ဆောင်းပါး

မင်းကိုနိုင်၊ ကျောင်းသားအရေးနဲ့ အော်စလို ဆွေးနွေးဝိုင်း

This article has been converted from Zawgyi One to Unicode

နော်ဝေနိုင်ငံကို ရောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ဟာ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က အော်စလိုတက္ကသိုလ်မှာ ဟောပြောပွဲတခု ကျင်းပခဲ့ပါတယ်။ ”The role of students in Burma’s development”  မြန်မာနိုင်ငံ ဖွံ့ဖြိုးတက်ရေးနဲ့ ကျောင်းသားများရဲ့ အခန်းကဏ္ဍလို့ အမည်ပေးထားတဲ့ ဒီဟောပြောပွဲဆီ မြန်မာအပါအဝင် ပရိဿတ် ၁၀၀ နီးပါးတက်ပါတယ်။

ထူးခြားတာကတော့ အဖွင့်စကားပြောသွားတဲ့ အော်စလိုတက္ကသိုလ် ပါမောက္ခဟာ ပြီးခဲ့တဲ့လအတွင်းကမှ မြန်မာနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေးဖွံံ့ဖြိုးဖို့၊ မြန်မာနဲ့ နော်ဝေးတက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ သွားရောက်ဆွေးနွေးခဲ့သူဖြစ်ပါတယ်။ တခါ ထူးထူးခြားခြား မြန်မာနိုင်ငံမှာ ဆရာဝန်ဘွဲ့ရပြီး အော်စလိုတက္ကသိုလ်မှာ မဟာတန်း လာတက်နေတဲ့ မန္တလေးက ကျောင်းသားတဦးကိုလည်း ဟောပြောပွဲမှာ တွေ့ရပါတယ်။

ကိုလိုနီခေတ်ကနေ ၁၉၈၈ ခေတ်အထိ ကျောင်းသားလှုပ်ရှားမှုသမိုင်းကြောင်းကို ကိုမင်းကိုနိုင်က ၁၀ မိနစ်ခန့်ပြောပါတယ်။ ပြီးတော့ ပရိဿတ်နဲ့ အမေးအဖြေကဏ္ဍပေါ့။ ပရိဿတ်က အမေးအမြန်းထူပါတယ်။ မေးတဲ့လူတချို့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအကြောင်း သုတေသနလုပ်နေတဲ့ တက္ကသိုလ်ဆရာတွေဖြစ်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံအတွင်း လူပေါင်း ၃၀၀၀ လောက် အသတ်ခံရပြီး စစ်တပ်အကြမ်းဖက် နှိပ်ကွပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အတိုက်ခံတွေဘက်ကလည်း သေနတ်ကိုင်ပြီး အကြမ်းဖက်တဲ့နည်းနဲ့ ပြန်တိုက်တာပဲ မဟုတ်လား၊ အကြမ်းဖက်တာဟာ စစ်တပ်ဘက်က တခုတည်းလို့ ဘယ်ပြောလို့ရမလဲ တဲ့။ အဲဒါ မင်းကိုနိုင်အတွက် အော်စလိုတက္ကသိုလ်ရဲ့ ပထမဆုံးမေးခွန်းပါ။

”လက်နက်ကိုင် တော်လှန်ရေး ဆိုတာဟာ လိုအပ်ချက်အရ ပေါ်လာတာ ဖြစ်ပါတယ်” လို့ မင်းကိုနိုင်က ဖြေပါတယ်။ အခြေနေတခုမှာ အော်တဲ့လူက အော်ပြောမယ်။ တုတ်ကောက်ပြီး ပြန်ရိုက်သင့်ရင် ရိုက်ရမယ်။ ခဲနဲ့ပေါက် တန်ပေါက်ရမယ်။ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်ဖို့ လိုပါတယ်လို့ သူကပြောပါတယ်။ မင်းကိုနိုင် ဒီလို ပွင့်ပွင့်လင်းလင်းပြောတာကို ကြားရတော့ ဘေးနားမှာထိုင်နေတဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်း တချို့ လက်ခုပ်ထတီးပါတယ်။

