[irrawaddy_gallery]
မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ၁၉၈၈ လူထု အရေးတော်ပုံက ပေါက်ဖွားလာတဲ့ “မယ်တော် ဆေးခန်း” ခေါ် ကျောင်းသား ဆေးခန်းဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ပေါ်မှာ အခြေစိုက်ပြီး နှစ်ပေါင်း ၂၀ ကျော်အကြာ လူမျိုး၊ ဘာသာမရွေး အယုတ်၊ အလတ်၊ အမြတ် မခွဲခြားဘဲ အခမဲ့ ကုသပေးနေတဲ့ ဆေးခန်း ဖြစ်ပါတယ်။
၈၈ အရေးတော်ပုံ ကာလတုန်းက တောခိုခဲ့ကြတဲ့ အထဲမှာ ဆရာဝန်တွေ၊ ဆေးကျောင်းသားတွေ၊ သူနာပြုတွေလည်း ပါလာခဲ့ပြီး သူတို့တွေက စုပေါင်း တည်ထောင်ခဲ့တဲ့ အတွက်ကြောင့် ဒီဆေးခန်းကို မြန်မာအများစုက ကျောင်းသား ဆေးခန်းလို့ ခေါ်ကြတာပါ။
ဒီဆေးခန်းကို မြန်မာနိုင်ငံ အတွင်းကနေ နယ်စပ်ဖြတ်ကျော် လာရောက် ကုသသူတွေ၊ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ စစ်ပြေးဒုက္ခသည်တွေ အပါအဝင် အစိုးရ စစ်တပ်က ရဲဘော်တွေနဲ့ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေကလည်း လာရောက်ကုသကြပါတယ်။
လာရောက် ကုသသူတွေကတော့ အခြေခံ လူတန်းစား အများစု ဖြစ်ပြီးတော့ ပုံမှန်အားဖြင့် နေ့စဉ်တရက်ကို လူဦးရေ ၃၀၀ ဝန်းကျင်လောက် ကုသပေးနေရပါတယ်။ ဒီဆေးခန်းမှာ ပြည်တွင်းက လာကုတဲ့ အရေအတွက်က ၅၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံကို ရောက်နေတဲ့ ရွှေ့ပြောင်း မြန်မာ အရေအတွက်က ၅၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
ကျောင်းသားဆေးခန်း ဝန်းထဲကိုရောက်ရင်တော့ ထိခိုက်ဒဏ်ရာရလာသူတွေ၊ ကလေးလာမီးဖွားသူတွေ၊ ကလေးကာကွယ်ဆေး လာထိုးသူတွေ၊ ဖျားနာသူတွေ၊ ခြေထောက်အတု လာတပ်တဲ့ စစ်သားတွေ၊ ဒေသခံတွေ၊ မျက်စိလာခွဲစိတ်သူတွေ၊ ဆရာဝန်တွေ၊ သူနာပြု ဆရာ၊ ဆရာမတွေနဲ့ လူနာဆောင်ဌာနတွေ အသီးသီးနဲ့ နေ့စဉ် စည်ကားနေတဲ့ မြင်ကွင်ကို မြင်နိုင်ပါတယ်။
မျက်စိ ခွဲစိတ်ကုသတဲ့ ရက်မျိုးတွေဆိုရင်တော့ တရက်ကို လူဦးရေ ၄၀၀ ကျော် ၅၀၀ လောက်အထိ ရှိပါတယ်။ အတွင်းလူနာဆောင် မှာရှိတဲ့ လူနာ ၇၀ ရာခိုင်နှုန်းက မြန်မာ ပြည်တွင်းကနေ လာရောက် ကုသသူတွေပါ။ ဒါဟာ မြန်မာနိုင်ငံ အတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းချက်တွေကြောင့်လို့ ဆိုနိုင်သလို အလုပ်အကိုင် ရှားပါးမှုနဲ့ စီးပွားရေး ကျပ်တည်းမှုကြောင့်လို့လည်း ဆိုနိုင်ပါတယ်။
ဒီဆေးခန်းကို လာရောက် ကုသသူတွေထဲမှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သားတွေ၊ နယ်စပ် ကရင်ပြည်နယ်ထဲက ဒေသခံတွေ တင်မကဘဲ မြန်မာပြည် အလယ်ပိုင်း၊ အထက်ပိုင်း၊ အောက်ပိုင်းတွေဖြစ်တဲ့ မကွေး၊ မန္တလေး၊ စစ်ကိုင်း အပါအဝင် ဧရာဝတီတိုင်း စတဲ့ နေရာတွေက လူနာတွေတောင် တဆင့်စကား တဆင့်နားနဲ့ လာကုနေကြသူတွေ မနည်းပါဘူး။
