အနည်းဆုံး လုပ်ခနှုန်းထားကို တရက်လျှင် ၃၆၀၀ ကျပ် သတ်မှတ်ကြောင်း အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားအဆင့် ကော်မတီက ဇူလိုင်လ ၂၉ ရက်နေ့က အဆိုပြုလိုက်ရာ အလုပ်ရှင်၊ အလုပ်သမားများ ဘက်မှ အသံပေါင်းစုံ ထွက်ပေါ်လာပြီး ဒီပြဿနာကို ဘယ်သူတွေ တာဝန်ယူ ဖြေရှင်းမလဲဆိုတဲ့ မေးခွန်း ထွက်ပေါ်လာပါတယ်။
အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ဦး ၃ ဖလှယ် ပါဝင်တဲ့ အမျိုးသားအဆင့် ကော်မတီက အနည်းဆုံး လုပ်ခ နှုန်းထားကို ငွေကျပ် ၃၆၀၀ နဲ့ အဆိုပြုလိုက်တဲ့အပေါ် လက်ခစားစနစ် အထည်ချုပ် လုပ်ငန်းရှင်တွေက လက်မခံနိုင်ကြသလို အလုပ်သမားတွေ ဘက်ကလည်း လက်မခံနိုင်ဘူးဆိုတဲ့ ထုတ်ပြန်ချက်တွေ အပြိုင်အဆိုင် ထွက်ပေါ်လာပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ အလုပ်သမား ကိုယ်စားလှယ်တွေက ဒီနှုန်းထားကို ထပ်တိုးစရိတ်တွေ ထပ်ပေါင်းမယ် ဆိုရင်တော့ လက်ခံပေးမယ်လို့ ဆိုပါတယ်။
လက်ခစားစနစ် အထည်ချုပ် လုပ်ငန်းရှင်တွေကတော့ အနိမ့်ဆုံး လုပ်ခလစာနှုန်းထားကို ကျပ် ၂၅၀၀ ကထက် ပိုမပေးနိုင်တဲ့ အကြောင်း၊ ၃၆၀၀ ကျပ်ဆိုရင်တော့ စက်ရုံတွေပါ ပိတ်ပြီး ပြန်ဖို့သာ ရှိတော့တဲ့အကြောင်း တရုတ်နဲ့ ကိုရီးယား လုပ်ငန်းရှင်တွေက တုံ့ပြန်လိုက်ပြီး စက်ရုံပေါင်း ၉၀ ကျော် ပိတ်သွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီလို ပြောဆိုချက်ကို ခြိမ်းခြောက်မှု ဖြစ်တယ်လို့ အလုပ်သမား ကိုယ်စားလှယ်တွေဘက်က ပြန်လည် စွပ်စွဲခဲ့ပြီး ကျပ် ၃၆၀၀ ထက်တော့ တပြားမှာ လျှော့မပေးနိုင်ဘူးလို့ တင်းခံခဲ့ကြပါတယ်။
အလုပ်ရှင်တွေဘက်က တနေ့ ၃၆၀၀ မပေးနိုင်ရတဲ့ အကြောင်းပြချက်အဖြစ် တိုင်းပြည်ရဲ့ အခြေခံ အဆောက်အဦ မပြည့်စုံမှုတွေကို ထောက်ပြခဲ့ပါတယ်။ လျှပ်စစ်မီး မမှန်လို့ စရိတ် ပိုကုန်တာ၊ မြေငှားခ ဈေးနှုန်းတွေ အဆမတန် မြင့်နေတာ၊ ပို့ဆောင်ရေးစရိတ် ကြီးမြင့်တာ၊ ကျွမ်းကျင်လုပ်သား ရှားပါးတာတွေ အပါအဝင် အလုပ်ရွှေ့ပြောင်းမှု နှုန်းတွေကိုပါ ထောက်ပြ ပြောဆိုပြီး လုပ်ခနှုန်းထားကို တိုးမပေးနိုင်ကြောင်း အကြောက်အကန် ငြင်းပါတယ်။
လုပ်ငန်းရှင်တွေ ပြောဆိုနေကြတဲ့ အခက်အခဲ လိုအပ်ချက်တွေ ဆိုတာကလည်း အစိုးရက ဦးဆောင်ဖြေရှင်း ပေးရမယ့် ပြဿနာတွေချည်းပါပဲ။