ဒါပေမယ့် မင်းကိုနိုင် ဆက်ပြောတာက ဒီနည်းဟာ အမြဲတန်း ရှိနေလို့တော့ မရဘူး။ လိုအပ်ချက်အရ ပေါ်လာတာဖြစ်တဲ့အတွက် လိုအပ်တဲ့ အချိန်အတိုင်းတာအတွင်းမှာပဲ ရှိနေသင့်တယ်။ အမြဲတန်း ရှိနေရမှာက အကြမ်းမဖက် လှုပ်ရှားမှုသာဖြစ်ပြီး အဲဒီနည်းထဲမှာ လူထုတရပ်လုံး ပါဝင်ရင် အောင်ပွဲရမှာဖြစ်တယ်။ ဥပမာ ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံကိုကြည့်ပါလို့ မင်းကိုနိုင်က ရှင်းပါတယ်။

ကျောင်းသားနဲ့ဆိုင်တဲ့ ဒုတိယ မေးခွန်းကတော့ ၈၈ အလွန် လက်ရှိ ဗကသနဲ့ ကျောင်းသားလှုပ်ရှားမှု အခြေနေ၊ တက္ကသိုလ်ပညာရေးပါ။ ဒီအတွက် မင်းကိုနိုင်က အခု ဒီအ ခန်းထဲမဝင်ခင် အပြင်နားက အဆောင်တခုရှေ့မှာ ”ကျောင်းသားပါလီမန်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို သူ တွေ့ မိကြောင်း၊ အတော်အံ့သြသွားကြောင်း အစချီပြီး မြန်မာနိုင်ငံမှာတော့ ကျောင်းသားပါလီမန် မပြောနဲ့ ကျောင်းသားသမဂ္ဂဖွဲ့တာကိုတောင် အာဏာပိုင်တွေက ကြောက်နေလို့ မနည်းကြိုးစားနေရတဲ့ အခြေအနေ ရှိနေဆဲလို့ပြောပြပါတယ်။

တကယ်ဆိုရင် ဒီမှာတွေ့ရတဲ့ ကျောင်းသားပါလီမန်မျိုး မြန်မာနိုင်ငံမှာလည်း မြင်ချင်ပါတယ်။ ”ကျောင်းသား ပါလီမန်မှာကတည်းက အသေအချာလေ့ကျင့်ထားတဲ့ လူငယ်တွေ တကယ့် ပါလီမန်ထဲ ရောက်သွားတဲ့ ခေတ်၊ ရောက်သွားတဲ့ စနစ်မျိုးဖြစ်လာအောင် ကျောင်းသားတွေကို လေ့ကျင့်ပေးခွင့်ရချင်ပါတယ်” လို့ မင်းကိုနိုင်ကပြောပါတယ်။

တတိယ မေးခွန်းထမေးသူကတော့ မြန်မာနိုင်ငံ (နယ်စပ်ဒုက္ခသည်စခန်းမှာလည်း ဖြစ်နိုင်ပါတယ်) မွေးပြီး နော်ဝေးမှာကြီးတဲ့ လက်ရှိ တက္ကသိုလ်တက်နေသူ အသက် ၂၀ ကျော် အရွယ် ကျောင်းသူတဦး ဖြစ်ပါတယ်။ ”အပြင်က ကျောင်းသား ကျောင်းသူတွေအနေနဲ့ အထဲမှာ ဘာတွေကူညီပေးနိုင်မလဲ” လို့ ရိုးရိုးလေး မေးသွားတာပါ။

မင်းကိုနိုင်ဖြေပုံကလည်း ရိုးရိုးလေးပါ။ ပညာရေး သမိုင်းက ၂ ပိုင်းရှိပါတယ်။ ပထမ တပိုင်းဖြစ်တဲ့ တော်လှန်ရေးကာလမှာ အသက်ပေးပြီး တိုက်ပွဲဝင်တဲ့ကျောင်းသားတွေ၊ ထောင်နန်းစံရတဲ့ ကျောင်းသားတွေ အများကြီးရှိခဲ့ကြောင်း၊ အခုချိန်မှာတော့ ဒီလိုပေးဆပ်တိုက်ပွဲဝင်ရတဲ့ အခြေအနေတွေကနေ လွန်မြောက်စေချင်ပါပြီ၊ ပြန်လည်တည်ဆောက်ရေး အပိုင်းကို ရောက်စေချင်ပါပြီလို့ နိဒါန်းချီပြီး အခုလိုပြောပါတယ်။

