မော်တော်ဆိုင်ကယ်တစီးနဲ့ ယောက်ျားလေးတွေ မြေလမ်းလေးအတိုင်း ကမ်းခြေဆီကို အပြင်း မောင်းသွား ကြတဲ့ လမ်းတလျှောက်မှာတော့ တဒုန်းဒုန်းဆိုတဲ့ အသံတွေ လေထဲမှာ ပျံ့လွင့်ကျန်ခဲ့ပါတယ်။
အနီးအနားက ဝါးတဲတလုံး ပေါ်မှာတော့ လူငယ်တစု ပျင်းရိပျင်းတွဲနဲ့ ထိုင်နေကြပါတယ်။ သူတို့ထဲက တချို့က ဆံပင်ရှည်တွေနဲ့ ပါ။ ဒီလို အပူပင်မရှိ လွတ်လွတ်လပ်လပ် ခံစားမှုမှာ သူတို့တွေ အသားကျနေသလိုပါပဲ။
မြန်မာနိုင်ငံရဲ့ တောင်ဘက် အကျဆုံးနေရာ၊ ပိုပြီး တိတိကျကျ ပြောရရင် ထားဝယ်ကျွန်းဆွယ်က ကြိုဆိုလိုက် ပါတယ်။
ထိုင်းကမ်းခြေ ယဉ်ကျေးမှုတွေဟာ ကုန်းမြေချင်း ထိစပ်နေတဲ့ ဒီဘက်ကို လုံးလုံးလျားလျားကူးစက် မလာသေး ပေမယ့် ဖြစ်နိုင်ခြေ အနည်းငယ်တော့ ရှိပါတယ်။ ဒီလို ဖြစ်လာစေနိုင်တဲ့ အခြေအနေတွေ ဖြစ်တဲ့ ဖြူဖွေးတဲ့ သဲသောင်ပြင်တွေနဲ့ ပင်လယ်ရေ နွေးနွေးတို့ ဒီဘက်မှာလည်း ရှိနေလို့ ဖြစ်ပါတယ်။
တနင်္သာရီတိုင်း အတွင်းက သဘာဝအတိုင်း ရှိနေဆဲ ဖြစ်တဲ့ ဒီလိုကမ်းခြေတွေ ထိုင်းနိုင်ငံလို ဖြစ်လာဖို့ ကနဦး လက္ခဏာ တခု ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။
သတိထားမိ တာကတော့ အဲဒီ ဒေသမှာ နေထိုင်သူ လူအများစုဟာ ထိုင်းစကား ပြောဆိုကြတာ ပါပဲ။ ဒေသခံ ထားဝယ်လူမျိုး အများစုက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ သွားကြပါတယ်။ ဒေသအတွင်းမှာ စီးပွားရေး အပြောင်း အလဲ အနည်းဆုံး ဖြစ်နေတာတောင်မှ မြန်မာနိုင်ငံရဲ့ ဒီအစိတ်အပိုင်းက တခြား နေရာတွေနဲ့ နှိုင်းစာရင် နောက်ကျ ကျန်နေခဲ့ပါတယ်။
ဒါပေမယ့် အရင်ကနဲ့ စာရင် အဲဒီနေရာကို သွားဖို့ ပိုပြီး လွယ်ကူလာတဲ့ အတွက် ဒါက ပြောင်းလဲ နိုင်ပါတယ်။
မကြာသေးခင်ကမှ ထားဝယ်ကနေ ဘန်ကောက် ကားလမ်း ဖွင့်လှစ်လိုက်ကြောင့် ကုန်းလမ်း ခရီးနဲ့ဆို တရက်အတွင်း သွားရောက်နိုင်ပါပြီ။ ဒါကြောင့် ဒီနေရာကို ဗီဇာ စောင့်နေသူတွေ တထောက်နားတဲ့ နေရာ အဖြစ်လည်း ပြုလုပ်နိုင် ပါတယ်။ အနည်းဆုံးတော့ ဒီလို ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ နေရာကို ဧည့်သည်တွေ ပိုရောက်လာနိုင်ပါတယ်။
ခရီးသွားလုပ်ငန်း အလားအလာ
တလမ်းလုံးမှာ ဒုက္ခခံခဲ့ရပေမယ့် ကျနော် ရန်ကုန်ကနေ ထားဝယ်ကို ကားလမ်းကနေ သွား ကြည့်တဲ့အခါ စုစုပေါင်း ၁၈ နာရီ ကြာပါတယ်။ လေယာဉ်နဲ့လည်း သွားနိုင်ပါတယ်။ ဒါ့အပြင် မော်လမြိုင်ကနေတဆင့် ဖြည်းဖြည်း နှေးနှေး မောင်းတဲ့ ရထားကို စီးပြီးတော့လည်း သွားနိုင်ပါ တယ်။
ထားဝယ်မှာ တည်းခိုခန်းတွေ အများကြီး ရှိပါတယ်။ ထားဝယ်ကနေ မိနစ် ၃၀ လောက် ကားမောင်းသွားရတဲ့ နေရာမှာ ဖွင့်ထားတဲ့ မြန်မာ-ပြင်သစ် စုံတွဲတတွဲရဲ့ Coconuts အမည်ရှိ တည်းခိုခန်းမှာလည်း တည်းနိုင်ပါတယ်။ အဲဒီကနေမှ ၁၀ မိနစ်လောက် လမ်းလျှောက်သွားမယ် ဆိုရင် မောင်းမကန် ကမ်းခြေကိုလည်း ရောက်နိုင်ပါတယ်။