ကျောင်းသားဆေးခန်းရဲ့ အတွင်းလူနာဆောင်မှာ ဇနီးသည် ကျန်းမာရေး ကုသမှုကို အဖော်အဖြစ် လိုက်ပါပြုစုပေးနေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတဦးက “ဒီမှာက လူနာအပေါ် ဂရုစိုက်မှု ကျနော်တို့ ဆီမှာထက် အရမ်းသာတယ်။ ရန်ကုန်လို နေရာမျိုးမှာ တက်ကုဖို့ဆိုတာက ပိုက်ဆံကို ရေလိုသုံးနိုင်ဖို့ လိုတယ်။ ကျနော်တို့က ပိုက်ဆံ မရှိဘူး၊ ဒီဆေးခန်းကိုလာဖို့ လမ်းစရိတ်ပဲ လိုတယ်။ ဒီမှာက နေထိုင် စားသောက်စရိတ်က အစ အခမဲ့ပဲ” လို့ ဆိုပါတယ်။
ပြည်တွင်း စစ်တွေကြောင့် နယ်စပ်ဒေသမှာ နှစ်ပေါင်းများစွာ နိုင်ငံမဲ့အဖြစ်နဲ့ ရပ်တည်နေကြရတဲ့ မြန်မာနိုင်ငံသားတွေ အတွက်လည်း ဒီ ကျောင်းသား ဆေးခန်းဟာ ကျန်းမာရေးအတွက် တခုတည်းသော မှီခိုအားထားရာနေရာ ဖြစ်ပါတယ်။
ဆေးခန်းရဲ့ သားဖွားဆောင် မှတ်တမ်းတွေအရ နှစ်စဉ် တနှစ်ကို ကလေး ၃၅၀၀ အထက် မွေးဖွားပေးထားတာ တွေ့ရသလို ဒီအထဲမှာ ကိုယ်ဝန်ဖျက်ချသူ အရေအတွက်ဟာလည်း နှစ်စဉ် တနှစ်ကို ၅၀၀ နဲ့ ၆၀၀ အကြားမှာ ရှိပါတယ်။ မွေးဖွားသူ အများစုကတော့ နိုင်ငံမဲ့ ရွှေ့ပြောင်း နေထိုင်နေကြရတဲ့ မြန်မာ တိုင်းရင်းသားတွေ၊ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ မြန်မာနိုင်ငံ နယ်စပ် မြဝတီမြို့ဘက်က ဒေသခံတွေပါ။
အဖျားတက်နေတဲ့ ကလေးကို ကျောင်းသား ဆေးခန်းမှာ လာပြတဲ့ အသက် ၃၅ နှစ် အရွယ် ကရင်အမျိုးသမီး တဦးက “မြန်မာ မှတ်ပုံတင်လည်း မရှိ၊ ထိုင်းက ပေးထားတဲ့ နေထိုင်ခွင့် အထောက်အထားလည်း မရှိတော့ ဒီအတိုင်းပဲ ခိုးနေရတယ်၊ အဲဒါမျိုး မရှိရင် ဆေးရုံတွေ ဆေးခန်းတွေ သွားဖို့ကလည်း မလွယ်ဘူး၊ ကုန်ကျစရိတ်ကလည်း မတတ်နိုင်ဘူးလေ။ ဒီဆေးခန်းမရှိရင်တော့ မလွယ်ဘူး။ ဒီကျမသားလေးတောင် ဒီမှာပဲမွေးတာ” လို့ သားကို ညွှန်ပြရင်း ပြောပါတယ်။
သူတို့တွေဟာ မဲဆောက်မြို့ပြင်ဘက်မှာရှိတဲ့ တောင်ယာခင်းတွေမှာ အလုပ်ကြမ်းလုပ်ကြတဲ့ သူတွေပါ၊ သူတို့ဟာ မြန်မာ နိုင်ငံသားတွေ ဖြစ်ကြပေမယ့် စစ်တွင်းကာလမှာ အိမ်တွေမီးရှို့ခံခဲ့ရသလို အိမ်ထောင်စု ဇယား အထောက်အထားတွေလည်း ပျောက်ဆုံးခဲ့ကြသူတွေ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို မှီခိုပြီး အလုပ်လုပ်ကိုင်နေတယ် ဆိုပေမယ့်လည်း နေထိုင်ခွင့် အထောက်အထားတွေ မရှိကြတဲ့အတွက် သွားရေးလာရေး ခက်ခဲနေသူတွေလည်း ဖြစ်ပါတယ်။
ကျောင်းသားဆေးခန်းက ခြေတု၊ လက်တု ဌာနရဲ့ ၂၀၁၃ ခုနှစ် မှတ်တမ်းတွေထဲမှာတော့ မိုင်းထိပြီး ခြေပြတ်၊ လက်ပြတ်တဲ့ အစိုးရ စစ်တပ်က ရဲဘော်တွေလည်း ဆေးလာကုတာ သိသိသာသာ တိုးလာတာ တွေ့ရပါတယ်။ ဒီဌာနမှာ လာရောက် ကုသသူ အများစုကတော့ ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ မြေမြုှပ်မိုင်းထိတဲ့ ဒေသခံတွေပါ။
ခြေထောက် ဒူးခေါင်း အထက်ထိ ပြတ်နေတဲ့ အစိုးရစစ်တပ်က ရဲဘော်တဦးက သူ့အနေနဲ့ အထက်မြန်မာပြည်ကနေ မဲဆောက်မှာရှိတဲ့ ကျောင်းသား ဆေးခန်းမှာ ခြေတုတပ်ဖို့ လာရောက်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပါသေးတယ်။