”အခု ဒုတိယပိုင်း ပြန်လည်တည်ဆောက်ရေးလုပ်တဲ့အခါ ပထမပိုင်းမှာ ပါဝင်ခဲ့သူတွေ တတ်ချင်လည်း တတ်မယ်၊ မတတ်ချင်လည်း မတတ်ဘူး။ ကျနော် ကိုယ်တိုင်ကတော့ တည်ဆောက်ရေးအတွက် ဘာမှမတတ်ဘူး” လို့ ပြောချလိုက်ပါတယ်။ ဒီအတွက် အခု မေးခွန်းထမေးတဲ့ ကျောင်းသူလေးအပါအဝင် မျိုးဆက်သစ် တတ်သိပညာရှင်တွေ လိုနေတယ်လို့ မင်းကိုနိုင်က ပြောပါတယ်။

အခုချိန်ထိ သူတွေ့မိသလောက်ကတော့ ပြည်ပရောက်မြန်မာတွေ၊ နိုင်ငံခြားသားတွေ အတော်များများဟာ ကျောင်းတွေဆောက်ဖို့၊ ကျောင်းသားတွေ စားဖို့၊ ဒုက္ခသည်တွေကို ကူညီဖို့ ငွေအား၊ ပစ္စည်းအား စသဖြင့် ရုပ်ဝတ္တုပစ္စည်းကူဖို့ပဲ ကမ်းလှမ်းတာများနေပြီး စနစ်တခုပြောင်းအောင် ကူညီဖို့၊ သင်ကြားရေးစနစ်အတွက် စဉ်းစားဖို့ သိပ်မတွေ့ရသေးဘူးလို့ မင်းကိုနိုင်က ထောက်ပြပါတယ်။

”ကျောင်းတွေပြင်ဖို့၊ ကျောင်းတွေဆောက်ဖို့ ကူညီတာကတော့ဟုတ်ပါပြီ၊ အဲဒီကျောင်းတွေဆောက်ပြီး သွားရင် ဘာစာတွေကို ဘယ်လိုသင်မှာလဲ” လို့ သူက မေးခွန်းပြန်ထုတ်ပါတယ်။ သင်ရိုးညွန်းတန်း အသစ် မရှိဘူးဆိုရင် စစ်တပ်က တိုင်းပြည်ကယ်တင်ရှင်ဖြစ်ကြောင်း၊ ကျေးဇူးရှင်ဖြစ်ကြောင်း လက်ရှိသင်နေဆဲ သင်ရိုးညွန်းတန်း အဟောင်းကိုပဲ ပြန်သင်နေရရင် အဲဒီကျောင်းသစ်ဟာ ဘာမှအဓိပ္ပါယ်မရှိဘူး လို့ မင်းကိုနိုင်က ထောက်ပြပါတယ်။

”Critical Thinking တွေ၊ Debate ယဉ်ကျေးမှုတွေ၊ Dialogue လုပ်တဲ့ အလေ့အကျင့်တွေပါတဲ့ ပညာရေးစနစ် တခု၊ Mindset ကိုပါပြောင်းနိုင်တဲ့ စနစ်တခု ကျနော်တို့နိုင်ငံမှာ ပြင်ဆင်ပြဌာန်းဖို့ လိုနေပါတယ်” လို့ မင်းကိုနိုင်ကပြောပါတယ်။

မြန်မာမိသားစုနဲ့ တွေ့ဆုံပွဲမှာရော၊  နော်ဝေ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာပါ အများဆုံးမေးတာက ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေးနဲ့ အနာဂတ်ပြည်ထောင်စု ပုံစံ အကြောင်းပါ။ ဒီမေးခွန်းကို ၄ ဦးလောက်က ဒေါင့်မျိုးစုံကနေမေးမြန်းပါတယ်။

မင်းကိုနိုင်က ”ခင်ဗျားတို့ဆီမှာ Ceasefire ကို ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ မသိဘူး။ ကျနော်တို့ဆီမှာတော့ Cease နဲ့ Fire ကို တခုစီခြားပြီး ပြောကြတဲ့အတွက် Cease လုပ်လိုက် ပြန်ပြီး Fire လုပ်လိုက် Cease လုပ်လိုက် ပြန်ပြီး Fire လုပ်လိုက်ဖြစ်ပါတယ်” ဆိုပြီး မင်းကိုနိုင်က အရွန်းဖေါက်ပါတယ်။ ပြီးတော့ ၁၉၄၈ လွတ်လပ်ရေးရတဲ့အချိန်ကစ လွတ်လပ်ရေးနဲ့အတူ တွဲပါလာတဲ့ ပြည်တွင်းစစ် သမိုင်းနောက်ခံအကျဉ်းကို ရှင်းပြပါတယ်။