အဲဒီ တည်းခိုခန်းမှာ တည်းမယ် ဆိုရင်တော့ ရိုးရှင်းပေမယ့် သက်သောင့်သက်သာရှိတဲ့ အခန်း အတွက် တညကို ၂၅ ဒေါ်လာနီးပါး ပေးရမှာ ဖြစ်ပါတယ်။ အစားအသောက်တွေ အနေနဲ့ကလည်း လတ်လတ်ဆတ်ဆတ် ဖမ်းပြီး ချက်ပြုတ် ထားတဲ့ ပင်လယ်အစားအစာတွေကို အေးအေးဆေးဆေး ထိုင်နိုင်တဲ့ သစ်သားလေသာဆောင်ပေါ်မှာ စားပွဲ အနိမ့် လေးများနဲ့ တည်ခင်းဧည့်ခံပါတယ်။ တူနာငါး၊ ကင်းမွန်၊ ပုစွန်တုပ်နဲ့ မြန်မာအသုပ်များ၊ ယိုးဒယား သင်္ဘောသီးထောင်း များလည်း ရနိုင်ပါတယ်။
အလွန် တိတ်ဆိတ်တဲ့ နေရာတခု ဖြစ်နေဆဲ ဆိုပေမယ့် မောင်းမကန်ကို ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်မှု မြင့်မားလာမယ့် အလားအလာတွေ ရှိနေပါတယ်။ ကမ်းခြေရဲ့ညာဘက်မှာတော့ ဟိုတယ် အသစ်တလုံးရှိပြီး တခြား ဟိုတယ်တွေ ကတော့ ဆောက်လက်စ ဖြစ်ပါတယ်။ လတ်တလောအချိန် အထိ ကမ်းခြေမှာ အမှိုက်သရိုက်တွေ ဖုံးနေဆဲ ဖြစ်လို့ စီးပွားရေး လုပ်ငန်းသစ်တွေက စတင်ပြီး ရှင်းလင်းရေး လုပ်ပေးမယ်ဆိုရင် ပိုကောင်းမှာပါ။
ထားဝယ်ကနေပြီးတော့ တောင်ဘက်နဲ့ မြောက်ဘက်တွေမှာ ရှိတဲ့ တခြားကမ်းခြေတွေ ကိုလည်း သွားနိုင်ပါတယ်။ မြောက်ဘက်ကို သွားရင်တော့ ဒီဒေသရဲ့ ရတနာတခုလို့ ဆိုနိုင်တဲ့ နဘူးလည် ကမ်းခြေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာဟာ နောက်ပိုင်းမှာ မရှိနိုင်တော့တဲ့ အတွက် ကျယ်ပြန့် ရှည်လျားတဲ့ အဖြူရောင် သဲပြင်ပေါ်မှာ ခံစားရတဲ့ ပျော်ရွှင်မှုဟာ တမျိုး ဖြစ်စေနိုင်ပါ လိမ့်မယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီနေရာဟာ ဘီလီယံ ၁ ဒသမ ၇ သန်း တန်ဖိုးရှိတဲ့ ထားဝယ် အထူးစီးပွားရေး ဇုန်ကြီး အကောင်အထည် ဖော်ဖို့ စီစဉ်ထားတဲ့ နေရာ ဖြစ်လို့ပါ။ ဒီ စီမံကိန်းကို ရပ်တန့်ထားပေမယ့် မကြာသေးခင်က ရရှိခဲ့တဲ့ သတင်းတွေ အရ မူလ ရင်းနှီးမြှုပ်နှံသူ Italian-Thai Development (ITD) နဲ့ ထိုင်း-ဂျပန် ဖက်စပ်လုပ်ငန်းသစ် တခုတို့ ပူးပေါင်းပြီး ပြန်လည် စတင်ဖို့ လုပ်ဆောင်နေပါပြီ။
တကယ်လို့ ရေနက်ဆိပ်ကမ်းတခု၊ စက်မှုဇုန်နဲ့ ဘန်ကောက်မြို့အထိ ကုန်စည်တွေကို ပို့ဆောင်ပေးနိုင်မယ့် အဝေးပြေး လမ်းသစ်ကြီးရဲ့ ခရီးဆုံးနေရာ ဖြစ်လာခဲ့ရင် ဒီကမ်းခြေဟာ အကောင်းအတိုင်း ပြန်ဖြစ်လာဖွယ် မရှိတော့ပါဘူး။
တောင်ဘက်ကို သွားမယ် ဆိုရင်တော့ မော်တော်ဆိုင်ကယ်ငှားပြီး မောင်းသွားရင် မိနစ် ၉၀ အတွင်း စိတ်ဝင်စားစရာ နေရာတချို့ဆီကို ရောက်ပါတယ်။ ပထမဆုံးအနေနဲ့ မြင်တွေ့ရမှာတော့ ဆမ်မာရီယာ ပင်လယ်အော်ရဲ့ လှပတဲ့ အကွေ့အကောက်တွေကို ခံစားရမှာဖြစ်ပြီး အဆုံးမှာတော့ စေတီတဆူ တည်ထားပါတယ်။
