပ်ဆောင်နေတာကို ကျွန်တော်တို့ ဌာနအနေနဲ့က ပိုးသတ်ဆေးနဲ့ မြေသြဇာ အသုံးပြုမှုကိုသာ စိစစ်လို့ ရနိုင်မယ်။ တောင်သူနဲ့ တရုတ်လုပ်ငန်းရှင် နှစ်ဦးသဘောတူ လုပ်ကြတဲ့ကိစ္စကို ဌာနအနေနဲ့ မလုပ်ရဘူးဆိုပြီး ကန့်သတ်လို့ မရပါဘူး”ဟု ပြောသည်။
မန္တလေးတိုင်းတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန် အထိ ပြည်နှင်ဒဏ် ပေးခံရသည့် နိုင်ငံခြားသား ၁၈ ဦး ရှိသည့်အနက် တရုတ်နိုင်ငံသား ၁၃ ဦး ပါဝင်ပြီး၊ ထိုတရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်း လာရောက် လည်ပတ်စဉ် တရားမဝင် အိမ်ငှားနေထိုင်မှု၊ ယာဉ်တိုက်မှုနှင့် ဆိုင်ကယ်စီးဦးထုတ် မဆောင်းမှုတို့ကြောင့် ပြည်နှင်ဒဏ် ပေးခြင်း ခံကြရသူများဖြစ်ကြောင်း မန္တလေးတိုင်း လ.ဝ.က မှ သိရသည်။