ပထမပိုင်းမှာ Ism နိုင်ငံရေး အယူဝါဒပေါ် အခြေခံထားတဲ့ လက်နက်ကိုင်အဖွဲ့ပေါ်လာပြီး အဲဒီနောက်မှာ လူမျိုးစု လက်နက်ကိုင်တွေ ပေါ်လာကြောင်း၊ အခုချိန်မှာတော့ နိုင်ငံရေး အယူဝါဒပေါ် အခြေခံတဲ့ လက်နက်ကိုင်လှုပ်ရှားမှု မှေးမှိန်သွားပြီး အမျိုးသားရေးအခြေခံတဲ့ လက်နက်ကိုင်လှုပ်ရှားမှုက အားကောင်းလာတယ်လို့ မင်းကိုနိုင်ကပြောပါတယ်။

လူမျိုးစုတွေလိုလားတဲ့ ဖက်ဒရယ်မူဟာ တန်းတူရည်တူ အတူတကွ ပေါင်းစည်းနေထိုင်ခြင်းမူ ဖြစ်ပေမယ့် နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ဝါဒဖြန့်မှုကြောင့် ဖက်ဒရယ်ဆိုရင် လူတွေက မပြောရဲ မဆိုရဲ မတို့ရဲ မထိရဲ ဖြစ်နေကြတယ်လို့ သူကထောက်ပြပါတယ်။ ဒါကြောင့် ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို လေသံကျယ် ကျယ်နဲ့ပြောခွင့်ရတာတောင် အချိန်ကာလအားဖြင့် တနှစ်မပြည့်သေးဘူး။ ဖက်ဒရယ်ကို လူတွေအားလုံး နားလည်အောင် လုပ်သွားဖို့လိုတယ်လို့ဆိုပါတယ်။

”ကျနော်တို့ငယ်ငယ်က လူကြီးတွေခြောက်သလိုပေါ့ဗျာ။ ဟိုနားမသွားနဲ့ ကောင်ကောင်ကြီးကိုက်လိမ့် မယ်ဆိုတာမျိုး။ ဘာကောင်ကြီးမှန်းလည်း မသိဘူး။ တကယ်ကြောက်စရာလား၊ ချစ်စရာလားလည်း မသိဘူး။ မမြင်ရသေးတဲ့အရာနဲ့ အခြောက်ခံထားရတာမျိုးပေါ့” လို့ မင်းကိုနိုင်က ပြောပါတယ်။

နောက်တခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခဏခဏလုပ်နေပေမဲ့ တခါမှ ကောင်းကောင်း အောင်မြင်မှု မရသေးတာဟာ ပြည်သူတွေမပါသေးတာကြောင့် ဖြစ်တယ်လို့ သူကဆိုပါတယ်။ “အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ခင်ဗျားတို့ကြည့်ပါလား၊ ဟိုဖက်က ဗိုလ်ချုပ်နဲ့ ဒီဖက်ကဗိုလ်ချုပ်တွေ ထိပ်သီးအချင်းချင်း ပြောနေကြတာလေ။ ပြည်သူလူထုမပါသေးဘူး” လို့ မင်းကိုနိုင်က ထောက်ပြပါတယ်။

ပြီးတော့ Mindset ပြောင်းနိုင်ဖို့ အရေးကြီးကြောင်း သူကထောက်ပြပါတယ်။ ”စစ်သားတွေရဲ့ ထုံးစံက စစ်မြေပြင်မှာ လူများများသတ်နိုင်သူကို Hero အဖြစ်ဂုဏ်ယူကြပါတယ်။ ဒါပေမယ့် အခုခေတ်ပြောင်းသွား ပြီ။ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးလုပ်နိုင်သူကို Hero အဖြစ် သဘောထားနေကြပါပြီ” လို့မင်းကိုနိုင်က ပြောပါတယ်။

