မြစ်တွေကိုဖြတ်၊ ရွာတွေနဲ့ လက်တကမ်း ကနေဖြတ်၊ ပြီးတော့ ရွာတွေထဲကိုလည်း မကြာမကြာဖြတ်ပြီး မြန်မာပြည် အနောက် ဘက်ကနေ အရှေ့မြောက် အထိ တည်ဆောက်ထားတဲ့ ၂ ကြောင်းပြိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ ကြည့်လိုက်ရင် ခွဲစိပ်ရာကြီးတွေ အတိုင်းပါပဲ။
တရုတ်နိုင်ငံတောင်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမယ့် ဒီပိုက်လိုင်းတွေဟာ ရေရှည်စွမ်းအင် လိုအပ်ချက် ရှိနေတဲ့ မြန်မာပြည်အတွက်တော့ အနည်ငယ်ပဲ အကျိုးရှိပါလိမ့်မယ်။ အခုဆိုရင် နိုင်ငံတဝန်းက မြို့ကြီး တွေမှာ လူထုက ဖယောင်းတိုင်တွေထွန်းလို့ လျှပ်စစ်မီးရရေးအတွက် ဆန္ဒပြတောင်းဆိုနေကြပါပြီ။
ပိုက်လိုင်းတွေ တရုတ်ပြည်ထဲမဝင်ခင် နောက်ဆုံးရပ်နားရာနေရာတခုဖြစ်တဲ့ သီပေါမြို့ပတ်လည်ကရွာတွေမှာတော့ ဘာတွေဖြစ်နေသလဲဆိုတာနဲ့ပတ်သက်ပြီး ဒေသခံလူထုကို သေသေချာချာ ရှင်းပြထားပုံမပေါ်ပါဘူး။ အန္တရာယ်ရှိတဲ့ အလုပ်တွေကို ဝိုင်းကူဖို့ ခြိမ်းခြောက်ဖိအားပေးခံရတဲ့ လူတွေတောင်မှပဲ ပိုက်လိုင်းစီမံကိန်းဆိုတာဘာလဲ ဂဃနဏ မသိကြပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လက အစိုးရတပ်ဖွဲ့တွေ ပိုက်လိုင်းလုံခြုံရေးအတွက် လိုအပ်တာဝိုင်းကူဖို့ လူရှာတဲ့အချိန်မှာ ကိုစိုင်း ကျော်လည်း အခြားလူတွေနဲ့အတူ ပေါ်တာဆွဲခံရပြီး ပိုက်လိုင်းတလျှောက် နာရီပေါင်းများစွာ ပစ္စည်းတွေ ထမ်းခဲ့ရပါ တယ်။
သီပေါမြို့အနောက်ဘက် ၅ ကီလိုမီတာအကွာမှာရှိတဲ့ သူ့အိမ်ရှေ့ ကပြင်လေးမှာထိုင်ရင်း သူဘာတွေကြုံခဲ့ရတယ် ဆိုတာ ကိုစိုင်းကျော် က ရှင်းပြပါတယ်။ ပိုက်လိုင်းဟာ တချိန်တုန်းက စပါးခင်းတွေပြည့်နေတဲ့ သူ့ခြံရှေ့ မီတာ အနည်းငယ် အတွင်း
မှာပဲ ရှိနေတာပါ။
အဲ့ဒီ စတီး ဆလင်ဒါ ပိုက်လိုင်းတွေဟာ တရုတ်နိုင်ငံကို ဦးတည်နေတာလို့ ကျနော်ရှင်းပြပေမယ့် သူ့အမူအရာက ငေးငေး ငိုင်ငိုင် ပါပဲ။ ဒါပေမယ့် အနီရောင်ဘွိုင်လာဝတ်စုံတွေ ဝတ်ထားပြီး အဲ့ဒီလယ်ကွင်းတွေထဲမှာ လွန်ခဲ့တဲ့၂ နှစ်လောက်က လာနေ သွားကြသူတွေကိုတော့ တရုတ်အလုပ်သမားတွေမှန်း သူသိပါတယ်။