နိုင်ငံတော်ကနေ လုပ်ငန်းရှင်တွေကို ဘယ်လို ကူညီရမလဲဆိုတဲ့ အပိုင်းကတော့ လုပ်ငန်းရှင်တွေကို ကိုယ်တိုင် ပွင့်လင်းဖို့လိုပြီး လိုအပ်ချက်တွေကို ပါးစပ်ကနေ လျှောက်ပြောမနေဘဲ အချက်အလက်နဲ့ တင်ပြသင့်တယ်လို့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ချုပ် ဦးမျိုးအောင်က ပြောပါတယ်။
အလုပ်ရှင်တွေရဲ့ ထောက်ပြ ပြောဆိုချက်တွေထဲမှာ ကျွမ်းကျင်လုပ်သား ရှားပါးတဲ့ အချက်ကတော့ အမှန်ဖြစ်ပေမယ့် ဒေသတွင်း အာဆီယံ နိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ဖွံ့ဖြိုးမှုနိမ့်ကျနေသေးတဲ့ ကမ္ဘောဒီးယားလို နိုင်ငံထက် မြန်မာ အလုပ်သမားတွေရဲ့ လစာက နိမ့်နေလို့ အခုလို ကျပ် ၃၆၀၀ သတ်မှတ်မှုဟာ သိပ်အများကြီး မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။
စီးပွားရေး ပညာရှင် ဒေါက်တာ မောင်မောင်စိုးကတော့ အခုလို ပြဿနာတွေမှာ အဓိက တာဝန်ရှိတဲ့ သူဟာ အစိုးရ ဖြစ်ပြီး အစိုးရရဲ့ မူဝါဒ၊ လုပ်ရည်ကိုင်ရည်တို့နဲ့သာ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
ဦးမောင်မောင်စိုးက “အလုပ်သမားက အပျိုရည် ပျက်ပြီးသွားပြီလို့ ပြောရမှာပေါ့။ သူရသင့်ရထိုက်တဲ့ တန်ဖိုးနဲ့ မရဘဲနဲ့ ဒီလို ဖြစ်နေတာ ကြာပြီ။ ဒါသည် အစိုးရ မူဝါဒပိုင်းနဲ့ ဆိုင်တယ်။ အစိုးရ ကိုင်တွယ်ပြီး ရှင်းရမယ့်ဟာ တွေပေါ့။ အခုက လုပ်ငန်းရှင်တွေ ဘက်ကတောင်မှ နည်းနည်း ခပ်ကျယ်ကျယ်နဲ့ အော်လာပြီ။ ဒီလခ မပေးနိုင်ဘူး၊ ပိတ်ပြီး ပြန်မယ်ဆိုတာမျိုးတွေ” လို့ ပြောပါတယ်။
အလုပ်သမားတွေကို အခြေခံလုပ်ခ သတ်မှတ်မှုဆိုတာဟာ အလုပ်သမားတွေဘက်က စားဝတ်နေရေး စရိတ် (Cost of Living)၊ လုပ်သားတွေရဲ့ ကုန်ထုတ် စွမ်းအား (Labour Productivity) နှစ်ခုကြားမှာ ကြားချ စဉ်းစားရမယ့် ပြဿနာသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးကတော့ နိုင်ငံ လိုအပ်ချက်များစွာ ဖြစ်နေသေးတဲ့အချိန်မှာ အခုလို အနိမ့်ဆုံး လုပ်ခ သတ်မှတ်ရေးကို အစိုးရအနေနဲ့ စလုပ်တာ စောသွားတယ်လို့ ထောက်ပြ ပြောဆိုပါတယ်။
ဒေါက်တာ မောင်မောင်လေးက “အခုဖြစ်စဉ်မှာ လုပ်တာ ကိုင်တာတွေ နည်းနည်း စောသွားတဲ့ သဘောပဲ။ တရုတ်မှာ အနိမ့်ဆုံး လစာကိုကိုင်တာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ တော်တော်လေး အရှိန်ရပြီး နှစ်တော် တော်ကြာမှ ကိုင်တာ။ အခုက နိုင်ငံတော်က ဝင်ကိုင်တဲ့အချိန်မှာ နိုင်ငံတော်မှာလည်း အခြေခံက ဘာမှ မရှိသေးတဲ့အချိန် ဝင်ကိုင်လိုက်တဲ့ အတွက် ကမောက်ကမတွေ အကုန်ဖြစ်သွားတာ” လို့ ပြောပါတယ်။