ဒီဆွေးနွေးပွဲအတွင်း နောက်ဆုံးမေးခွန်းကို ထမေးသူကတော့ မြန်မာနိုင်ငံထဲမှာ အလုပ်လုပ်ဖို့ပြင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတခုက အမျိုးသမီးတဦးဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အစိုးရက ဖန်တီးထားတဲ့ တီးကွက်ထဲ အတိုက်အခံတွေ လိုက်ကနေရတာမျိုးဖြစ်နေတယ် မဟုတ်လား တဲ့။

”အဲဒီလို Passive အမြင်တွေကို ကျနော် လက်မခံပါဘူး။ သူတို့ ပေးသနားတော်မူမှ ရတဲ့ဟာမျိုး မဟုတ်ပါဘူး။ အစိုးရကွင်းထဲမှာ ကျနော်တို့ ကစားနေရတာမျိုးလည်း မဟုတ်ပါဘူး” လို့ မင်းကိုနိုင်က ခပ်ပြတ်ပြတ် ပြောပါတယ်။ ပြီးတော့ ”တကယ်တန်းပြောမယ်ဆိုရင် ကျနော်တို့ပြောတဲ့အတိုင်း၊ ကျနော်တို့တောင်းဆိုခဲ့တဲ့အတိုင်း အစိုးရက လိုက်လုပ်နေရတာပါ။ ဒီမိုကရေစီလို့ကျနော်တို့ တောင်းဆိုနေ၊ ပြောနေတာကြာပြီ၊ အစိုးရက အခုမှ ဒီမိုကရေစီအကြောင်း စပြောနေတာလေ” လို့ သူကထောက်ပြပါတယ်။

”မတရားတဲ့ နည်းမျိုးစုံနဲ့ ရယူထားတဲ့အတွက် အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ သူတို့လက်ထဲမှာ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူလုထုရဲ့ မေတ္တာနဲ့ထောက်ခံမှုက ကျနော်တို့ဆီမှာ ရှိတယ်ဆိုတာကို ကျနော်ရဲရဲ ကြီးပြောရဲပါတယ်” လို့ မင်းကိုနိုင်က အားရပါးရ ပြောချလိုက်တော့ ပရိဿတ် အားလုံး မတ်တတ်ထရပ်ပြီး လက်ခုတ်တီးကြပါတယ်။ အခန်းနားကို အောင်မြင်စွာရုတ်သိမ်းကြောင်း ကြေငြာတဲ့သဘောပေါ့။

ကျနော့်အတွက်တော့ အခန်းအနားပြီးမှ မေးခွန်းက ပေါ်လာသလို ဖြစ်နေပါတယ်။ ခုနက အမျိုးသမီး မေးသွားတဲ့မေးခွန်းက ကျနော်စိတ်ထဲ ကပ်ပါလာနေဆဲ။ ”ဘယ်သူ့ တီးကွက်ထဲ ဘယ်သူတွေက ကနေရတာလဲ” ဆိုတာဟာ အရေးကြီးသလား။ ”တီးကွက်နဲ့ ကကွက်ညီဖို့” က ပိုအရေးကြီးသလား။

ရှေ့သီတင်းပတ်ကျရင် အော်စလိုကို ရောက်လာမယ့် သမ္မတဦးသိန်းစိန်ကို ဒီမေးခွန်းသွားမေးရင် ဘယ်လိုဖြေလေမလဲ၊ သမ္မတက အခုအချိန်မှာ ပြည်ပရောက် မြန်မာတွေနဲ့ တွေ့ဖို့စီစဉ်ထားတာဟာ ဒေါ်အောင်ဆန်းစုကြည်တို့၊ မင်းကိုနိုင်တို့နောက်ကို သမ္မတက လိုက်နေရတဲ့ သဘောမျိုးလား။ ဘယ်သူက ရှေ့ကသွားပြီး ဘယ်သူက နောက်က လိုက်နေရတာလဲ။

တီးကွက်က အရေးကြီးသလား၊ ကကွက်က အရေးကြီးသလား။ စင်ပေါ်က လူတွေ တီးပြ ကပြတာကို စင်အောက်က ကြည့်နေတဲ့ သန်း ၆၀ လူထုတွေရော နှစ်ခြိုက်သဘောတွေ့ရဲ့လား။ သူတို့အားလုံးပါ ဝင်ကနိုင်မယ့် အခြေအနေနဲ့ အချိန်အခါကရော ဘယ်တော့လဲ။

Loading