ပိုက်လိုင်းတလျှောက်က တချို့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ တရုတ်အလုပ်သမားအရေအတွက်ဟာ မြန်မာ အလုပ် သမားတွေထက် ၃ ဆ ၁ ဆ ပိုများပါတယ်။ တရုတ်နိုင်ငံရဲ့ ဘယ်နိုင်ငံရပ်ခြားစီမံကိန်းမှာမဆို ဒေသခံပြည်သူ လူထု အကျိုးရှိဖို့နည်းလမ်း နည်းပါးလှပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကုမ္ပဏီတွေက ကိုယ့်အလုပ်သမား ကိုယ်ခေါ်သွားရမယ်လို့ တရုတ်အစိုးရက ပြဌာန်းထားတာကိုး။ အဲ့ဒီလို ပြဌာန်းထားတာရယ် ပြီးတော့ ဘင်္ဂလားပင်လယ် အော်မှာရှိတဲ့ မြန်မာ့ ဓာတ်ငွေ့တွင်းတွေက ထုတ်ယူနေတဲ့ သဘာဝဓာတ်ငွေ့ကို စွမ်းအင်ငတ်မွတ်နေတဲ့ ပြည်တွင်း ဈေးကွက်မှာ မဖြန့်ဘူး ဆို တာ တွေက လူတွေကို ဒေါသဖြစ်စေတာပေါ့။
ဒါတွေအပြင် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ “ဗမာအစိုးရက ပိုက်လိုင်းကရမယ့် ငွေတွေနဲ့ လက်နက် ခဲယမ်းတွေဝယ်မယ်၊ ပြီးရင် ပြန်လာပြီး ရှမ်းတွေကို ပစ်ခတ်ဦးမယ်လေ”လို့ ၂၀၁၀ တုန်းက သူ့လယ်မြေတွေ အသိမ်းခံ လိုက်ရတဲ့ လယ်သမား ကိုအိစိုင်းက ဆိုပါတယ်။
သူ့ရဲ့ စိုးရိမ်ချက်က လူများစုဖြစ်တဲ့ ဗမာလူမျိုးတွေအပေါ် ရှမ်းလူမျိုးတွေက လုံးဝ အယုံအကြည်မရှိဘူး ဆိုတာကို ပြဆို နေ တာပါပဲ။ ဒီ မယုံကြည်မှုကလည်း ဆယ်စုနှစ်နဲ့ချီပြီး မတရားသဖြင့် ဆက်ဆံခံခဲ့ရတာကြောင့် ကြီးထွားလာခဲ့တာပါ။
“ဗမာတွေက သူတို့ကို ကိုလိုနီလုပ်တယ်လို့ ရှမ်းတွေက ခံစားရတယ်၊ အရင်တုန်းကတော့ ဂျပန်နဲ့ အင်္ဂလိပ်က ရှမ်းတွေကို ကိုလိုနီလုပ်ခဲ့တယ်၊ အခုကတော့ ဗမာကနောက်တခါ သူတို့ကို ကိုလိုနီပြန်လုပ်တယ်လို့ ခံစားရတာ”လို့ ကိုအိစိုင်းက ပြောပါတယ်။
ရှမ်းပြည်နယ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိစေရမယ်လို့ ၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေး ထိုးခဲ့တဲ့ ပင်လုံစာချုပ်မှာ ဆိုခဲ့ပေမယ့် စာချုပ်ပါ ကတိကဝတ်တွေ ပျက်ခဲ့တာမို့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည် လွှတ် တော်ထဲရောက်နေတာကိုတောင် သတိထားစောင့်ကြည့်နေတာမျိုး ရှိတယ်လို့လည်း ကိုအိစိုင်းက ဆက်ပြောပါသေးတယ်။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ သူများနဲ့မတူတာလုပ်နိုင်ပါ့မလားလို့ မေးကြည့်တဲ့အခါ သူက “ဒေါ်စု လွှတ်တော်ထဲရှိနေလို့ ကျနော်တို့ဘဝတွေ ပိုကောင်းလာမလား၊ ကျနော်တို့တော့ မသေချာဘူး။ သူက ဗမာတွေအတွက်တော့ အများကြီးလုပ်နေတာပဲ၊ ရှမ်း တွေ အတွက်တော့ မဟုတ်ဘူး”လို့ ဆိုပါတယ်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည်မှာ လာလုပ်ကြဖို့ သတိ ထားပြီး ဖိတ်ခေါ်ခဲ့သလို ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုက သူတို့ မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင် ရာ ဒဏ်ခတ်အရေးယူမှု ဆိုင်းငံ့လိုက်တာကိုလည်း ထောက်ခံအားပေးခဲ့ပါတယ်။ ဒါပေမယ့် စစ်အုပ်စုနဲ့ဆက်နွှယ်နေတဲ့ စီးပွား ရေး လုပ်ငန်းတွေ ဆက်ရှိနေသေးတယ်။ ပြီးတော့ အထူးသဖြင့် စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်လာမယ့် အပျက်အစီးတွေကို ထိန်းချုပ်ဖို့ စည်းမျဉ်းစည်းကမ်းတွေလည်း မရှိသေးဘူးလို့ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက သတိ ပေးကြပါတယ်။
သီပေါမှာတော့ ဒီကိစ္စတွေကို အကြမ်းဖျင်းလောက်ပဲ ပြောဖြစ်ကြပါတယ်။ ပိုက်လိုင်းဖောက်ဖို့ လယ်သမားတွေ သူတို့မြေပေါ်က အဖယ်မခံရခင် ဘာမှညှိနှိုင်းတာမရှိခဲ့ပါဘူး။ သူတို့ မြေပေါ်မှာ ပိုက်လိုင်းသွယ်ဖို့လည်း ခွင့်ပြုချက် မတောင်းခဲ့ပါဘူး။ လူ အနည်းငယ်လောက်ကပဲ သူတို့ ဘယ်ကို ပြောင်းရမလဲ ဆိုတာကို ရွေးချယ်ခွင့်ရခဲ့တာပါ။
ဒီလို လူမဆန်တဲ့၊ လူ့ဂုဏ်သိက္ခာကိုကင်းမဲ့စေတဲ့ လုပ်ရပ်တွေဟာ ကီလိုမီတာ ၁၁၀၀ ရှည် ပိုက်လိုင်းတလျှောက် နေထိုင်ကြ တဲ့ ပြည်သူလူထုကို ပိုလို့အထိနာစေပါတယ်။ ငါတို့ဟာ ပိုက်လိုင်းအတွက် အတားအဆီးတွေဖြစ်နေတာမို့ ရှင်းထုတ်ဖို့လိုတဲ့ လူတွေပါလားလို့ ခံစားရစေပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လမှာထုတ်ပြန်ခဲ့တဲ့ EarthRights International ရဲ့ စစ်တမ်းတခုမှာဆိုရင် ပြည်သူတွေရဲ့တကယ့်ခံစားချက်ကို ထင်ဟပ်ထားပါတယ်။ အဲ့ဒီစစ်တမ်း အရ ရှမ်းပြည်နယ်ထဲက တွေ့ဆုံမေးမြန်းခဲ့တဲ့ လူ ၁၀၀ မှာ ဘယ်သူကမှ ပိုက်လိုင်းကို မနှစ်မြို့ဘူးလို့ သိရပါတယ်။
တဖက်မှာ ချိုးဖောက်မှုတွေရှိနေပေမယ့် အခြားတဖက်မှာလည်း အလုပ်သမားသမဂ္ဂဥပဒေ ပြန်ပြင်ဖို့လုပ်နေတာနဲ့ အနိမ့်ဆုံးအဆင့် အစိုးရထဲမှာ တချို့လူတွေက အတိုက်အခံကို အာဏာသုံးနှိပ်ကွပ်ဖို့ တွန့်ဆုတ်နေတာတွေက သီပေါ လယ်သမားထုအတွက် အားတက်စရာဖြစ်စေပါတယ်။ ဒါကြောင့် သူတို့က အမြုတေ လယ်သမားသမဂ္ဂတရပ်ကို သီပေါမှာ ဖွဲ့စည်းလိုက်ကြပါပြီ။
