အာဆီယံ ဆန်တင်ပို့နိုင်ငံများ ပူးပေါင်းဖွဲ့စည်းမည့် ဆန်ကုန်သည်အဖွဲ့အစည်းတွင် မြန်မာနိုင်ငံက ပါဝင်ရန် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ ပူးပေါင်းကာ အာဆီယံ ဆန်ကုန်သည်များ အဖွဲ့ကို တည်ထောင်ရန် ရှိကြောင်း မတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ ပါ့ခ်ရွိုင်ရယ်ဟိုတယ်တွင် ကျင်းပသည့် Regional Rice Dialogue တွင် မြန်မာနိုင်ငံဆန် စပါးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်းက ဧရာဝတီသို့ ပြောကြားသည်။
အာဆီယံ ဆန်တင်ပို့နိုင်ငံများ အသင်းတွင် မြန်မာ ပါဝင်နိုင်ရေး အစိုးရဘက်က သဘောတူထားပြီး ဖြစ်သော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်က ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။
“လယ်သမားတွေအတွက်ပါ ထည့်သွင်း စဉ်းစားထားတယ်။ ဒါပေမဲ့ တောင်းဆိုတာကျတော့ အစိုးရဘက်က လုပ်ပေးမှရမယ်။ ပုဂ္ဂလိက အနေနဲ့ကတော့ လိုချင်တာကို ဆွေးနွေးထားတာပေါ့။ ထိုင်း၊ ဗီယက်နမ်နဲ့ အရင် ပူးပေါင်းကြည့်မှာပါ” ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။
ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့နှင့် အကျိုးတူ ပူးပေါင်းရာတွင် ဈေးကွက်ကိစ္စများနှင့် နိုင်ငံတခုနှင့်တခု လက်တွေ့ကျင့်သုံးနေသည့် ဆန်စပါးဆိုင်ရာ အချက်အလက်များနှင့် ဆန်အရည်အသွေး အခြေအနေများ၏ အချက်အလက်များကို အချင်းချင်း ဆွေးနွေးထောက်ပြခြင်းကို စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အကျိုးတူ ပူးပေါင်းမည့်နိုင်ငံများက မြန်မာနိုင်ငံ၏ ဆန်စပါးဈေးနှုန်းနှင့် အရည်အသွေး မြင့်တက်လာရေးကိုသာ အလိုရှိနေပြီး မြန်မာနိုင်ငံဘက်ကလည်း လယ်သမားများ၏ အဆင့်အတန်းနှင့် ထုတ်လုပ်မှု အရည်အသွေး တိုးတက်လာရေးကို ဦးတည်ကာ ဆွေးနွေးနေသဖြင့် ဆန်တင်ပို့နိုင်ငံကြီးများ အသင်း တည်ထောင်ရန်အတွက် မူအားဖြင့်သာ သဘောတူထားပြီး ပူးပေါင်းရန် ပုဂ္ဂလိကပိုင်းက ဆက်လက် ဆွေးနွေးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ထိုင်းနဲ့ ဗီယက်နမ်က မြန်မာ့ဆန်ကို ယူချင်တာ မဟုတ်ဘူး။ သူတို့နိုင်ငံက ဆန်တွေကိုတောင် မြန်မာနိုင်ငံထဲ ပြန်သွင်းချင်နေတာ။ မြန်မာကလည်း နိုင်ငံတကာ ဆန်ဈေးကွက်ဝင်အောင် သွားနေရတာတွေ ရှိတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
အသင်း၏ ဒုတိယ ဥက္ကဌ ဦးစိန်ဝင်းလှိုင်က ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံသည် တရုတ်နိုင်ငံ ဖြစ်နေသော်လည်း ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ တရုတ်သို့ ဆန်ပမာဏ အများအပြား တင်ပို့မှုကို လိုအပ်နေသည်ဟု ဆိုသည်။
“ဥပဒေတွေ ဘယ်လို ပြောင်းပြောင်း ဆန်တင်သွင်း၊ တင်ပို့နေတာတွေကို တားမြစ် ပိတ်ပင်နေမယ်ဆိုရင်တော့ အာဆီယံ ဆန်ကုန်သည် အဖွဲ့အစည်း ဖြစ်လာနိုင်မယ် မထင်ဘူး” ဟု ထိုင်း ဆန်တင်ပို့ ကုန်သည်များအသင်း ဥက္ကဌ Korbsook Iamsuri က Regional Rice Dialogue ပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံသည် ဆန်တင်ပို့မှု အများဆုံးနိုင်ငံတခု ဖြစ်လာရေးကို ဦးတည် ကြိုးပမ်းနေသော်လည်း လယ်သမားများ၏ အဓိက လိုအပ်ချက်များဖြစ်သည့် သွင်းအားစုနှင့် မျိုးစေ့များကို အစိုးရဘက်က ထောက်ပံ့ပေးမှသာ ဆန်ထွက်နှုန်း မြင့်လာပြီး ဆန်တင်ပို့မှု တိုးတက်လာဖွယ်ရှိကြောင်း ဆန်စပါး လုပ်ငန်းရှင်များက သုံးသပ်သည်။
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံက နယ်စပ်ထွက်ပေါက်မှ အပါအဝင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့ပြီး လာမည့် ၂၀၁၃- ၂၀၁၄တွင် ဆန် တန်ချိန် ၂ သန်းကျော်နှင့် ၂၀၁၉ တွင် ဆန်တန်ချိန် ၄ သန်းကျော် တင်ပို့နိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။