“ပြည်တွင်းမှာလည်း ခြေတု လက်တု ဌာနတွေ ရှိတယ်။ တပ်မတော်သားတွေ အတွက် အခမဲ့ဆိုပေမယ့် ဒီကထုတ်ပေးတဲ့ ခြေတုလောက် အရည်အသွေး မကောင်းဘူး။ ပိုက်ဆံကလည်း တဖက်လှည့်နဲ့ ပေးရသေးတယ်။ ဒီဆေးခန်းက ခြေတု ရလာတဲ့ သူငယ်ချင်း တယောက်ရဲ့ ခြေတုကိုတွေ့လို့ ဒီကို တကူးတက လာခဲ့တာ” လို့ ဆိုပါတယ်။
ကျောင်းသား ဆေးခန်းဟာ မဲဆောက်မြို့ပေါ်မှာပဲ အခြေချပြီး ကျန်းမာရေး စောင့်ရှောက်၊ ကုသမှုတွေ ပေးနေတာ မဟုတ်ဘဲ အစိုးရ စစ်တပ်နဲ့ ကရင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ခြေသလုံး အိမ်တိုင်ဘဝနဲ့ ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကိုလည်း ကွင်းဆင်းပြီး ဆေးကုသ စောင့်ရှောက်မှုတွေ ပေးနေတာပါ။
ဒါ့အပြင် မဲဆောက်မြို့နယ်ထဲနဲ့ နယ်စပ်မှာရှိတဲ့ နိုင်ငံသား အထောက်အထား မဲ့နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေ၊ ရွှေ့ပြောင်း လုပ်သားတွေရဲ့ ထောင်ပေါင်းများစွာရှိတဲ့ သားသမီးတွေအတွက် အခြေခံကနေ အထက်တန်းအဆင့်အထိ ကျောင်းတွေဖွင့်ပြီး ပညာသင်ပေးနေတာလည်း ရှိပါတယ်။
အခြေခံ လူတန်းစားတွေအတွက် ကျန်းမာရေး၊ ပညာရေး အားကိုး အားထားရာဖြစ်တဲ့ ကျောင်းသားဆေးခန်းကို ဦးဆောင်သူကတော့ “မြန်မာ မာသာထရီဆာ” လို့ လူအများ တင်စားခေါ်ဆိုနေကြတဲ့ ဒေါက်တာ စင်သီယာမောင်ပါ။ သူ့ကို လူမှုရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ဆောင်သူအဖြစ် အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြပြီး ၁၉၉၉ ခုနှစ်က စပြီး ဆုတံဆိပ် ၁၄ ဆု ချီးမြင့်ခံထားသူပါ။
တံခါးဖွင့်စ ပြုလာတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှာ ကျောင်းသား ဆေးခန်းကို ရန်ပုံငွေ ထောက်ပံ့နေတဲ့ အလှူရှင်တွေက မြန်မာနိုင်ငံအတွင်းကို အားရုံထားလာနေတဲ့ အတွက် ကျောင်းသားဆေးခန်း ရေရှည် ရပ်တည်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီအခြေအနေဟာ ဆေးခန်းကို မီခိုအားထား နေကြရသူတွေအတွက် စိန်ခေါ်မှုဆိုရင်လည်း မမှားနိုင်ပါဘူး။
လက်ရှိ အခြေအနေမှာတော့ ကျောင်းသားဆေးခန်းဟာ လက်ရှိ တည်ရှိနေတဲ့ နေရာကနေ တခြားတနေရာကို ပြောင်းရွှေ့ ရဖို့ လုံးဝ ကျိန်းသေနေတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။
နှစ်ဆန်းပိုင်းကာလမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ဝန်ကြီးဦးအောင်မင်းနဲ့ အဖွဲ့က ကျောင်းသားဆေးခန်းကို ဝင်ထွက်လေ့လာခဲ့ကြပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ လုပ်ပေးမယ်ဆိုတဲ့ နှုတ်ကတိတွေ ပေးခဲ့ကြပေမယ့် လက်ရှိအချိန်အထိ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ကူညီမှုကိုတော့ မမြင်တွေ့ရသေးပါဘူး။
နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုပင် ရှိပစေ နိုင်ငံ တကာက အဖွဲ့ အစည်းတွေ ဒါမှမဟုတ် မြန်မာအစိုးရတို့က တိုက်ရိုက် ကူညီပံ့ပိုးမှုတွေ ရှိနေမယ်ဆိုရင် ကျောင်းသားဆေးခန်းက နယ်စပ်မျဉ်း တလျှောက်မှာရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးနေဦးမှာ အမှန်ပါပဲ။