ပိုက်လိုင်းကြောင့် တနည်းနည်းနဲ့ ဒုက္ခရောက်ခဲ့ရတဲ့ လူ ၂၀ လောက်နဲ့ သီပေါမြို့အစွန်က အိမ်တလုံးမှာ ကျနော် ထိုင်စကားပြောဖြစ်ခဲ့ပါတယ်။ အများစုက မြေသိမ်းခံရသူတွေပါ။ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတဲ့အခါ မြေယာသိမ်းမှုက လျစ်လျူရှုခံရလေ့ ရှိပါတယ်။
သူတို့ထဲက တယောက်ဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ သူ့မြေပေါ်က မောင်းထုတ်ခံရပြီးတဲ့နောက် လျော်ကြေးငွေ ဒေါ်လာ ၁၈၃၀ ရတယ်လို့ ကျနော့်ကို ပြောပြပါတယ်။ တခြားသူတွေကတော့ သူတို့အသိမ်းခံရတဲ့ လယ်မြေတွေ အတွက် ၁ ဧကကို အများဆုံး ဒေါ်လာ ၃၆၆၀ အထိ ရတယ်လို့ ပြောပြကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက အထူးသဖြင့် နမ့်ခမ်းမြို့အနီးတဝိုက်မှာတော့ မြေသြဇာပိုကောင်းပြီး မြေဈေးတွေပိုမြင့်တာမို့ တခါတလေမှာ လျော်ကြေးငွေ ၁ ဧကကို ဒေါ်လာ ၁၈၅၀၀ အထိရတယ်လို့ သိရပါတယ်။ တရုတ် နယ်စပ်ဘက်မှာဆိုရင်လည်း အာဏာပိုင်တွေက လျော်ကြေးအဖြစ် အစားထိုးမြေရော ငွေပါပေးတယ်လို့ သိရပါတယ်။
ဒီလိုမျိုး အဖွဲ့အစည်းတရပ်ဖွဲ့ပြီး ချိုးဖောက်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ သက်ဆိုင်ရာကို တင်ပြတာမျိုးဟာ ပြီးခဲ့ တဲ့ ၁ နှစ်လောက်ကအထိတောင် စိတ်ကူးလို့ရတာမျိး မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလယ်သမားတွေကတော့ လက်ရှိ အခြေအနေအပေါ်မှာ အမြင်အမျိုးမျိုးရှိနေကြဆဲပါ။ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ အမည်ခံ တိုးတက်မှုတွေက အုပ်ချုပ်မှုကဏ္ဍ အများအပြားမှာရှိတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကို လျှော့ချဖို့ ရည်ရွယ်တယ်ဆိုပေမယ့် တချို့သဘောထားတွေ ပြောင်းမပြောင်း ဆို တာက သမ္မတ ဦးသိန်းစိန် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပေါ်မှာ မူတည်တယ်လို့ အများက ယူဆကြပါတယ်။ နိုင်ငံ တကာ မျက်နှာစာနဲ့ အလှမ်းဝေးတဲ့ ဒေသဆိုင်ရာအဆင့်တွေမှာဆိုရင် အာဏာပိုင်တွေက အချိုးဖောက်ခံရလို့ တိုင်ကြားသူ တွေ ကို ခြိမ်းခြောက်တာ၊ နှောင့်ယှက်တာတွေ ဆက်လုပ်နေတဲ့အတွက် ဖြစ်ပါတယ်။