ကမ်းခြေ အနီးမှာရှိတဲ့ တခုတည်းသော တခြား အဆောက်အအုံ ကတော့ တံငါသည်တွေ အချိန်ဖြုန်း နိုင်ဖို့ အဓိက ထားတဲ့ ကျေးလက် ကော်ဖီဆိုင်လေး ဖြစ်ပြီးတော့ လက်ဖက်သုပ်နဲ့ ဘီယာလည်း ရနိုင်ပါတယ်။
တောင်ဘက်ကို နည်းနည်း ဆက်သွားမယ် ဆိုရင်တော့ တေဇစ်ကမ်းခြေကို ရောက်ပါတယ်။ လမ်းတလျှောက်မှာ လှပပြီး ချစ်စရာကောင်းတဲ့ ရွာတွေ၊ ကြမ်းတမ်းတဲ့ တောင်ပတ်လမ်းတွေကို ဖြတ်ကျော်ပြီးရင်တော့ ကမ်းခြေကို ရောက်ပါပြီ။
နယ်စပ်ထိစပ်မှုရဲ့ အားသာချက်
ထားဝယ်မှာ လည်ပတ်ပြီးသွားပြီ ဆိုရင်တော့ တဖက်နယ်စပ်ကို ဆက်သွားဖို့ အခက်အခဲ မရှိတော့ ပါဘူး။ အချိန် ၅ နာရီသာ ကြာမှာဖြစ်ပါတယ်။
မြန်မာဘက်အပိုင်းက ကားလမ်းတွေကတော့ တောင်တန်းတွေ တလျှောက် ဖြတ်သွားရပြီး ကြမ်းတမ်းပါတယ်။ မီနီဗင်ကား အသေးနဲ့ သွားမယ် ဆိုရင် တယောက်ကို ကားခ မြန်မာငွေ ၂ သောင်းကျပ် ပေးရပြီး လမ်းမှာ စစ်ဆေးရေးဂိတ် အတော်များများကို ဖြတ်ရပါတယ်။ တဂိတ်ရောက်တိုင်း ကျနော်တို့ရဲ့ ယာဉ်မောင်းက သေနတ်ကိုင် ထားတဲ့ သူတွေ (အစိုးရ ဘက်က ဖြစ်စေ၊ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့က ဖြစ်စေ) ရဲ့ လက်ထဲကို ပိုက်ဆံ ထည့်ပေးရ ပါတယ်။
နယ်စပ်ကို ဖြတ်ကျော်တာကတော့ ရှုပ်ထွေးပါတယ်။ ဘယ်လမ်းက သွားလို့ အဆင်ပြေနိုင်တယ် ဆိုတာကတော့ အသေအချာ မသိရ သေးပါဘူး။
ကျနော်နဲ့ တခြား ခရီးသွားတချို့က ပစ်ကပ်ကားမောင်းတဲ့ ထိုင်းအမျိုးသား တယောက်ကို ကျနော်တို့ကို ပို့ပေးနိုင်မလားလို့ မေးလိုက်ပါတယ်။ သူက သဘောတူလိုက်ပြီးတော့ လူသူမရှိတဲ့ နယ်မြေအတိုင်း ကီလိုမီတာ အနည်းငယ်လောက် ဖြတ်ကျော် ခေါ်ဆောင်သွားပါတယ်။ ကျောက်ခင်းထားတဲ့ လမ်းကြမ်းကနေ လေးလမ်းသွား အနက်ရောင် ကတ္တရာလမ်းပေါ်ကို ရောက်ပြီ ဆိုရင်တော့ ထိုင်းနိုင်ငံထဲကို ရောက်ပါပြီ။
ထိုင်းနိုင်ငံ နယ်စပ်စစ်ဆေးရေး ဂိတ်မှာတော့ တန်းစီနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လူတန်းရှည်ကြီးနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို မြင်တွေ့ရ ပါတယ်။
ထိုင်းနိုင်ငံထဲကို ရောက်ပြီ ဆိုတာနဲ့ ရက်ဂေး ဂီတကို ဖွင့်ထားတဲ့ ဘားဆိုင်တွေက သိပ်မဝေးတော့ ပါဘူး။ အဲဒီကနေ ကန်ချနာဘူရီကို ကိုယ်ပိုင်ကားနဲ့ သွားမယ် ဆိုရင် တနာရီလောက်ပဲ ကြာပြီး ဘန်ကောက် ဆိုရင်တော့ သုံးနာရီ လောက်ပဲ ကြာပါလိမ့်မယ်။
(၂၀၁၅ ခုနှစ် မတ်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော imon Lewis ၏ “Dawei and Beyond” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါသည်။)