မြန်မာ တနိုင်ငံလုံးမှာ အလုပ်သမားဦးရေ ၂၆ သန်းခန့်ရှိရာမှာ အခုအဆိုပြုချက်တွေကို အဓိက ကန့်ကွက် ငြင်းဆန်နေတဲ့ CMP လက်ခစား စနစ်လုပ်ငန်းတွေမှာ ရှိတဲ့ အလုပ်သမားဦးရေက ၂ သိန်းခွဲကျော်ပါပဲ။
အဲဒါကြောင့် ဒီလုပ်ငန်းဝန်းကျင်က အလုပ်ရှင်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် တခြား လုပ်သား သန်းပေါင်း များစွာကို အထိခိုက် မခံနိုင်တဲ့အကြောင်း အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပါတယ်။
အလုပ်သမား ကိုယ်စားလှယ် ဦးနော်အောင်က “အလုပ်သမားတွေရဲ့အခွင့်အရေး ဆိုတာကလည်း အလုပ်ရှင်တွေရဲ့ သဘောထားနဲ့လည်း ဆက်စပ်နေတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာက အကျိုးတူ စီးပွားဖက်ဆိုလည်း ဟုတ်တယ်။ ကျနော်ကတော့ အလုပ်ရှင်တွေရော၊ အလုပ်သမားတွေရော မာန်မာနချကြပြီး ညှိနှိုင်းအဖြေရှာတဲ့ လမ်းကိုသွားရင်တော့ ပိုပြီး အဆင်ပြေလာလိမ့်မယ်လို့ ပြောချင်တယ်” လို့ ပြောပါတယ်။
မြန်မာ့ စီးပွားရေးကို လေ့လာသူတဦးကတော့ အခုလို အလုပ်သမားတွေက အခြေခံ လုပ်ခနှုန်းထားတွေ တိုးမြှင့် တောင်းခံနေတာဟာ စားဝတ် နေထိုင်မှုစရိတ် ကြီးမြင့်လာတဲ့အတွက် ဖြစ်ကြောင်း၊ အခုလို ကြီးမြင့်တဲ့အတွက် ဝယ်ယူနိုင်စွမ်း နည်းပါးလာတာ၊ ဝယ်ယူနိုင်စွမ်း နည်းပါးလာတော့ ကုန်ဈေးနှုန်းကလည်း တက်နေရပြီး ကုန်ဈေးနှုန်း တက်နေရတာကလည်း ငွေကြေး ဖောင်းပွမှုကြောင့်လို့ သုံးသပ်ပါတယ်။
ဒီလို ငွေဖောင်းပွမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒနဲ့ ငွေကြေး မူဝါဒတွေနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။
စီးပွားရေး ပညာရှင် ဒေါက်တာ မောင်မောင်စိုးက “အစိုးရ ကိုယ်တိုင်ကပဲ လစာ လုပ်ခက ဒေသတွင်းမှာ တန်းမညီတော့ဘူး ဆိုရင် ဘာလို့ ဒီအလုပ်ရုံ စက်ရုံတွေကို ဖွင့်ခိုင်းနေတာလဲ။ နိုင်ငံခြားက လာမယ်ဆိုရင် အိမ်နီးနားချင်း တိုင်းပြည်တွေထဲက အနိမ့်ဆုံး လုပ်ခလောက်ကို ဒီမှာလည်း သူတို့ ပေးနိုင်ရမယ်။ အဲဒီပေးနိုင်မှု မပေးနိုင်မှုဆိုတာ အစိုးရကနေပြီးတော့ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေနဲ့ ပြောရမယ်။ ဒေသတွင်းမှာ ရှိတဲ့ အနိမ့်ဆုံးလုပ်ခမှ မဖြစ်နိုင်ဘူးဆိုရင် ဘာလို့ ပြည်တွင်းမှာ လာဖွင့်ခိုင်းနေတာလဲ” လို့ မေးခွန်း ထုတ်လိုက်ပါတယ်။