လယ်သမားတွေကတော့ သူတို့သမဂ္ဂဟာ တဖြည်းဖြည်း တိုးတက်လာလိမ့်မယ်လို့ ပြောကြပါတယ်။ သမဂ္ဂအနေ နဲ့လုပ်နိုင်တာအပေါ် သူတို့စိတ်ချယုံကြည်မှုရှိတယ်ဆိုရင် ရှေ့လာမယ့်နှစ် ဒါမှမဟုတ်လည်း နောက်နစ်မှာ သူတို့ သမဂ္ဂ ကို တရားဝင် မှတ်ပုံတင်ဖို့ ကြိုးစားမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဒေသဆိုင်ရာမူဝါဒတွေက အပြောင်းအလဲ မရှိဘဲ အရင်အတိုင်း ဆက်ရှိနေမယ်ဆိုရင်တော့ သူတို့ သမဂ္ဂအတွက် အန္တရာယ်အရမ်းကြီးလှပါတယ်။
ဒါ့ပြင် သီပေါမှာရှိတဲ့ လူအားလုံးကလည်း ပိုက်လိုင်းနဲ့ပတ်သက်ပြီး ခံစားချက်မကောင်းဖြစ်ကြတာ မဟုတ်ပါဘူး။ ပိုက်လိုင်း စီမံကိန်းက ရတဲ့ငွေဟာ စစ်တပ်ကိုတိုက်ရိုက်ပေးရမယ့် အစိုးရဘတ်ဂျတ် ၂၃ ရာခိုင်နှုန်းအတွက် အထောက်အကူဖြစ်စေတာ ကို သူနားလည်တဲ့အကြောင်း တချိန်တည်းမှာလည်း ဒီစီမံကိန်းက ဒေသခံတွေအတွက် အကျိုးရှိ တယ်လို့ သူထင်တဲ့အကြောင်း သီပေါမြို့က ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုပါတယ်။
“ရွာသားတွေက ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာတော့ မပါကြဘူး၊ ဒါပေမယ့် သူတို့ ပိုက်ဆံအများကြီး ရကြတယ်။ အရင် တုန်း က ဆိုရင် ဒီဒေသထဲမှာ တချို့စီမံကိန်းတွေက လျော်ကြေးငွေ နည်းနည်းပဲပေးတာမို့ ဘယ်သူမှ မယူချင်ကြဘူး။ အဲ့ဒါတွေနဲ့ယှဉ်ရင် အခုပိုက်လိုင်းစီမံကိန်းကနေ သူတို့ရတဲ့ငွေက အများကြီးပေါ့” လို့ သူကပြောပါတယ်။
လယ်သမားတွေက လျော်ကြေးရတဲ့အပေါ် “ဝမ်းသာကြတယ်”။ ပြီးတော့ ပိုက်လိုင်းတည်ဆောက်နေတဲ့ တရုတ် အမျိုးသား ရေနံ ကုမ္ပဏီ (China National Petroleum Company) က သူတို့ကို ၃ နှစ်အတွင်း သူတို့မြေပေါ် ပြန်လာခွင့်ပြုမှာပါလို့ ပြောတယ်လို့လည်း သူက ဆိုပါသေးတယ်။
ဒါပေမယ့် ၃ နှစ်ဆိုတဲ့ကာလအတွင်းမှာ ပြဿနာတွေ အများကြီး ရှိကောင်းရှိနိုင်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တွေကို ၆ ပေနက်တဲ့ မြောင်းတလျှောက်မြှုပ်ဖို့ မြေတွေတူးထုတ်ရမှာမို့ ပိုက်လိုင်းပတ်ပတ်လည်မှာရှိတဲ့ မြေအတော်များများက ကျောက်တွေနဲ့ ဖုံးသွားမှာပါ။ ပြီးတော့ အခုဆိုရင် ရေသွယ်တဲ့ပိုက်တွေကလည်း အဲ့ဒီ ပိုက် လိုင်းတွေကြောင့် အတားအဆီးဖြစ်နေပါပြီ။ တချို့ပိုက်တွေဆိုရင် အဲ့ဒီပိုက်လိုင်းတွေအောက်ကနေ ပြွန်နဲ့ သွယ်တန်းရမှာမို့ အရမ်းကျဉ်းသွားပြီး ရေ လုံလုံ လောက်လောက်ဖြန့်ဝေပေးနိုင်မှာ မဟုတ်တော့ပါဘူး။
လက်တွေ့မှာတော့ ပိုက်လိုင်းစီမံကိန်းနဲ့ပတ်သက်ပြီး ဆန့်ကျင်နေမှုတွေက အဲ့ဒီစီမံကိန်းကို ကျောထောက်နောက်ခံ ပြုနေ သူ တွေနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတောင်မှပဲ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဖြစ်စဉ်ကာလတုန်းက ဒီစီမံကိန်းဟာ “အားလုံးအတွက် အကျိုးရှိတဲ့ အခြေအနေတခုပါ (A win-win situation)” လို့ ပြောခဲ့သေးတာပဲ။ သူ့နိုင်ငံပိုင် ဒေဝူးအင်တာနေရှင်နယ် (Daewoo International) ကုမ္ပဏီက စီမံကိန်းမှာ အစုကြီးတစု ပိုင်ထားတာကိုး။ ဒါ့ပြင် ဒီစီမံကိန်းကနေ ငွေလုံးငွေရင်းရကြမယ့် အိန္ဒိယ၊ ကိုရီးယား၊ တရုတ် နဲ့ မြန်မာအစိုးရတွေ ပြီးတော့ နိုင်ငံတွေကြားက အာဏာချိန်ခွင်ညှာ စတာတွေကလည်း စီမံကိန်းဘက်မှာ အခိုင်အမာ ရပ်တည်နေကြသေးတယ်လေ။
ဒါပေမယ့် ဒီစီမံကိန်းကနေ လယ်သမားတွေရတဲ့ အကျိုးအမြတ်ကတော့ ပြည်သူလူထုကြားမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ချ ယုံကြည်မှု တစထက်တစပိုရှိလာပြီး မိမိတို့ရဲ့ဆန္ဒကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်နိုင်စွမ်း ရှိလာတာပါပဲ။
ထွက်တဲ့ စွမ်းအင်ကို အိမ်နီးချင်းနိုင်ငံတွေဆီ ရောင်းချပြီး ရလာမယ့်အကျိုးအမြတ်ကို ကိုယ့်အိတ်ထဲထည့်မယ့် မြန်မာ အစိုးရ ရဲ့ စိတ်အား ထက်သန်မှုကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ လျှပ်စစ်မီး ထပ်တလဲလဲ ပြတ်တောက်နေမှုကို ပြည်သူ ထောင် ပေါင်းများစွာက ဆက်လက် ဆန္ဒပြနေကြဆဲပါ။
ဆန္ဒပြတောင်းဆိုမှုတွေက ဗမာတွေကြီးစိုးတဲ့ မြို့ပြတွေမှာ အများစုဖြစ်ပွားနေကြတယ်ဆိုပေမယ့် ဒီဆန္ဒပြမှုတွေဟာ သီပေါလယ်သမားတွေရဲ့ နစ်နာချက်တွေကို ပဲ့တင်ရိုက်ခတ်တာမို့ လယ်သမားတွေအနေနဲ့ မျှော်လင့်မထားတဲ့ မဟာမိတ်တွေ ရလာနိုင်ပါတယ်။ ဒါ့ပြင် ဒီဆန္ဒပြမှုတွေဟာ အနောက်နိုင်ငံတွေက မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့ အာသာငမ်းငမ်းတက်နေကြတဲ့အချိန်မှာ ဖြစ်ပွားနေတာဖြစ်ပြီး မြန်မာပြည်ရဲ့ စွမ်းအင်ဖြန့်ဖြူးမှုမှာရော နိုင်ငံရေး အာဏာခွဲဝေမှုမှာပါ ဘယ်လိုခြစားမှုတွေ ရှိနေတယ်ဆိုတာကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။
The Distribution of Power in Burma by Francis Wade ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။